မင်္ဂလာပွဲတွင် ဘောလုံးကျွမ်းကျင်မှု ပြသခဲ့သည့် ဘောလုံးအတော့ ဘုရင်

ပို့စ်တင်ချိန် - 5/27/2014 08:05:00 AM






ဒန်နီရယ်လ် ကက်တင်သည် ခြေထောက်၊ ရင်ဘတ်၊ ဒူး အစရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် တော့ကစားနိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းသည် ဘောလုံးကျွမ်းကျင်မှုဆိုင်ရာ ကမ္ဘာ့စံချိန် အချို့ကို ရရှိထားသည်မှာ မဆန်းလှချေ။ သို့သော်လည်း ဆန်းသည့်အချက်မှာ တစ်ဘဝလုံးအတွက် အမှတ်ရစရာ နေ့တစ်နေ့ဖြစ်မည့် မင်္ဂလာဆောင်တွင်ပင် ဘောလုံးတော့နေခဲ့ခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ဒန်နီရယ်လ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆက်နွယ်သော အခမ်းအနား အချို့တွင် ၎င်း၏ ဘောလုံးပါရမီကို ပြသရန်အတွက် ဘရာဇီးလ်သို့ သွားရောက်မည် ဖြစ်သည်။

၎င်းသည် အသက်(၂၅)နှစ်အရွယ် ကယ်လီကက်တင်နှင့် လက်ထပ်ခဲ့ရာတွင် ဘုရားကျောင်းထဲရှိ မင်္ဂလာ လျှောက်လမ်းသို့ ဘောလုံးတော့ရင်း ဝင်ရောက်လာခဲ့သည်။ ကယ်လီသည် သူမ၏ ဘောလုံးရူး ခင်ပွန်းသည်၏ လုပ်ရပ်ကို အတန်ငယ် အံ့ဩပြီး ရယ်မောလျှက်ရှိသည်ကို တွေ့ရသည်။ ကယ်လီ၏ မိဘများကမူ အတန်ငယ် မျက်နှာညိုနေခဲ့ဟန် ရှိသည်။ အဆိုပါ မင်္ဂလာပွဲ အခမ်းအနား မှတ်တမ်းဗီဒီယိုကို You Tubeတွင် လွှင့်တင်ထားရ လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ အနည်းဆုံး လူပေါင်းနှစ်သိန်းခွဲမျှသည် ဒန်နီရယ်လ်နှင့် ကယ်လီတို့၏ မင်္ဂလာပွဲ အခမ်းအနား ဗီဒီယိုကို YouTubeတွင် သဘောတကျ ကြည့်ရှုခဲ့ကြသည်။



ဒန်နီရယ်လ်က မင်္ဂလာမဆောင်မီ (၂)ပတ်မျှ အလိုတွင် မိမိ၏ ဇနီးကို အံ့ဩအထင်ကြီးသွားအောင် လုပ်ပြမည့် အစီအစဉ်အား စဉ်းစားမိခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။ ဗြိတိန်နိုင်ငံ၊ ဘတ်ဒ်ဖို့ဒ်ရှိုင်းယား တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ဒန်နီရယ်လ်က “တကယ်တော့ ဘောလုံးတော့တာကို ကျွန်တော် ဝါသနာအရပဲ အစပြုခဲ့တာပါ။ ကျွန်တော့် တစ်ဘဝလုံး ဘောလုံးကို ခုံခုံမင်မင် ကစားခဲ့တာပါ။ ကျွန်တော့်အသက် (၁၆)နှစ်လောက်မှာတော့ ဘောလုံးကို ခေါင်းပေါ်မှာ ဟန်ချက်ညီညီ ထိန်းနိုင်အောင် စလေ့ကျင့်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ခုလို စွမ်းရည်ပြသမှုတွေကို အကြိမ်ပေါင်း ထောင်နဲ့ချီ လုပ်လာနိုင်ခဲ့တယ်လေ”ဟု ဆိုသည်။

၎င်းက “ဗြိတိန်က ပြိုင်ပွဲတချို့မှာ ကျွန်တော် ဆုတွေရပြီး ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်သစ်တချို့လည်း တင်နိုင်ခဲ့တယ်။ ခုတော့ ဒါဟာ ကျွန်တော့် အသက်မွေးအလုပ် ဖြစ်လာပြီး ကျွန်တော်ကလည်း ပျော်ပါတယ်။ ကယ်လီက ကျွန်တော့်ရဲ့ ဘောလုံးစွမ်းရည်တွေကို အကြိမ်ကြိမ် မြင်ဖူးပြီးသားပါ။ ဒါပေမဲ့ မင်္ဂလာပွဲနေ့မှာတော့ သူ့ကို အသစ်အဆန်း ပုံစံတွေ ပြမယ်လို့ ကတိပေးထားတယ်။ တကယ်လည်း သူအံ့ဩသွားတယ်လေ”ဟု ပြောကြားခဲ့သည်။

ဒန်နီရယ်လ် တင်ရှိထားသည့် ကမ္ဘာ့စံချိန်များတွင် ဘောလုံးကို ခေါင်းပေါ်တွင် ငြိမ်အောင်ထိန်းရင်း မီတာ(၁၀၀) ခရီးကို အမြန်ဆုံး ပြေးနိုင်သည့် စံချိန်လည်း ပါဝင်သည်။ ၎င်းသည် အဆိုပါ ကိစ္စကို (၁၈.၅၃)စက္ကန့်တည်းဖြင့် ဖြစ်မြောက်အောင် စွမ်းဆောင်ပြခဲ့သည်။ ဒန်နီရယ်လ်သည် ဘောလုံးကို အလှပြ ကစားမှု ကျွမ်းကျင်လွန်းသဖြင့် ၎င်း၏ မင်္ဂလာပွဲကြို အမှတ်တရ ဓာတ်ပုံများမှာလည်း သာမန်ထက် ထူးကဲနေသည်ကို တွေ့ရှိရသည်။

planet myanmar network