သခင်မြပန်းခြံရှိ Western Park နှင့် အခြားဆိုင်ခန်းများကို ဖယ်ရှားရန် စည်ပင်အကြောင်းကြား

ပို့စ်တင်ချိန် - 6/11/2014 01:11:00 PM


ရန်ကုန်၊ ဇွန် ၁၀

အလုံမြို့နယ် ကမ်းနားလမ်းပေါ် သခင်မြပန်းခြံရှိ စားသောက်ဆိုင်နှင့် အခြားသော ဆိုင်ခန်းများ အပါအဝင် စုစုပေါင်းဆိုင်ခန်း ခြောက်ခန်းကို ဇူလိုင်လဆန်းတွင် ဖယ်ရှားပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက အကြောင်းကြားစာ ထုတ်ပြန်ထားကြောင်း Western Park စားသောက်ဆိုင် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ပန်းခြံကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် လက်ရှိ ဖွင့်လှစ်ထားသော Western Park အပါအဝင် ရွှေစည်၊ ၃၆၉ ၊ shining star ၊ Green Ice၊ လရိပ်ဟူသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် အပါအဝင် စုစုပေါင်းဆိုင် ၆ ဆိုင်ကို ဝါမဝင်ခင် ပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားသော ဆိုင်ခန်းများမှာ ၁၉၉၃ ဝန်းကျင်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာလအထိ ဆိုင်ဖွင့်လှစ်ခွင့်ပေးရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း Western Park စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ဆိုင်ကဝန်ထမ်း ၁၀၀ ကျော်လောက် ရှိတယ်။ ဖယ်ရမယ်ဆိုတော့ ရုတ်တရက် နေရာရှာမရတဲ့ အခက်အခဲ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ဆိုင်ခန်းများ ဖယ်ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားမှုနှင့် ပတ်သက်၍ အခြားဆိုင်ခန်းများကို The Voice က သွားရောက် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပေ။

သခင်မြပန်းခြံကို လမ်းခင်းခြင်း၊ အလှဓာတ်တိုင်များ စိုက်ထူခြင်း၊ ပန်းခြံ အလယ်တွင် ရေပန်းအဝိုင်း တပ်ဆင်ခြင်း၊ အလှစိုက် ပန်းပင်များကို စိုက်ပျိုး ပုံဖော်ခြင်းနှင့် အခြားအဆင့်မြှင့်တင်မှုများကို ကျပ်သိန်း ၁၇၀၀ အသုံးပြုပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အသုံးစရိတ် ကျန်ရှိနေပါက ကလေးကစားကွင်းများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလွင်က ပြောကြားသည်။

ယင်းပန်းခြံအနီးတွင် ကားရပ်နားရန် နေရာပြုပြင်မည် ဖြစ်သဖြင့် ဗိုလ်ချုပ်လမ်းပေါ်ရှိ လမ်းဘေး ဓာတ်ဆီဆိုင်ငယ်များနှင့် ကွမ်းယာဆိုင် အချို့ပါ ဖယ်ပေးမည် ဖြစ်ကြောင်း ယင်းလမ်းပေါ် ဓာတ်ဆီဆိုင်ရှင် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး The Voice သို့ ပြောကြားသည်။

ယင်းပန်းခြံကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ၌ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၆ ဒသမ ၃၈ ဧကခန့် ကျယ်ဝန်းကြောင်း၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင် မဟာဗန္ဓုလပန်းခြံ၊ ရှုခင်းသာပန်းခြံ အပါအဝင် အခမဲ့ ပန်းခြံပေါင်း ၅၀ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ကလေးများ ကစားရန် နေရာမှာ အလွန်ရှားပါးနေပြီး ပန်းခြံများ ပြင်ဆင်လာခြင်းကို ကြိုဆိုကြောင်း၊ ပြည်သူများနှင့် ကလေးများ အမှန်တကယ် အပန်းဖြေ ကစားနိုင်မည့် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာရန်မှာ အရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

(ဥမ္မာလွင်၊ ဇင်လင်းထက်)


The Voice Weekly