အပူဒဏ်ကြောင့် မွေးမြူရေးကြက်ဥနှုန်းကျ

ပို့စ်တင်ချိန် - 5/04/2014 04:53:00 PM




ထားဝယ်၊ မေ ၃

ယခုနှစ်အတွင်း ပူပြင်းလာသည့် ရာသီဥတုဒဏ်ကြောင့် ထားဝယ်ဒေသတွင် မွေးမြူရေးကြက်များ ကြက်ဥ ဥနှုန်း ထိုးကျလျက် ရှိကြောင်း ထားဝယ်မြို့ ကြက်မွေးမြူရေး အသိုင်းအဝိုင်းက ပြောကြားသည်။

ယင်းပူပြင်းသော ရာသီဥတုကြောင့် ဥစားကြက်များသည် နေ့ခင်း အချိန်တွင် သောက်ရေများကိုသာ သောက်သုံးမှု များလာပြီး၊ ပုံမှန်ထက် အစာစားနှုန်း လျော့ကျသွားခြင်းကြောင့် ဥနှုန်း ကျဆင်းသွားရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။
“ယခင်နဲ့စာရင် ၁၀ ရာခိုင်နှုန်းလောက် ဥနှုန်း ကျဆင်းသွားတယ်။ ကြက်ဥ အရွယ်အစားတွေလည်း သေးကုန်တယ်” ဟု ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှ ကြက်ခြံပိုင်ရှင် တစ်ဦးက ဆိုသည်။

ယင်းသို့ ကြက်ဥ ဥနှုန်းကျဆင်းခြင်း၊ ကြက်ဥ အရွယ်အစားများ သေးလာခြင်းတို့ ကြုံတွေ့ရသော်လည်း ကြက်များရောဂါ ဖြစ်ပွား၍ သေဆုံးခြင်း မကြုံတွေ့ရသေးကြောင်း ဥစားကြက်ခြံ ရှင်များထံမှ သိရသည်။
“ကြက်တွေ အစာစားနှုန်း ကျဆင်းလာလို့ ညဘက်အေးတဲ့ အချိန်မှာ မီးထွန်းပြီး အစာထကျွေးနေရတယ်။ ညဘက် အေးတဲ့အချိန်မှာ ကြက်စာ ကျွေးကြည့်တော့ အစာစားလာတာ တွေ့ရလို့ ညဘက်ပင်ပန်းခံပြီး အစာ ထကျွေးနေရတယ်” ဟု လောင်းလုံးဒေသမှ ကြက်ခြံပိုင်ရှင် ဦးဝဏ္ဏက ဆိုသည်။

ယင်းသို့သော ရာသီဥတု ဒဏ်ကြောင့် ဥစားကြက်များ သေဆုံးနှုန်း မရှိသော်လည်း ကာလတို မွေးမြူရသည့် အသားစားကြက်များမှာ သေဆုံးမှုများ ရှိနိုင်ကြောင်း ဥစားမွေးမြူသူများက သုံးသပ် ပြောဆိုသည်။

ထားဝယ်ဒေသတွင် အသေးစား ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၆၀ ကျော်ရှိပြီး စာရင်းမဝင် သူများလည်း ထက်ဝက်ခန့်ရှိသည် ကြက်မွေးမြူရေး အသိုင်းအဝိုင်းထံမှ သိရသည်။

(Dawei Watch)

The Voice Weekly