အောင်စာရင်း သွားကြည့်သူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရ၍ တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 6/09/2014 06:01:00 PM


ရန်ကုန်၊ ဇွန် ၈

ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မောင်းနှင်လာသော မာစီဒီးအမျိုးအစား ကိုယ်ပိုင်ယာဉ်မှာ ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်အနီး City Mart ရှေ့တွင် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မီးနီမိ၍ ရပ်နေသော စက်ဘီးနှင့် လူငယ်နှစ်ဦးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကောင်လေး နှစ်ယောက်က နယ်က အသိသူငယ်ချင်းတွေရဲ့ အောင်စာရင်းကို ဒဂုံ အထက (၂) မှာ သွားကြည့်ပြီး စမ်းချောင်းဘက်ကို ပြည်လမ်းအတိုင်း ပြန်လာတာ။ မီးပွိုင့်မိနေချိန် တစ်ဖက်ယာဉ်ကြောက ကားကအရှိန်နဲ့ မောင်းလာတုန်း စီယာတိုင်လည်း ဆွဲလို့မရ၊ ဘရိတ်လည်း မမိတော့တာကြောင့် အရှိန်မထိန်းနိုင် ဖြစ်ပြီး လူငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တာ” ဟု ဒဂုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲစု ၂၁ မှ ရဲအုပ် နေဝန်းလှိုင်က ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်ခံရသူ လူငယ်နှစ်ဦးမှာ မြေနီကုန်း မြောက်ရပ်ကွက် အောင်တော်မူလမ်းတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ်ရှိ ကိုခိုင်ဇော်မင်းနှင့် အသက် ၂၃ နှစ် အရွယ်ရှိ ကိုလှထွန်းတို့ နှစ်ဦးမှာ ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်များတွင် ပွန်းပဲ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကိုခိုင်ဇော်မင်းမှာ သေဆုံးခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ကောင်လေး နှစ်ယောက်လုံးက ဈေးရောင်းနေသူတွေပါ။ အဲဒီညက နယ်ဘက်က သူငယ်ချင်း အသိတွေက အောင်စာရင်း ကြည့်ပေးဖို့ ဖုန်းဆက်ပြောလို့ သွားကြည့်ရာက ယာဉ်တိုက်ခံရတယ်လို့ ကြားတယ်” ဟု မြေနီကုန်း မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယင်းယာဉ်တိုက်မှုကြောင့် မာစီဒီးယာဉ်မောင်း ကိုမျိုးမြင့်မောင်ကို ဒဂုံမြို့မ ရဲစခန်းက ယာဉ် (ပ) ၂၃/၁၄၊ ပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly