ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံသပိတ်စခန်း မပိတ်သိမ်းလျှင် အကြမ်းဖက်ဖြိုခွဲပြီး အလုပ်သမားခေါင်းဆောင်များကို ထောင်ချမည်ဟု ခြိမ်းခြောက်

ပို့စ်တင်ချိန် - 6/08/2014 11:17:00 AM


ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံမှ အလုပ်သမားခေါင်းဆောင်များ သပိတ်စခန်း ရုပ်သိမ်းပေးရန်နှင့် မပိတ် သိမ်းလျှင် အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြလုပ် သားခေါင်းဆောင်များကို ဖမ်းဆီးထောင်ချ မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခြိမ်းခြောက်ပြောကြားကြောင်း သတင်းရရှိသည်။

စက်ရုံတွင် အလုပ်ပြန်ခန့် ပေးရန် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ် သမား ၇၀၀ ကျော်က မန္တလေး တိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် မန္တလေး-ကျောက်ဆည်ကား လမ်းဘေးရှိ ရတနာလင်္ကာရ ကျောင်းတိုက်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုနေသူများ ထဲမှ အလုပ်သမားခေါင်းဆောင် ၁၂ ဦးကို ဇွန်လ ၇ ရက် နံနက်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ခေါ်ဆောင်ပြီး ဆန္ဒပြသပိတ်စခန်း ရုပ်သိမ်းရန် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခြိမ်းခြောက်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအများစုက ပြောသည်။

‘‘သပိတ်စခန်းသိမ်းဖို့။ ပြီး ရင် လျော်ကြေးယူပြီး ကိုယ့်ရပ် ကိုယ့်ရွာ အေးအေးဆေးဆေး ပြန်ကြဖို့ ပြောတယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့က အကြမ်းဖက်ဖြိုခွဲမယ်။ အလုပ်သမား ခေါင်း ဆောင်တွေကို ပုဒ်မ ၅၀၅၊ ၁၄၇၊ ၁၄၃ တွေနဲ့ တရားစွဲထောင်ချမယ်လို့ဝန်ကြီးက ပြောတယ်။ ၀န်ခံကတိလက်မှတ်ထိုးခိုင်းတယ်။ မနက် ၁၀ နာရီလောက်မှာ ကျွန်တော်တို့ကို ဖမ်းခေါ်သွားပြီး ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးတယ်’’ ဟု အိုးဘိုထောင်သို့ ခေါ်ဆောင်ခံရပြီး ၀န်ခံကတိလက်မှတ်ထိုးခဲ့သော ကံကောင်းခြင်းရတနာ ဆန္ဒပြလုပ်သားခေါင်းဆောင် ကိုခိုင်မင်းက ပြောသည်။

  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့ နယ် ဘဲလင်းဒေသရှိ ကံကောင်း ခြင်းရတနာ သစ်အချောထည်စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမားစာချုပ်ချုပ်ဆိုမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလ ၂၀ရက်ခန့်မှ စတင်ကာ အလုပ်ရှင်အလုပ်သမား မပြေမလည်ဖြစ်နေခြင်း ဖြစ်သည်။

စာချုပ်ပါ အချက်အလက် အချို့ကို မကျေနပ်၍ လုပ်သား ၈၀၀ ခန့်က စာချုပ်တွင် လက် မှတ်မရေးထိုးသည်မှ စတင်ကာ အလုပ်ရှင်က လုပ်သားများအား ၀န်ထမ်းလိုင်းခန်းမှ အတင်းအ ကျပ်ဖယ်ရှားခိုင်းခဲ့သည်။ စာချုပ်  တွင် လက်မှတ်မထိုးခြင်းမှာ ကိုယ့်သဘောနှင့်ကိုယ် အလုပ် ထွက်ခြင်းဖြစ်သည်ဟု အလုပ်ရှင် က ကြေညာကာ လုပ်သား ၈၀၀ ခန့်ကို စက်ရုံဝင်းအတွင်း ၀င်ခွင့် မပေးတော့ပေ။ ထိုမှစတင်၍ အ လုပ်သမားများက ဆန္ဒပြတောင်း ဆိုနေပြီး ယနေ့ထိ မပြေလည် သေးဘဲ အခြေအနေ ပိုမိုတင်းမာ လာခြင်းဖြစ်ကြောင်း ဆန္ဒပြလုပ် သားများက ပြောသည်။

အလုပ်ပြန်ခန့်ရန်၊ ၀န်ထမ်း လိုင်းခန်းတွင် ပြန်နေခွင့်ပြုရန် နှင့် စာချုပ်ပါ အချက်အချို့ကို ပြင်ဆင်ချုပ်ဆိုရန် အလုပ်သမား များက တောင်းဆိုနေပြီး အလုပ် ရှင်ဘက်က ဆန္ဒပြလုပ်သားများ အား လုံးဝအလုပ်ပြန်ခန့်မည်မ ဟုတ်ဟု ငြင်းဆိုထားသည်။

ဆန္ဒပြလုပ်သားများမှာ မူလ က စက်ရုံအနီး ဆန္ဒထုတ်ဖော် တောင်းဆိုနေရာမှ ဇွန်လ ၆ ရက် တွင် မန္တလေးမြို့ဘက်သို့ ချီတက် လာပြီး လမ်းခရီးတွင် ရဲတပ်ဖွဲ့၏တားဆီးမှုကြောင့် ယခုအခါ ရတနာလင်္ကာရဘုန်းကြီးကျောင်းတွင် သပိတ်စခန်းဖွင့်နေခြင်းဖြစ် သည်။ ဆန္ဒပြလုပ်သား၅၀၀ ကျော်မှာ အမျိုးသမီးများဖြစ်သည်။

‘‘အလုပ်ရှင် အလုပ်သမား ပြဿနာကို အစိုးရက ကြားဝင် ညှိနှိုင်းပေးသင့်တယ်။ ဌာနဆိုင် ရာ တာဝန်ရှိသူတွေက နှစ်ဖက် နစ်နာမှုတွေကို ဘက်မလိုက်ဘဲ ပြေလည်အောင် ညှိနှိုင်းပေးရင် ကောင်းမယ်။ အခုတော့ အလုပ် ရှင်အလုပ်သမား မပြေလည်တာ ကနေ မလိုအပ်ဘဲ ပြဿနာတွေ ပိုကြီးလာတယ်’’ ဟု ဆန္ဒပြတောင်းဆိုရာသို့ မကြာခဏ သွားရောက်နေသည့် မန္တလေးမြို့ခံကို ညီညီကျော်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေးမြန်းရာညှိနှိုင်းနေဆဲဖြစ်ကြောင်း အလုပ်သမားရေးရာများ တာဝန်ယူနေရသည့် သစ်တောနှင့် သတ္တုဝန်ကြီးက  ပြန်လည်ဖြေကြားသည်။

ယင်းသစ်အချောထည်စက်ရုံတွင် အလုပ်သမား ၁၈၀၀ ခန့်ရှိပြီး အလုပ်သမား ထက်ဝက်ခန့်မှာ စာချုပ်သစ်ကိုသဘောတူလက်မှတ်ထိုးကာ ပုံမှန်အတိုင်း အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day News Daily