၁၉၈၈ ခုနှစ်မှ လက်ရှိအထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ ၁၆၀ ကျော်ရှိရာ ဦးရေ ၅၀ ၏ မိသားစုဝင်များကို ကျပ် ၁၀ သိန်းခန့်စီ ယခုနှစ်ကုန်ပိုင်း ထောက်ပံ့မည်

ပို့စ်တင်ချိန် - 12/04/2013 08:42:00 AM


၁၉၈၈ မှ လက်ရှိအချိန်ထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ ၁၆၀ ဦးကျော်ရှိရာ ၅၀ ဦးတို့၏ မိသားစုဝင်များအား ငွေကျပ် ၁၀ သိန်း ၀န်းကျင်စီ ယခုနှစ်ကုန်ပိုင်းတွင် ထောက်ပံ့ကူညီမှု ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က ပြောကြားသည်။

အဆိုပါ ထောက်ပံ့ကူညီမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့ ပူးပေါင်းကာ ကူညီခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးသွားသည့် မိသားစုဝင် ၆၀ ခုတို့၏စာရင်း ရှိထားပြီး ဖြစ်ကြောင်းနှင့် စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များ ဟုတ်မဟုတ် စိစစ်နေသည်ဟု ဦးမြင့်အောင်က ပြောကြားသည်။

"စစ်ကြောရေးနဲ့ ထောင်တွေထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်အယောက် ၅၀ ကို ထောက်ပံ့ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့တွေဆီကို ရောက်လာတဲ့ စာရင်းရယ် ကျွန်တော်တို့ ဆက်သွယ်လို့ ရတာတွေကိုရော စိစစ်နေတဲ့ အဆင့်ပဲ ရှိပါတယ်။ ၁၉၈၈ ယနေ့အထိဆိုတော့ လိပ်စာအပြောင်းအလဲတွေ ရှိတယ်။ ဆက်သွယ်မှုကို ကျွန်တော်တို့ စောင့်နေပါတယ်။ ဒီဇင်ဘာလကုန်လောက် ထောက်ပံ့ကူညီဖို့ စီစဉ်ထားပါတယ်။ ထောက်ပံ့ကူညီမှုအဖြစ် ကျွန်တော်တို့ ငွေသားပေးသွားမှာပါ။ လက်ရှိ ခန့်မှန်းထားတာတော့ ၁၀ သိန်းပတ်ဝန်းကျင်ပေးဖို့ စီစဉ်ထားပါတယ်" ဟု ဦးမြင့်အောင်က ပြောကြားသည်။

စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ကျဆုံးသွားသူများ၏ မိသားစုဝင်များကို အကူအညီ ပေးနိုင်ရေးအတွက် အဖွဲ့ဝင်ရှစ်ဦးပါသည့် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက် နေကြောင်းနှင့် လက်ရှိတွင် ထောက်ပံ့မှုကို အမှန်တကယ် ခံစားခွင့် ရရှိနေသည့် မိသားစုဝင် ၂၀ ခန့်၏ စာရင်းကို ရရှိထားကြောင်း ဦးမြင့်အောင်က ပြောကြားသည်။

၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သူ ၁၆၂ ဦး၏ စာရင်းကို ရရှိထားကြောင်း၊ ယင်း ၁၆၂ ဦးအနက်မှ ၅၀ ဦးကို ထောက်ပံ့ကူညီမှု ပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကူညီမှုပေးမည့် ၅၀ ဦး၏ မိသားစုဝင်များ စာရင်းစိစစ်ရာတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များကို ဦးစားပေး ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် သူများကိုလည်း ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ သိရသည်။

ဦးခင်ညွန့် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်စဉ် ကာလတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား အများအပြား ရှိခဲ့ပြီး စစ်ကြောရေးနှင့် ထောင်တွင်းသေဆုံးသူ အများအပြား ရှိခဲ့သော်လည်း ဦးခင်ညွန့်က ၎င်း၏ စာအုပ်မိတ်ဆက်ပွဲတွင် အစိုးရ အနေဖြင့် အားလုံးစုပေါင်းကာ အဖွဲ့ဝင်အားလုံး၏ ဆန္ဒဖြင့် စုပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ၎င်းတစ်ဦးတည်း အနေဖြင့် ထူးပြီးဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ကာ ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်အား ဖြေကြားရာတွင် နိုင်ငံရေး အကျဉ်းသား ဟူသည်မှာ ပြစ်ဒဏ်ရှိသဖြင့်သာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန်အတွက် အပြစ်မရှိဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
Eleven Media Group