ဦးဝင်းတင်နဲ့ နောင်တမရခြင်းတရား (ဗိုလ်ခင်ညွန့်)

ပို့စ်တင်ချိန် - 6/16/2014 06:34:00 AM


အဘ စွဲမြဲစွာ ယုံကြည်ထားတာက အာဏာရှင်နဲ့ ဒီမိုကရက်တစ်ဟာ ဘယ်တော့မှ လက်တွဲမရဘူးဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကြီးမှာ တူတာ တွဲလုပ် မတူတာ ခွဲလုပ် ဆိုတာကို အဘအနေနဲ့ လက်မခံနိုင်ပါဘူး။ တိုင်းပြည်ရဲ့ပြသနာဟာ အမှိုက်လို ဖျာအောက် ထိုးထည့်ထားလို့မရဘူး ဆိုတာ တသွင်သွင် ပြောပါတယ်။ မတူတာကိုလည်း တူအောင် ညှိယူရမယ်လို့ သဘောထားပါတယ်။ ဒါပေမယ့်လို့ ခံယူချက်ချင်း သဘောထားချင်း အမြင်ချင်း မတူတာတွေဟာ တိုင်းပြည်ရဲ့ အဓိကပြသနာအဖြစ် ရှုမြင်သုံးသပ်သွားတာပါ။ အခုလက်ရှိအစိုးရဟာ စစ်တပိုင်းအစိုးရဖြစ်ပြီး စစ်အာဏာရှင်အသွင်ပြောင်း စစ်အာဏာရှင်ကိုပဲ ထပ်ကိုယ်စားပြုနေတာ တိုင်းပြည်မှာ နေထိုင်သူတွေ အကုန်အသိပါ။ ပြည်သူလူထုဟာ အခုဆိုရင် စစ်တပိုင်းအစိုးရ စစ်တပိုင်းလွှတ်တော် မျက်နှာဖုံး လုံးဝကွာကျအောင် ခွာချပြတော့မှာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့အ၀ှမ်း လုပ်ဆောင်နေတဲ့ ဟောပြောပွဲတွေ လက်မှတ်ကောက်ခံရေးလှုပ်ရှားမှုတွေဟာ အဲ့ဒီ မျက်နှာဖုံးခွာချနေတာပဲ ဖြစ်ပါတယ်။ အယောင်ဆောင် သဘောကောင်းပြတာလည်း ဇာတ်လမ်းပမာ နားဆင်စရာလို အဆုံးသတ်နေပါပြီ။ ဒီနေရာမှာ အဘ အယူအဆအရတော့ နောက်ကြောင်းပြန်ပြန် နောက်ဂျွမ်းပစ်ပစ် ဂရုစိုက်နေစရာ မလိုပါဘူး။ ဒီလိုလှုပ်ရှားမှုတွေ ဖြစ်လာဖို့ စတင် တိုက်တွန်းနှိုးဆော်သွားသူဟာ အဘဖြစ်ပါတယ်။ အဘက ဒီအစိုးရ၊ လွှတ်တော်၊ စစ်တပ်ကို အယုံကြည်မရှိ ဆိုတာ ကမ္ဘာသိ ပြောသွားပါတယ်။ ပြောတာကမှ ဒေါ်စု (အမေစုကို ဒေါ်စုလို့ အဘက အမြဲခေါ်တတ်လို့ပါ ကျနော် မရိုမသေ လုပ်တာ မဟုတ်ပါ) ကို အတိုက်အခံလုပ်ပြီးတော့ကို ပြောသွားတာပါ။

“ငါ့တယောက်တည်းကိစ္စကို ပြောရင်တော့ ပြီးတာတွေ ပြီးပါစေတော့ လုပ်လို့ရတယ်။ တတိုင်းပြည်လုံးကိစ္စဆိုရင်တော့ ဘယ်ရမလဲကွ။ ဒီလူတွေ တိုင်းပြည်ကို ၀န်ချရမယ်။ တောင်အာဖရိကလို အမှန်တရား စုံစမ်းဖော်ထုတ်ရေးလို ကော်မတီတွေ ဖွဲ့ရမယ်။ သူတို့ကြောင့် သေတဲ့လူ၊ ထောင်ချခဲ့တဲ့ လူတွေကို အစိုးရ လိုက်တောင်းပန်ဖို့ လိုတယ်။ နစ်နာကြေးတွေ ပေးရလိမ့်မယ်။ အခု ဗိုလ်ခင်ညွန့်ဆိုရင် လက်ရှိအစိုးရနဲ့ မဆိုင်တော့ဘူးကွ။ ဒါပေမယ့် ဒီနှစ်ဆယ့်ငါးနှစ်အတွင်း လုပ်ခဲ့တာမှန်သမျှ ဒီလူ့လက်ချက်မကင်းဘူး။ ဒီလိုလူကတောင် ပြီးတာတွေ ပြီးပါစေတော့ ဆိုတော့ … ခုနပြောသလို ၀န်ချခြင်း၊ တောင်းပန်ခြင်း အစရှိ လုပ်ဖို့ နေနေသာသာ … အရင်ဆုံး တိုက်တွန်းရမှာက ခင်ဗျားတို့တွေ ခင်ဗျားတို့အပြစ်တွေအတွက် နောင်တရကြပါလို့တောင် အရင်ပြောရမလိုပါပဲ … ငါ့ကောင်ရာ …”

ကောင်းပါပြီ။ အဘရဲ့ ကမ္ဘာမကြေစိတ်ထားကို ပြန်သွားကြည့်ရအောင်ပါ။ အဘက တယ်လီဖုန်း Rnig tone မှာတောင် ကမ္ဘာမကြေသီချင်း ထည့်ထားသူပါ။ တကယ်တမ်းကျတော့ အဘမူဝါဒအရ လူထုခံစားချက်အရ ကမ္ဘာမကြေစိတ် ထားနေတာဖြစ်ပါတယ်။ ကိုဖုန်းမော် နှစ်ဆယ့်ငါးနှစ်ပြည့်ပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်နားထောင်ရင် ...

“ကျနော်တို့ ဒီလူတွေကို လက်စားချေဖို့ အာဃာတထားတော မဟုတ်ဘူး … သို့သော် လူထုခံစားချက်အရတော့ ဒီစစ်အာဏာရှင်တွေကို အာဃာတနဲ့ အမှတ်အသားပြုရမယ် …”

ဆိုတာ ကမ္ဘာသိ ပြောသွားပါတယ်။ အဘက သင်ပုန်းမချေနိုင်ဘူးလားလို့ ကျနော် မေးခွန်းတွေ မေးမိပါတယ်။

“ဒီလိုကွ။ အခု ဒေါ်စုလက်ထက်မှာမှ မဟုတ်ဘူး ဦးနုလက်ထက်ကတည်းက “ချေနှစ်ချေ” သဘောတရားက ပေါ်ဖူးပြီးသား။ လက်စားချေမလား သင်ပုန်းချေမလားပေါ့ကွာ။ ဦးနုကတော့ သင်ပုန်းချေရေးပေါ။့ အခု ဒေါ်စုကလည်း သင်ပုန်းချေရေးပဲ ပြောနေတာဟုတ်လား။ သူတို့အနေနဲ့က ရတယ်ကွ။ သူတို့တစ်ဦးချင်း ဦးဆောင်နိုင်မှု၊ သူတို့တစ်ဦးချင်း ခေါင်းဆောင်နိုင်မှုတွေနဲ့ သင်ပုန်းချေတရား လက်ကိုင်ထားရတာ။ လူထုကျတော့ အဲ့သလို မဟုတ်ဘူးကွ။ မင်းကွာ ငါတို့စာပေမိတ်ဆွေတွေထဲမှာ သားက အပစ်သတ်ခံရတယ်။ သမီးက ထွက်ပြေးသွားရတယ်။ ယောက်ကျားက ထောင်ထဲသွားနေရတယ်။ ဒီလိုလူမျိုးအတွက် မဲတင်း၊ မောင်းတင်ပေးရမှာပေါ။့ ငါ့လည်း လူတော်တော်များများ ဒေါ်စု ကန့်လန့်တိုက်ပြောနေတယ် ဆိုပြီး အမုန်းပွားလွန်းပါတယ်။ ငါ့ကိစ္စမဟုတ်ဘူးကွ၊ လူထုကိစ္စ။ အဲ့ဒါကြောင့်ပဲ အမုန်းခံပြောနေတာ။”

တကယ်တမ်းကျတော့ သင်ပုန်းချေတာဖြစ်စေ လက်စားချေတာဖြစ်စေ သိပ်မမှန်ဘူးလို့ အဘက ထင်နေဟန်တူပါတယ်။ နောက်ပြီး ပြောစတမ်းဆိုရင် ဒီလူ ဒီလူတွေဟာ အဘကို နှိပ်စက်ကလူပြုခဲ့သူတွေပါ။ ဒါပေမယ့် အဘက သူ့တစ်ဦးချင်းကိစ္စအပေါ် ဘာခံစားချက်မှ ထားပုံမပေါ်ပါဘူး။ ဘာ့ကြောင့်ဆို သူ ဒီထောင်နှစ်နှစ်ဆယ်နီးနီး ကိစ္စကို ဘာမှသိပ်မပြောသလို၊ သူ့အပေါ် အမှုဆင် ဉာဏ်ထွင် ညစ်ပတ်ခဲ့တဲ့ စစ်တပ်အပေါ်တောင် အမုန်းစကား ပြောတာမျိုး မကြားဖူးပါဘူး။

အထူးသဖြင့်တော့ သူ့ကို အသက်ခြောက်ဆယ်ကျော်ခါမှ သွားတွေ ရိုက်ချိုးခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေအပေါ်တောင် ကောက်ချက်ချပြီး ဝေဖန်တာ နည်းပါတယ်။

အဲ့ဒီတလောဆီကတော့ အတော်လေး ရိုက်ခတ်သွားတဲ့ သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ လှုပ်ခတ်သွားပါတယ်။

အဲ့ဒါကတော့ အဘဦးဝင်းတင်နဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ဗိုလ်ခင်ညွန့်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံတပုံ Facebook အကောင့်တခုမှာ တင်ထားပါတယ်။ ပုံကတော့ အရေးမကြီးပါဘူး။ စာကတော့ အတော်လေးသွားတယ် ပြောရမှာပါ။ စာရေးထားတာက “ဦးခင်ညွန့်မှ ဦးဝင်းတင်ကို ထိုင်ရှိခိုးကန်တော့ပြီး တောင်းပန် …” ။ ထိုင်ရှိခိုးနေတဲ့ ပုံကိုတော့ နောက်ကျသွားလို့ မရိုက်လိုက်ရဘူး ဆိုပြီး တင်ထားတာပါ။ သတင်းသမားတွေ အပြေးအလွှား ဆိုသလို ကျနော့်ဆီ ဖုန်းဆက်အတည်ပြုကြပါတယ်။ ခက်တာက ကျနော်ကလည်း ပါမသွားဆိုတော့ … အဘဆီသာ မေးလို့ အသာပြန်ပြောပါတယ်။

အဘ ဖုန်းအခေါ်ခက်လို့ပဲလား၊ ခေါ်မရတာလား၊ အဘလိုပုဂ္ဂိုလ်ဆီ ဖုန်းဆက်ရမှာ မ၀ံ့ရဲလေသလားတော့မသိ၊ ကျနော့်ပဲ ထပ်ကာထပ်ကာ မေးနေပါတော့တယ်။ ကျနော်လည်း ကျနော့်ကိစ္စ လုံးလည်လိုက်နေရင်း၊ အဘဆီ ချက်ချင်းမသွားနိုင်ဆိုတော့ အခြေအနေက အတော့်ကို ဂွကျပါတယ်။ ဒီလိုသတင်းမျိုးဆိုတာကလည်း အတိမ်းစောင်းခံတာမျိုးမဟုတ်တော့ ပိုဆိုးနေတော့တာပေါ့။

ကျနော်လည်း ညနေကိစ္စတွေဖြတ် အဘဆီသွားပြီး သတင်းမေးရပါတော့တယ်။ အဲ့ဒီမှာ အာဏာရှင်တွေဟာ ဘယ်နံရောအခါမှာမှ နောင်တမရတတ်ကြောင်းကို အကြောင်းစုံ သိခွင့်ရခဲ့ပါတယ်။ အာဏာရှင်တွေ ဘယ်လိုစိတ်နေထားသလဲ … ဆိုတော့ …

“အဘက ဗိုလ်ခင်ညွနနဲ့ တိတ်တိတ်ကလေး ချိန်းတွေ့တာပေါ့လေ။ အဘကို သူ့န၀ဒေးပန်းချီပြခန်း လာကြည့်ဖို့ မဖိတ်သွားဘူးလား …”

ဆိုတော့ အဘက မချိပြုံးပြုံးပါတယ်။ အဘ Facebook ကိစ္စ မသိသေးပါ။ အဘ အဲ့ဒီသတင်းက အတော်လေး ပြန့်တယ်နော်ဆိုတော့ အေးပေါ့ကွာ။ ဒီလူတွေက တိုင်းပြည်မှာ ရာထူးကြီးကြီး ယူဖူးတဲ့ လူတွေဆိုတော့ သတင်းသမားတွေ စိတ်ဝင်စားတာ မဆန်းပါဘူးတဲ့။ အဲ့သလောက် ကိုယ့်ကိုယ်ကို နှိမ့်ချပြောဆိုတာပါ။ ဒီတော့ ကျနော် သဘောပေါက်သွားပြီးတော့ ခုန Facebook ကို ဖွင့်ပြပါတယ်။ အဘ မျက်နှာ နီရဲသွားပါတယ်။ စိတ်ဆိုးရင် ဖြစ်တတ်တဲ့ အဘရဲ့ လက္ခဏာတခုပါ။ ပြီးတော့မှ …

“လူတွေကလည်း ခက်တယ်ကွာ၊ ဒီလိုဟာမျိုး မလုပ်ကောင်းဘူးကွ။ သူလည်း မကောင်း၊ ငါလည်း မကောင်း၊ အထူးသဖြင့်တော့ ငါ့အဖို့ မကောင်းဖြစ်မှာပေါ့ကွာ။ ဗိုလ်ခင်ညွန့်အတွက်ဆို ကာဗာတာင် ဖြစ်သွားအုံးမယ်။ ဒီလူ မဆိုးဘူး၊ လူကြီးတွေနဲ့ တွေ့တော့လည်း တောင်းပန်ဖော်ရသားပဲ … ဆိုတာမျိုးအထိ ဖြစ်သွားမယ်ကွ …” တဲ့။

ဒါဆိုရင် အခုဖြစ်တဲ့သတင်း မမှန်ဘူးလား … ဆိုတော့ မှန်တ၀က် မှားတ၀က် တဲ့။ အဲ့ဒီလို သတင်းမျိုး ဘယ်တော့မှ မရေးမိစေနဲ့။ ပြည်သူကို အဆိပ်အတောက်ကျွေးတာနဲ့ အတူတူပဲ။ မှတ်ထား ငါ့ကောင် … တဲ့။ ကျနော့်ကိုတောင် သတင်းရေးသားနည်း သင်ဖြစ်အောင် သင်လိုက်သေးတယ်။ “အဖြစ်မှန် ရှင်းမှ ရမှာပေါ့ အဘ …” ဆိုတော့ ...

“ဒီလိုကွာ … ။ ကိုစိန်ဝင်း(ဂါးဒီယန်းဦးစိန်ဝင်း) ဆုံးတယ်ဆိုတော့ ငါ စိတ်မကောင်းဖြစ်သွားတယ်။ အခြားအရာတွေ ထားကွာ။ သူနဲ့ ငါနဲ့ နှစ်ပေါင်းများစွာ ခင်လာတဲ့ သတင်းသမားတွေ အဲ့ဒီတော့ သူ့အိမ် သတင်းမေးသွားတာပေါ့။ မအေးအေးဝင်းတို့ အဖေပေါ့ကွ …။ မင်းသိတယ်ဟုတ်လား။ အဲ့ဒီကိုစိန်ဝင်းအိမ် ငါငယ်ကပဲ လည်ဖူးတယ်။ ငါရောက်သွားတော့ အိမ်ထဲမှာ လူတော်တော်များများ ထိုင်နေကြတယ်။ ငါလည်း ကြမ်းပြင်ပေါ် ထိုင်မရတာနဲ့ အပြင်ဖက်ခုံပေါ် ထိုင်နေတာကွ။ အလွမ်းလည်းပြေပေါ့ကွာ။ ငါတို့ငယ်ကပဲ ကိုစိန်ဝင်းအိမ် သွားရင် အဲ့ဒီဆင်ဝင်အောက်ပဲ စကားပြောကြ၊ အလုပ်တွေလုပ်ကြ၊ စားကြသောက်ကြပေါ့ကွာ။ အဲ့ဒါ သတိရနေတုန်း … လူတယောက် ထွက်လာတယ်ကွ။ ငါ့ကို ဆရာကြီး … တဲ့။ ငါလည်း သိပ်မသိဘူးကွ။ သူ တီဗွီတွေမှာ လျှမ်းလျှမ်းတောက်နေတော့ ငါက ထောင်ထဲကိုးကွ။ နောက် ဒီလို ဗိုလ်ခင်ညွန့်ကို အပြင်မှာ အရှင်လတ်လတ် တွေ့ဖူးတာ မဟုတ်ဘူး။ ထားပါကွာ …။ ဆရာကြီးတဲ့ ဆရာကြီးအသက် ဘယ်နှစ်နှစ်လဲ … တဲ့။ ကျနော် ခင်ညွန့်ပါဆိုမှ … ငါလည်း ဗိုလ်ခင်ညွန့်မှန်း သိတာလေ။ ကျနော့် အသက်ရှစ်ဆယ့်လေးပါ ဆိုတော့ ဒါဆို ကျနော့်ထက် ဆရာကြီးက ကိုးနှစ်လောက် ကြီးတယ်။ ကျနော်က ခုနှစ်ဆယ့်ငါးပါ ဆိုပြီး သူတို့ထုံးစံ လက်အုပ်ကလေးချီတယ်ကွ။ ပြီးတော့ ဆရာကြီးရယ် … ပြီးတာတွေ ပြီးပါစေတော့ ဆိုပြီး ပြန်လှည့်ထွက်သွားတယ်။

“ဒါဆို အဘက ပြီးတာတွေ ပြီးပြီလား …” ဆိုတော့ ...

“ငါ့တယောက်တည်းကိစ္စကို ပြောရင်တော့ ပြီးတာတွေ ပြီးပါစေတော့ လုပ်လို့ရတယ်။ တတိုင်းပြည်လုံးကိစ္စဆိုရင်တော့ ဘယ်ရမလဲကွ။ ဒီလူတွေ တိုင်းပြည်ကို ၀န်ချရမယ်။ တောင်အာဖရိကလို အမှန်တရား စုံစမ်းဖော်ထုတ်ရေးလို ကော်မတီတွေ ဖွဲ့ရမယ်။ သူတို့ကြောင့် သေတဲ့လူ၊ ထောင်ချခဲ့တဲ့ လူတွေကို အစိုးရ လိုက်တောင်းပန်ဖို့ လိုတယ်။ နစ်နာကြေးတွေ ပေးရလိမ့်မယ်။ အခု ဗိုလ်ခင်ညွန့်ဆိုရင် လက်ရှိအစိုးရနဲ့ မဆိုင်တော့ဘူးကွ။ ဒါပေမယ့် ဒီနှစ်ဆယ့်ငါးနှစ်အတွင်း လုပ်ခဲ့တာမှန်သမျှ ဒီလူ့လက်ချက်မကင်းဘူး။ ဒီလိုလူကတောင် ပြီးတာတွေ ပြီးပါစေတော့ ဆိုတော့ … ခုနပြောသလို ၀န်ချခြင်း၊ တောင်းပန်ခြင်း အစရှိ လုပ်ဖို့ နေနေသာသာ … အရင်ဆုံး တိုက်တွန်းရမှာက ခင်ဗျားတို့တွေ ခင်ဗျားတို့အပြစ်တွေအတွက် နောင်တရကြပါလို့တောင် အရင်ပြောရမလိုပါပဲ … ငါ့ကောင်ရာ …”

စကားဆက်ပြတ်သွားတော့ အာဏာရှင်တွေရဲ့ နောင်တ တကယ်တမ်း နောင်တရပါစေအုံး၊ သူတို့ နောင်တတရားအတွက် မျက်ရည်ကျပါစေအုံး …။ မိကျောင်းမျက်ရည်ပဲ ဖြစ်ပါလိမ့်မယ်။ အရင်အစိုးရ လက်ရှိအစိုးရက လူတွေ နောင်တတရား ရသလား၊ မရသလား ဆိုတာတော့ သူတို့ ထောင်ထောင်လွှားလွှား မာန်ဖီနေကြတာသာ ကြည့်ကြပါတော့လို့ ဗျို့ … ဟစ်လိုက်ချင်ပါတော့တယ်။ ။

ကိုရာဇာ
မိုးမခ၊ ဇွန် ၁၄၊ ၂၀၁၄