တနင်္သာရီ ရိုးရာ နဂါးလှေတော် အသစ်နှစ်စင်း ထပ်မံ ထွင်းလုပ်မည်

ပို့စ်တင်ချိန် - 3/31/2014 11:56:00 AM


မြိတ်   မတ်   ၂၈
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ရှေးဟောင်း ယဉ်ကျေးမှု ရိုးရာ အမွေအနှစ် နဂါးလှေ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် နဂါးလှေတော် အလှပြ   လှော်ခတ်  ပူဇော်ပွဲကို တနင်္သာရီမြစ် အတွင်း နှစ်စဉ် သီတင်းကျွတ် လဆန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ကြရာ  လာမည့်နှစ်တွင်  ပိုမိုစည်ကားသိုက်မြိုက်စွာ   ကျင်းပနိုင်ရေး အတွက် ချောင်းကြီး   ကျောင်းဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့်  နဂါးလှေတော် အသစ် နှစ်စင်း ထပ်မံပြုလုပ်  မည်   ဖြစ်ကြောင်း သိရသည်။

အဆိုပါ နဂါးလှေတော် နှစ်စင်း ပြုလုပ်ရန် အတွက် မတ်လ ပထမ ပတ်မှစပြီး သစ်လုံး ခုတ်ယူခြင်း လုပ်ငန်းစတင် လုပ်ကိုင်ခဲ့ပြီး နဂါးလှေ နှစ်စင်းအနက် တစ်စင်းကို စံကား စံပယ်သားဖြင့် အရင်း ၁၇ ပေ၊အလယ် ၁၅ ပေ၊ အဖျား ၁၄ ပေရှိသော အရှည် ၇၆ ပေဖြတ်ထားပြီး ဖြစ်ကြောင်းနှင့် မျက်နှာသစ် မျက်နှာဖွင့် မင်္ဂလာ ပြုလုပ်ပြီး ဖြစ်ရာ ၄၃ ဦး  လှော်ခတ် နိုင်မည် ဖြစ်ကြောင်း သိရသည်။ နောက် တစ်စင်းကို ပန်းသစ်ယာဟု ခေါ်သည့် အလွန် မာကြောသော သစ်လုံးကြီးဖြင့် ထွင်းလုပ်မည်ဖြစ်၍ အရင်းလုံးပတ် ၁၁ ပေ၊ အလယ် ၁ဝ ပေ၊အဖျား ၉ ပေခွဲ၊ အရှည် ၅၉ ပေရှိပြီး ၃၆ ဦး လှော်ခတ်နိုင်မည် ဖြစ်သည်။ ယင်း တနင်္သာရီ ရိုးရာ နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ပွဲသည် ချောင်းကြီး ကျောင်းတိုက် မဟာ ဘုံကထိန် အထိမ်းအမှတ် အဖြစ် ရှေးခေတ်၏ ဖွဲ့စည်းပုံ အတိုင်း နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ခြင်းနှင့် ဧဇာယဉ်ကျေးမှု အမွေအနှစ် များကို နှစ်စဉ် ဖော်ထုတ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ နဂါးလှေတော် လှော်ခတ်ရာတွင် နဂါးလှေဦး၌ ထိုင်သော မင်္ဂလာဦးပေါက်သည် လှော်တော် တစ်ခုလုံး၏ ဦးစီး ပဓာနဖြစ်ပြီး  မင်္ဂလာ ဦးပေါက် ဆရာ၏ လှော်ချက်နှင့်အညီ ဧဇာ လှေတော် တေးကဗျာကို လက်တန်းစပ် ဆို၍  နဂါးလှေထဲတွင်  ပါဝင်သည့်ဗုံ၊  မောင်း၊  နှဲ၊ စည်းဝါး တီးသူတို့ ကလည်း တစ်ပြိုင်နက် ဧဇာ အလိုက် တီးမှုတ်ကာ စာပေဂီတ ကဗျာကို   ဖော်ကျူး သရုပ်ပြခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီသတင်းစာ