ဘောလုံးပြန်ကစားဖွယ်ရှိဟု ဒေးဗစ်ဘက်ခမ်း အရိပ်အမြွက်ပြော

ပို့စ်တင်ချိန် - 6/04/2014 03:10:00 PM


ဝေဘုန်းလူ
မီယာမီ၊ ဇွန် ၎

မီယာမီတွင်ကိုယ်ပိုင်တည်ထောင်မည့် မေဂျာလိဂ်ကလပ်နှင့်အတူ ဘောလုံးသမားဘ၀ကို ပြန်လည် စတင်ဖွယ်ရှိသည်ဟု ဒေးဗစ်ဘက်ခမ်းက အရိပ်အမြွက်ပြောသည်။

အသက် ၃၉ နှစ်ရှိ ဒေးဗစ်ဘက်ခမ်းသည် ပီအက်စ်ဂျီတွင် ကာလတိုဖြတ်သန်းပြီးနောက် နှစ် ၂၀ ကြာကစားခဲ့သော ကစား သမားဘ၀မှ အနားယူကြောင်း ၂၀၁၃ ခုနှစ် မေတွင် ကြေညာခဲ့သူဖြစ်သည်။ ဘီဘီစီ အစီအစဉ်တစ်ခုတွင်သရုပ်ဆောင်နေသော ဘက်ခမ်းက "ကစားသမား အသင်းပိုင်ရှင် ဆိုတာဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ရှိကောင်းရှိလာနိုင်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော် ဘက်စကတ်ဘောပွဲ ကြည့်ဖို့ရှိတယ်။ ကစားသမားတွေ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားနေကြတာကိုတွေ့ရရင် ကျွန်တော့်ကို စိတ်လှုပ်ရှားစေပြီး ကစားပွဲတွေထဲ ပြန်လာချင်စိတ်ပေါက်လာတယ်။ ပြီးတော့ ကျွန်တော် ပြန်ကစားသင့်လား၊ ကျွန်တော်ပြန်လာသင့်လား၊ အနားယူရာကနေ ဘောလုံးပြန်ကစားသင့်လား ဆိုပြီး အတွေးတွေဝင်လာတယ်" ဟု ပြောသည်။

နိုင်ငံအသင်းအတွက် ၁၁၅ ပွဲကစားခဲ့သည့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းသည် နိုင်ငံလေးနိုင်ငံ မှ ကလပ်အသင်းများနှင့် အဓိက ဆုဖလားများရယူထားနိုင်ပြီး အမေရိကန်ကလပ်အသင်းတစ်သင်းကို ပူးတွဲပိုင် ဆိုင်ရန် မျှော်လင့်နေသည်။ လော့စ်အိန်ဂျယ်လိစ်ဂလက်ဆီအသင်းတွင်ကစားစဉ်က စာချုပ်ပါအချက်အရ ၎င်းအနေဖြင့် မေဂျာလိဂ်တိုးချဲ့အသင်းသစ်တစ်သင်းကို ပေါင် ၂၅ သန်းဖြင့် ၀ယ်ယူခွင့်ရှိနေပြီး ၂၀၁၆ သို့မဟုတ် ၂၀၁၇ တွင် မီယာမီအခြေစိုက်အသင်းတစ်သင်းထွက်ပေါ်လာရန် ဘက်ခမ်းက ရည်မှန်းထားသည်။

ရည်ညွှန်း BBC
Mizzima Sport News