တရုတ် နိုင်ငံတွင် တိုင်ဖုန်း မုန်တိုင်း Fitow တိုက်ခတ် နှစ်ဦးသေဆုံး လေးသန်းကျော် မုန်တိုင်း ဒဏ်သင့်

ပို့စ်တင်ချိန် - 10/09/2013 09:11:00 AM




တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ်တွင် အောက်တိုဘာ ၆ရက် ညပိုင်းက တိုင်ဖုန်း မုန်တိုင်း Fitow တိုက်ခတ် ခဲ့ရာ မြေပြိုမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် နှစ်ဦး သေဆုံးပြီး ပြည်သူလေးသန်းကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရသည်။

အဆိုပါ သေဆုံးသူနှစ်ဦးဖြစ်သည့် တုန်းတူခရိုင် ဝမ်ကျို့ဒေသမှ အသက် ၅၅ နှစ်အရွယ် နီဝမ်လင်းနှင့် ကုံးနန်ခရိုင်မှ အခြားတစ်ဦးသည် မုန်တိုင်း တိုက်ခတ်စဉ်အတွင်းဖြစ်ပွား ခဲ့သော မြေပြို ကျမှုများကြောင့် သေဆုံး ခဲ့ခြင်းဖြစ် ကြောင်း ဝမ်ကျို့ရေလွှမ်းမိုးမှု ထိန်းချုပ် ရေးဌာနချုပ်၏ ဖော်ပြချက်အရ သိရသည်။

Fitow အမည်ရှိ တိုင်ဖုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၅၁ ကီလိုမီတာဖြင့် တိုက်ခတ်ခဲ့ပြီး ယခုနှစ် အတွင်း တရုတ် နိုင်ငံတွင် တိုက်ခတ်သော ၂၃ကြိမ်မြောက် တိုင်ဖုန်း မုန်တိုင်း ဖြစ်ကြောင်း အမျိုးသား မိုးလေဝသနှင့် ဇလဗေဒ ဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ကျဲကျန်းပြည်နယ် တစ်ခုလုံးတွင် အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီ မှ ၇ ရက် နံနက် ၈ နာရီထိ မိုးရေချိန် မီလီမီတာ ၁၃ဝ ဝန်းကျင်ခန့် ရွာသွန်းခဲ့သဖြင့် အနီရောင်အဆင့် အသိပေးချက် တစ်ရပ်ထုတ်ပြန် ခဲ့ရသည်ဟု သိရသည်။

ယင်းတိုင်ဖုန်း Fitow မုန်တိုင်း တိုက်ခတ်မှုကြောင့် ယွမ် ၂ ဒသမ ၂၈ဘီလီယံ (ဒေါ်လာသန်း ၆ဝ)ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ပြေးဆွဲနေသော အမြန်ရထား ၅၉စင်း၏ ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ ရကြောင်းနှင့် လေကြောင်း ခရီးစဉ် ၂၂ခုကို လည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။

မြ၀တီ