ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ခံ ၊ ဗီယက်နမ်နှင့် မြန်မာတို့ လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းကစားမည်

ပို့စ်တင်ချိန် - 6/04/2014 09:22:00 PM


(၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဗီယက်နမ်အသင်းဘက်သို့ ချေပဂိုးသွင်းယူအပြီး မြန်မာကစားသမားများ အောင်ပွဲခံနေစဉ်(ဓာတ်ပုံ - ညီညီစိုးညွန့်))

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ၏ ကမ်းလှမ်းမှုကို သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

VFF သည် ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် ဗီယက်နမ်လက်ရွေးစင်အသင်း ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများကစားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ပြီးခဲ့သည့် ၂ဝ၁၂ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တွေ့ဆုံခဲ့ပြီး ကြည်လင်း၏ ပယ်နယ်တီချေပဂိုးဖြင့် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် လာမည့် ဇွန်လ တတိယပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး အသင်းကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းနှင့် ပြည်တွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယခုဖွဲ့စည်းမည့်အသင်းကိုလည်း လက်ရွေးစင်အသင်းအတွက်သာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ဇွန် ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ဆီရီဇိုအိုဆာကာအသင်း၊ ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်လက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းအသင်းကို ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်က ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group