ဘာကြောင့် တစ်နေကုန် ဗိုက်ဆာသလိုဖြစ်နေရတာလဲ

ပို့စ်တင်ချိန် - 2/09/2014 06:20:00 PM


          တစ်ခါတစ်ရံ ကျွန်ုပ်တို့မှာ ခါတိုင်းစားနေကျထက် ပိုစားပြီးတာတောင်မှ ဗိုက်ဆာသလို ဖြစ်နေတတ်ပါတယ်။ ဗိုက်ထဲကမြည်သံဟာ ဘေးအိမ်က အိမ်နီးချင်းတောင် ကြားမယ်ဆို ကြားနိုင်လောက်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အစားအစာမှာပါဝင်တဲ့ တချို့သောပစ္စည်းတွေဟာ ဗိုက်ပြည့်နေတာတောင်မှ အစာအိမ်ကို ကျေနပ်မှုမပေးစွမ်းနိုင်ပါဘူး။

ဒီလိုခံစားနေရခြင်းရဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းလေးတွေကတော့ -

(၁)     မနက်စာကို လုံလောက်စွာ မစားဖြစ်ခြင်း

          ထပ်ပြောရပါဦးမယ်။ မနက်စာဆိုတာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစားအစာ ဖြစ်ပါတယ်။ နေ့တစ်နေ့ကို အစပြုတဲ့နေရာမှာ မှန်ကန်တဲ့ ကယ်လိုရီအရေအတွက်နဲ့ အဟာရဓါတ်တွေနဲ့ စတင်ဖို့လိုပါတယ်။ မနက်စာ လုံလောက်စွာ မစားဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းသကြားဓါတ်နှုန်းဟာ မတည်ငြိမ်ဘဲ မြင့်တက်နေတာကြောင့် သင့်ရဲ့အစာအိမ်ဟာ တစ်နေ့တာလုံး ဗိုက်မပြည့်သလို ခံစားရတတ်ပါတယ်။

(၂)     လဖက်ရည် မသောက်တတ်ခြင်း

          သင်ဟာ လဖက်ရည်မသောက်တတ်သူ တယောက်ဆိုရင်တော့ အလွန်ဆိုးတာပဲ။ အစားစားပြီး အနည်းငယ်အကြာမှာ လဖက်ရည်တစ်ခွက်သောက်ပေးခြင်းက သင့်ရဲ့ သွေးတွင်းသကြားဓါတ်နှုန်းကို ၁၀-၁၅ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။ လက်ဖက်ရည်သောက်ပေးခြင်းက သင့်ရဲ့ အစာအိမ်ကိုပြည့်နေစေပြီး မလိုအပ်ဘဲ တစ်နေကုန် တစ်ခုပြီးတစ်ခု လျှောက်စားနေခြင်းကနေ ကင်းဝေးစေပါတယ်။

(၃)     အိမ်တွင်းလုပ် အစားအစာများ မစားရခြင်း

          တစ်ခါတလေတော့လည်း အပြင်စာတွေပဲ အစားများပြီး ကိုယ့်အိမ်မှာလုပ်တဲ့ အိမ်တွင်းဖြစ် အစားအစာတွေ မစားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပြင်မှာအလွယ်ရနိုင်တဲ့ ဘာဂါတွေ ၊ ဆင်းဒ၀ှစ်ခ်ျ တွေက ကြိုတင်ပြုလုပ်ထားတာဖြစ်တာကြောင့် လတ်ဆတ်တဲ့ အဟာရကို မရနိုင်ပါဘူး။

(၄)     ဆိုဒါအသောက်များခြင်း

          ဆိုဒါနဲ့ ဆိုဒါကဲ့သို့သော သကြားဓါတ်ပါဝင်မှုများတဲ့ ဖျော်ရည်တွေ အလွန်သောက်သုံးခြင်းက သွေးလှည့်ပတ်မှုနှုန်းကို ကျဆင်းစေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အခြားလုပ်ဆောင်မှုတွေဖြစ်တဲ့ အစာ စားခြင်စိတ်ပိုမိုဖြစ်ပေါ်ခြင်းနဲ့ ကျွန်ုပ်တို့စိတ်ကို လှည့်စားခြင်းတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

(၅)     ရေကို လုံလောက်တဲ့ပမာဏရောက်အောင် မသောက်မိခြင်း

          ဆာလောင်မှုကို အကောင်းဆုံးဖြေဖျောက်နည်းကတော့ ရေပါပဲ။ တစ်ခါတစ်ရံ ရေသောက်ဖို့ မေ့လျော့နေတတ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓါတ် မရရှိတဲ့အခါ အစားအသောက်တွေကိုပဲ စဉ်းစားနေမိတတ်ပါတယ်။ တစ်နေကုန် ရေသောက်နေခြင်းက သင့်ကိုဗိုက်ပြည့်နေတယ်လို့ ခံစားရစေနိုင်ပြီး ၀ိတ်လျော့ဖို့ကိုလည်း အထောက်အကူပေးပါတယ်။

Ref:mensxp.com
Trend Myanmar