သစ်တင်ယာဉ်များ ကျိုင်းတုံကို ညအချိန်ဖြတ်၍ တရုတ်သို့ တင်ပို့ဟုဆို

ပို့စ်တင်ချိန် - 6/04/2014 09:25:00 PM



ကျိုင်းတုံ၊ ဇွန် ၃

သံလွင်မြစ်ကို နည်းမျိုးစုံဖြင့် ဖြတ်ကျော်၍ တရားမဝင်သစ်များ သယ်ဆောင်လာသည့် သစ်တင်ယာဉ် များသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း၍ မိုင်းလားမြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း ကျိုင်းတုံ ဒေသခံများနှင့် အဆိုပါ သစ်ကုန်သည်ကြီးများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

သစ်ကုန်သည်များသည် ယခင်က ကျိုင်းတုံ-တာချီလိတ် လမ်းမှတစ်ဆင့် ကျိုင်းတုံမြို့ကို ဖြတ်သန်း သယ်ဆောင် ကြသော်လည်း လက်ရှိတွင် ကျိုင်းတုံ-တောင်ကြီးလမ်းရှိရာ ကျိုင်းတုံမြို့အဝင်၌ မြို့နယ် သစ်တောဦးစီးဌာနက နေ့ညမပြတ် စောင့်ဆိုင်းကာ တရားမဝင် သစ်တင်ယာဉ်များကို ဖမ်းဆီးနေ၍ ကျိုင်းတုံ-မိုင်းဆတ်လမ်းမှ ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း သယ်ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းသစ်ကုန်သည်ကြီးများနှင့် နီးစပ်သူ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

“အရင်ကဆို ကျိုင်းတုံ-တောင်ကြီး လမ်းကနေ ဝင်လို့ရတော့ လမ်းကြေးက တစ်စီး သိန်း ၃၀ ကျော်ပဲ ကုန်တယ်။ အခု အဲဒီလမ်းမှာ မြို့နယ် သစ်တောဦးစီးမှူး ကိုယ်တိုင် စခန်းထိုင်ပြီး ဖမ်းနေတော့ မိုင်းပျဉ်းကနေတစ်ဆင့် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်းကနေ ညအချိန် ဝင်ရတယ်။ ဖြတ်ရတဲ့ ဂိတ်တွေကလည်း အရင်ထက် တိုးတောင်းလို့ ဂိတ်ကြေးတင် သိန်း ၆၀ လောက်ကုန်တယ်။ သစ်ကုန်သည်တွေကလည်း တရုတ်ပြည် ရောက်ရင် ပိဿာချိန်နဲ့ ရောင်းရတာ ဆိုတော့ သူတို့အတွက် ကျန်လို့ အန္တရာယ် ရှိပေမယ့် နည်းမျိုးစုံနဲ့ ပို့နေကြတာပဲ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တရားမဝင်သစ်များနှင့် သစ်တောထွက် ပစ္စည်းများ ကျိုင်းတုံမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်နေခြင်းကို စီမံချက်များ ရေးဆွဲပြီး လိုက်လံ ဖမ်းဆီးနေကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လက်ရှိဘဏ္ဍာနှစ်၏ နှစ်လအတွင်း တရားမဝင်သစ် ၆၅ တန်နီးပါး ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

“ရှမ်းပြည်နယ် အရှေ့ပိုင်းသစ်တော ဦးစီးဌာနမှာ ကျိုင်းတုံ-မိုင်းဆတ် ခရိုင်နဲ့ တာချီလိတ်-မိုင်းဖြတ်ခရိုင် ဆိုပြီး ခရိုင်နှစ်ခု ရှိပါတယ်။ အဲဒီခရိုင် နှစ်ခုထဲမှာတော့ ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနကတော့ တရားမဝင် သစ်ဖမ်းဆီးရရှိမှု အများဆုံးပဲ” ဟု ၎င်းကဆိုသည်။

ကျွန်း၊ သစ်မာနှင့် အခြားတရားမဝင် သစ်လုံးနှင့် သစ်ခွဲသားမျိုးစုံကို ကျိုင်းတုံ-မိုင်းဆတ် ခရိုင်သစ်တော ဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၂၄၆ ဒသမ ၅၂၃၂ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ၆၀ ဒသမ ၂၇၈၂ တန်၊ တာချီလိတ်-မိုင်းဖြတ်ခရိုင် သစ်တောဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၆၁ ဒသမ ၃၆၀၁ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဧပြီလမှ မေလအထိ ၄ ဒသမ ၁၆၁၁ တန်ကို ဖမ်းဆီးနိုင်ခဲ့ရာ ပြည်နယ်တစ်ခုတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၃၀၇ ဒသမ ၈၈၃၃ တန်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ၆၄ ဒသမ ၄၃၉၃ တန်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းရှမ်းပြည်နယ် (ကျိုင်းတုံမြို့) သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသည် ဧရိယာ ၉,၆၅၆,၉၄၉ ဧကကျယ်ဝန်းပြီး သစ်တောကြိုးဝိုင်း ၁၁ ခု၊ ကြိုးပြင် ကာကွယ်တော ၁၆ ခု၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေနှစ်ခု အပါအဝင် သစ်တော နယ်မြေ စုစုပေါင်း ၂,၀၄၅,၂၄၃ ဒသမ ၀၄ ဧကရှိရာ သစ်တောဖုံးလွှမ်းမှု ၅,၈၀၇,၁၂၃ ဧက (၆၀ ဒသမ ၁၃ ရာခိုင်နှုန်း) ရှိသည်။

The Voice Weekly