သင်္ကြန်ရေပက်ပြီး ကာအိနြေ္ဒပျက်အောင်နှင့် နာကျင်အောင်ပြုလုပ်သူများကို အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဒိုင်စု
ကျေးရွာနေ မ----မှ ၎င်းသည် အပြင်မှစက်ဘီးဖြင့် နေအိမ်သို့ပြန်လာစဉ် တစ်ရွာတည်းနေ ဦးဇော်ကြီး၏နေအိမ်ရှေ့ ရေကစားမဏ္ဍပ်သို့အရောက် အမျိုးသားတစ်ဦးမှ ရေပက်သဖြင့်စက်ဘီးအားအရှိန်လျှော့ပြီးရပ်ခဲ့ရကြောင်း၊ ထိုသို့ ရပ်နေစဉ် ရေပက်သည့်အမျိုးသားမှ မိန်းမအင်္ဂါအားလက်ဖြင့်ကိုင်ရန်
ပြုသဖြင့် ၎င်းမှလက်ဖြင့် ဖယ်ရှားခဲ့ရကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး မိခင်ဖြစ်သူအားပြောပြကာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်လတ်
ထံသို့ သွားရောက်တိုင်ကြားခဲ့ပြီး လိုက်လံပြသခဲ့ရာ ထိုသို့ပြုမူခဲ့သူမှာ ဦးဇော်ကြီး၏ ဆွေမျိုးတော်စပ်သူ အောင်ဝင်းခိုင်၊ (၂၂)နှစ်၊(ဘ)ဦးအောင်မြင့်၊ ဒိုင်စုကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူဖြစ်သည်ကိုသိရှိခဲ့ရကြောင်း၊ထိုစဉ်
အောင်ဝင်းခိုင်မှ ၎င်းအားဆံပင်ဆွဲကာ လက်သီးဖြင့်ထိုးခဲ့ပြီး ဦးဇော်ကြီး၏
ဇနီး မဌေးဝင်း၊ (၄၁)နှစ်၊ (ဘ)ဦးသန်းကြွယ်နှင့် သမီးများဖြစ်သည့်မစုစုလှိုင်၊ (၁၈)နှစ်၊(ဘ)ဦးဇော်လွင်၊ မအိအိငယ်၊ (၁၆)နှစ်၊ (ဘ)ဦးဇော်လွင်တို့မှလည်း လက်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ၎င်း၏ခန္ဓာကိုယ်တွင် နာကျင်ဒဏ်ရာ
များရရှိခဲ့ပြီး ၀တ်ဆင်ထားသည့် အင်္ကျီ ရင်ဘတ်စုတ်ပြဲကာအတွင်းခံ
အင်္ကျီကြိုးမှာလည်းပြုတ်သွားခဲ့ကြောင်း၊ ရရှိခဲ့သောဒဏ်ရာများအား လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်းနှင့် ယင်းသို့ ကာအိနြေ္ဒပျက်အောင်နှင့် နာကျင်အောင်ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ အောင်ဝင်းခိုင်ပါ(၄)ဦးကို လှိုင်သာယာမြို့မရဲစခန်း
(ပ)၅၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၅၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police


လေးဖက်နာအကြောင်း သိကောင်းစရာများ



လေးဘက်နာရောဂါ

လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူ့ရဲ့အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှု မလုပ်ရင် နာတာရှည်ရောဂါသည်ဘဝနဲ့ အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး အဆစ်ကလေးများ နာကျင် ကိုက်ခဲရမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင့်မဝင်နိုင်တာအထိ ဆိုးရွား တတ်ပါတယ်။
ဒါ့ကြောင့်လည်း မြန်မာလို လေးဖက်နာလို့ခေါ်ကြတယ် ထင်ပါတယ်။

လေးဖက်နာ ရောဂါဖြစ်နိုင်သူများ
၁။ မိသားစုဝင် (ညီအစ်ကိုမောင်နှမများ)များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း။ ၂။ ဆေးလိပ်သောက်သူများ ၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက်မိခင်များ ၄။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

လေးဘက်နာ ရောဂါလက္ခဏာများ
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ်လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရောညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေးတစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက် စုံနာရင် သတိထားစရာပါ။
နာကျင်တတ်တဲ့ အဆစ်ကလေးတွေကတော့ လက်ချောင်းအဆစ်ကလေးများ၊ ခြေချောင်းအဆစ် ကလေးများ၊ ခြေကျင်းဝတ် အဆစ်နဲ့ လက်ကောက်ဝတ်အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ်လက်ဆစ်ကလေးများနာကျင်ပြီး တောင့်တင်းနေတတ် တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလဖွဲ့စည်းပုံပျက်ပြီး ပုံပျက်တတ်ပါတယ်။

အခြားလက္ခဏာများ
လေးဖက်နာရောဂါဟာ ကိုယ်ခန္ဓာမှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကို ပြန်တိုက်လို့ဖြစ်ရတာပါ။ ဒါကြောင့် ဘသိပ မှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုပဲ တိုက်ခိုက်ပါတယ်။ ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ြွကက်သားများအားနည်းခြင်း၊ အရိုးပျော့ခြင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံြးွကက်သားများရောင်ခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ သွေးကြောများ ရောင်ရမ်းပြီး ခြေလက်များပုပ်ခြင်း၊ အဆုတ်အတွင်းရေစုခြင်းများ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ လေးဘက်နာ ရောဂါရှိပြီပြောမလဲ
အခုဖေါ်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄)ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။ ၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများတောင့်တင်းနေခြင်း။ ၂။ ခန္ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပိုရောင်ခြင်း။ ၃ လက်ဆစ်ကလေးများရောင်ရမ်းနာကျင်ခြင်း။ ၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း။ ၅။ အရေပြားပေါ်တွင် ဖုလုံးလေးများထွက်လာခြင်း။ ၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း။ ၇ အထက်ပါလက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း။

ဘယ်အချိန်မှာ ဆေးခန်းပြသင့်သလဲ
အထက်မှာဖေါ်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် စောစော ကုသမှုခံယူခြင်းဟာ အဆစ် ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်း ဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။



Credit: New Hong Kong Hospital

အနစ်နာခံပြီး သားကို အသက်ပေးကယ်ခဲ့တဲ့ ဖခင်




ကိုယ့်ကိုကိုယ် စွန့်လွှတ် အနစ်နာခံပြီး သားကို အသက်ပေး ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖခင် တစ်ဦးကို  တရုပ်ပြည်မှာ တွေ့ ရှိခဲ့ပါတယ်။ သူဟာ ကုန်တင်ကား အကျိတ်ခံရတော့မယ့် သားကို ဘေးတစ်စုံတစ်ရာ မဖြစ်စေဘဲ အန္တရာယ် ကင်းစေဖို့ ကယ်ဆယ်လိုက်နိုင်ပါတယ်။

တရုပ်ပြည်တောင်ပိုင်း ကွမ်ကျိုးမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ကုန်တင်ကားဘီးကျိတ်ခံရတော့မယ် သားဖြစ်သူ Yong ကို လျှပ်တပြက်အတွင်းမှာ လှိမ့်ထုတ်ပြီး ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ကိုတော့ အဆိုပါ ကားကပဲ ကျိတ်သွားခဲ့တဲ့ ဖခင်ဖြစ်သူ အသက် ၇၁နှစ်အရွယ် Hsiung Kuo သေဆုံးသွားခဲ့ပါတယ်။


ဖြစ်စဉ်ကတော့ ဖခင်ဖြစ်သူနဲ့ သားဖြစ်သူ အသက် ၄၇ တို့နှစ်ဦးဟာ လျှပ်စစ် Scooter တစ်စီးနဲ့ မြို့ထဲမှာ စီးနေခဲ့ကြပါတယ်။ လုံခြုံရေး ကင်မရာမှာတော့ ကုန်တင်ကား ဖြတ်မောင်းလာတဲ့အတွက် သူတို့စီးနင်းလာတဲ့ scooter ကို ရုတ်တရက်  အရှိန်သတ် ရပ်တန့်ပါတယ်။ ဒါပေမယ့် ကုန်တင်ကားကတော့ Scooter ကို ဖြတ်တိုက်သွားပြီး သားအဖနှစ်ယောက် ကားအနားမှာ လွင့်စဉ်ခဲ့ကြပါတယ်။ ဖခင်က သားကို ကားဘီး အကျိတ် မခံရစေဖို့  အောင်မြင်စွာ ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကားဘီးက သူ့ရဲ့ခြေထောက်ပေါ် ပိနေစဉ်မှာတောင် သူဟာ သားကို စိတ်မပျက် အားမလျော့ဘဲ အန္တရာယ်ကနေ ကြိုးစားပြီး ကယ်တင်ခဲ့ပါတယ်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူ့ရင်ဘက်ကိုပါ ကားအကျိတ်ခံ လိုက်ရပါတော့တယ်။


ဒီကြောက်စရာ အဖြစ်အပျက်ဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး ဖခင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သားကိုတော့ သတိမေ့သွားတဲ့အတွက် အရေးပေါ်ကယ်တင်ခဲ့ရပါတယ်။

ကုန်တင်ကားမောင်းသူကတော့ အဖြစ်အပျက် အတွင်းမှာ  ပျောက်ကွယ် သွားခဲ့ပေမယ့် ရဲများက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

world-myanmar.com

ref:dailymail

အမှုဖြင့်ဖမ်းဆီးထားသည်ကိုမကျေနပ်၍ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မည်ဟု ဆိုကာ နေအိမ်အားမီးရှို့ခဲ့သူများကို အရေးယူ



ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၄၅ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး
အရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းရှိ ဦးမောင်ဦး(ခ)တင်မောင်ဦး၏နေအိမ်
မီးဖိုဝါးထရံနှင့် အိမ်ချင်းကပ်လျက်နေ မဇင်မီမီထွန်း(ခ)ဇင်မီလေး၏နေအိမ်
နောက်ဖေးမီးဖိုဝါးထရံတို့ကို မီးကူးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ
နှင့် ပတ်ဝန်းကျင်တို့မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၇၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၆၀၀ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ
ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ်
ပါးနမ်းသကဲ့သို့ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း
(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများရန်ဖြစ်ခဲ့ကြရာ မဇင်မီမီထွန်း
(ခ)ဇင်မီလေးမှ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့၍ ဒေါ်တင်တင်မော်သေဆုံးခဲ့ရပြီး
နှစ်ဘက်အပြန်အလှန်အမှုဖွင့် တိုင်ကြားခဲ့ကြသဖြင့် မဇင်မီမီထွန်း(ခ)
ဇင်မီလေးကို အမှုဖြင့်ဖမ်းဆီးထားရှိသည့်ကိစ္စအား မဇင်မီမီထွန်း(ခ) ဇင်မီလေး၏ဆွေမျိုးများဖြစ်သည့် ဦးမောင်ဦး(ခ)တင်မောင်ဦးနှင့် သားဖြစ်သူ ရဲလင်းထက်တို့မှ မကျေနပ်၍တစ်ရပ်ကွက်လုံးအားမီးရှို့ပစ်မည်ဟု
ကြိမ်းမောင်းပြီး နေအိမ်ကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဦးမောင်ဦး(ခ)တင်မောင်ဦး၊ (၄၁)နှစ်၊ (ဘ)ဦးကျော်ငွေနှင့် သားဖြစ်သူ ရဲလင်းထက်၊ (၁၉)နှစ်တို့(၂)ဦးကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Stretch Marks အကြောပြတ်ခြင်း



(၁) ဆရာ မင်္ဂလာပါရှင့် အကြောပြတ်ခြင်းအကြောင်းနဲ့ ပတ်သက်တာလေးတွေ တင်ပေးပါဦးလို့ တောင်းဆိုချင်လို့ပါရှင့်။
(၂) Doctor ဝတဲ့သူတွေမှာ အကြောပြတ်ကြပါတယ် အကြောပြတ်တာပျောက်အောင် ဘယ်လိုလုပ်ရပါသလဲ။
(၃) ဆရာရှင့် အကြောပြတ်တဲ့အကြောင်းလေးလည်း ရှင်းပြပေးပါဦးဆရာ။ ကျွန်မရဲ့ ဒူးခေါင်းနဲ့ ပေါင်ခြံတွေမှာ သိသိ သာသာကြီး အကြောပြတ်လာပါတယ်။ အကြောပြတ်တာ ကုလို့ရပါသလား။ သူများပြောတာ သံလွင်ဆီ လိမ်းရတယ် ဆိုတာ အကြောမပြတ်ခင် လိမ်းရတာမဟုတ်လား။ ပြတ်ပြီသား အရာကြောင်းကြီးကော လိမ်းဆေးရှိပါသလား ဆရာ။

ဗိုက်အကြောပြတ်တယ်လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့ မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့ မျဉ်းကြောင်းတွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန် အရေပြားထက် နဲနဲနိမ့်ပြီး၊ ထိ-ကိုင်ကြည့်ရင် ခံစားမှု မတူဘူး။

ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉ဝ% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် မဟုတ်ဘဲ ရုတ်တရက် ဝလာ-ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြား အကြောင်းခံ ရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေး ကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါတခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ် ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။

Collagen (ကိုလာဂျင်) တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည်ထပ် (ဒါးမစ်) မှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တာလည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကိုပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်းဝင် သြစတြေးလျက (မီရင်ဒါ ကား) ကလေး ယူတော့မယ် ဆိုတော့ သူ့အဖွါးကပြောတယ် "ခါးရ် မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင်မရှိဘူး" တဲ့။

ဘယ်လို ကုရမလဲဆိုတာ ပြောရမှာတော့ ဝမ်းနည်းပါတယ်။ ကြော်ညာပြီး ရောင်းတဲ့ (ခရင်မ်) တွေက လက်တွေ့မှာ တကယ်ကောင်းတယ်လို့ အာမမခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့ လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာ အလေးချိန်ကို အပြောင်းအလဲ မမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေးတွေ သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိ-မရှိစစ်ပါ၊ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။

အကြောပြတ်တာက အမာရွတ်သဘောနဲ့တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသလောက်ပါ။ အနာ-ဒဏ်ရာ ဖြစ်တုံးက အရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာမူတည်ပြီး အကြီး-အသေး၊ အပျောက် နှေး-မြန် ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသေားအရေ ကောင်းသူ၊ အရွယ်ငယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။

စိတ်ဓါတ် မကျပါနဲ့အုံး။ သုတေသနတခုက မြင်းခွါရွက်၊ ဗီတာမင် (အီး) နဲ့ Collagen hydrolysates တွေက အကြောပြတ်တာ အတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ Shampoos, Conditioners, Soaps, Face cares, Make-up လူသုံးပစ္စည်းတွေမှာပါတဲ့ ဓါတ်တွေပါဘဲ။ ဗီတာမင် E ကို စာတပုဒ် ရေးထားပါတယ်။

နောက် သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ Verum Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ် ပြောတယ်။ သုတေသနတော့ မရှိသေးဘူး။

အရေပြားခွဲစိတ်ဂျာနယ်က ရေဒီယိုလှိုင်း 585-nm pulsed dye laser နဲ့ ၃၇ ယောက်ကို ကုတာ၊ ၃၃ ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ရတယ်လို့ ဆိုပါတယ်။ Tummy tuck ခေါ်တဲ့ ခွဲစိတ် ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacing (လေဆာ) နည်းသစ်ကလည်း ပိုကောင်းသတဲ့။

အရေပြားကုသရေး ဂျာနယ် စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ် ကုသပေးတာ ဆေးပါတ် ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈့၂% က ၂၅့၅% နဲ့ ၁၁့၈% က ၅၁့၇၅% တိုးတက်မှုတွေ့ရတယ်။ ၂၃% က ကျေနပ်ကြပြီး၊ ၁၂% ကတော့ ကျေနပ်မှုမရှိဘူး ဆိုပါတယ်။

အကြောပြတ်တာ ကျန်းမာရေးပြဿနာလို့ ရေးခဲ့ပါတယ်။ လူဆိုတာ မွေးတုံးကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာ သန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား၊ ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်)ပါ။ မဖြစ်နိုင်ဘူး ဆိုတာကိုပါ ဖြစ်ချင်နေရင်တော့ ဝေဒနာ တိုးတာပါ။ ဒါ့ကြောင့် ကံနဲ့ စိတ်ဟာ အကြောင်းတရား တွေထဲမှာ ပါနေတာပေါ့။ အဲဒါကြောင့်လည်း စိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရား ကောင်းအောင် ကျင့်ကြံစရာတွေ ပေါ်ပေါက်လာခဲ့တယ်။

ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူ၊ ဗိုက်ပူတွေ မဖြစ်ချင်ကြတာမို့ “ဗိုက်ခေါက်ကျန်းမာရေး” က အတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား၊ အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ (ဗယ်လီ) ခေါ်တဲ့ ဗိုက်ကြွက်သား သန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုဘဲ။ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနန ပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။

အထပ်ရှိသမျှ ကောင်းနေရမယ်။ အပေါ်ယံလေးနဲ့ မလုံလောက်ဘူး။ (တိုးရစ်) တွေ လာမဲ့နေရာတွေမှာသာ လမ်းတွေ၊ အိမ်တွေကို မြင်ကောင်းအောင် လုပ်ထားသလိုမျိုး။ စစ်ဆေးတဲ့သူ လာချိန်မှာ တခါမှ မတခါဘူးတဲ့ ခြင်တောင်တွေ၊ မွေ့ယာတွေ ထုတ်ပေးထားတာမျိုး ဆိုတာတွေက တကယ့် အကောင်း၊ အစစ်အမှန် မဟုတ်ဘူး။

လူတယောက်ကို ကြည့်တာနဲ့ ဗီတာမင်ဘီ ၂ နည်းနေတာကို သိနိုင်တယ်။ ပါးစပ်ဘေးစွန်းတွေမှာ အရောင်ဖျော့နေ၊ နီနေ။ အနာဖြစ်ချင်နေတာ မြင်ရမယ်။ ဆက်သိဘို့က သူ့မှာ ဘီ ၂ နည်းနေရင် ဘီ ၁ လည်း နည်းနေနိုင်သလို၊ တခြားတခြား အာဟာရတွေပါ နည်းနိုင်တယ်လို့ မှန်းတတ်ရတယ်။ ဒီဆင်ခြင်မှုသဘောအတိုင်းဘဲ ဗိုက်ကြောပြတ်သူတယောက်မှာ အရေပြား အောက်လွှာတွေလည်း တခုခုလိုနေနိုင်တယ်လို့ သံသယဝင်ဘို့ ထိုက်တယ်။

ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ (အင်နာဂျီ) ဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ (ပရိုတင်း)၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။ ဗီတာမင် အေနဲ့ အီးကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ (ပိုတက်ဆီယံ) ပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။

ကြော်ညာတွေ အများကြီးရှိတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ပိုများတာပေါ့။ ဆေး တခုတည်းကို အားကိုးယုံနဲ့ အဆင်ပြေမှာမျိုးတော့ မဟုတ်ဘူး။ စာထဲမှာ ရေးခဲ့သလို လုပ်စရာတွေပါ လုပ်သင့်တယ်။ ဆေးတွေကလည်း လယ်ကွင်း ယာခင်းထဲကနေ ရတာကို ပြုပြင်ပြီး ဝယ်ချင့်စဖွယ် လုပ်ထားတွေက ပါသေးတယ်။ အလွယ်ရတဲ့ မြင်းခွါရွက်ကို ကိုယ့်ဖါသာ ကြံဆရင်လည်း အကျိုးရှိနိုင်မယ်။

ခွဲစိတ်ကုသတာ (ဆာဂျရီ) ကိုလည်း လုပ်ချင်၊ လုပ်နိုင်၊ အခြေအနေပေးရင် မလုပ်နဲ့လို့ မတိုက်တွန်းပါ။ ကုပေးမဲ့ ဆရာဝန်နဲ့ အရင် ဆွေးနွေးပါ။ ဒီရောဂါမျိုးက အများကြီး မျှော်မှန်း မထားဘဲ ကြိုးစားသင့်တယ်။ အမှန်က ရောဂါလို့ တကယ် သတ်မှတ်တာတော့ မဟုတ်ဘူး။ အဲဒါမျိုးက ပိုပြီးကုရတာ မလွယ်ဘူး။ သက်ရှိတွေမှာ ဇရာဖြစ်စဉ်ထဲပါတာကို ပြုပြင်ဘို့က သိပ်ခက်တတ်တယ်။ ဒါပေမဲ့ ငယ်တုံးကဖြစ်တာ ကြာရင် သက်သာရာကနေ မမြင်ရတဲ့အထိ ပြောင်းတတ်သေးတယ်။

အမျိုးသမီးတွေက ဗိုက်ကြောပြတ်လို့ မေးကြသလို ယောက်ျားတွေကလဲ ဒူးကြောပြတ်တာ မေးကြပါတယ်။ (မာစတာဘေးရှင်း) လုပ်လို့ ပြတ်တယ်လို့ တရားသေမှတ်ကြတာ များတယ်။ (မာစတာဘေးရှင်း) လုပ်လေ့ရှိတာက လူပျိုဖြစ်ပြီးနောက်ဆိုတော့ အရွယ်ပြောင်းလာတာနဲ့ ကိုယ်ခန္ဓာပြောင်းလဲလာတာ တချိန်တည်းကျနေတယ်။ အမှန်က ကိုယ်မှာ ဝရာကပိန်၊ ပိန်ရာကဝလာတဲ့နေရာတွေမှာ အကြောပြတ်တယ်။ ဘာကြောင့်၊ ဘယ်နေရမှာဖြစ်ဖြစ် ကုသနည်းကတော့ အတူတူပါဘဲ။

ဗိုက်ကြောပြတ်တာအတွက် ရေဓါတ်၊ အာဟာရဓါတ်နဲ့ စိတ်ဓါတ်၊ အလေးထားပြီးသကာလ၊ မအိုသေးသမျှ အပျိုလေးလို လှနေကြပါစေ။

Collagen (ကိုလာဂျင်) http://dts-medicaleducation.blogspot.in/2013/09/collagen.html

Dr. တင့်ဆွေ
၃ဝ-၅-၂ဝ၁ဝ
၁၅-၄-၂ဝ၁၄

အမေရိကန် လေကြောင်းလိုင်းကို အကြမ်းဖက်မယ့် ဆယ်ကျော်သက် မိန်းကလေး အဖမ်းခံရ



လွန်ခဲ့တဲ့ တနင်္ဂနွေ မနက်တုန်းက အသက်၁၄ နှစ်အရွယ်ကောင်မလေး တစ်ယောက်က Twitter မှာ အမေရိကန် အဲလိုင်းကို အကြမ်းဖက်မယ်လို့ အောက်ပါအတိုင်း ကြေငြာခဲ့ပါတယ်။

@AmericanAir ဟယ်လို ငါက အာဖဂန်နစ္စတန်က အေဗရာဟင်မ် လို့ခေါ်တယ်။ အလ်ကိုင်ဒါ အဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်။ ဇွန်လ တစ်ရက်နေ့မှာ ငါမင်းတို့ လေကြောင်းလိုင်းကို ကြီးကြီးမားမားတစ်ခု လုပ်တော့မယ်။

အမေရိကန်အဲလိုင်းကလည်း အောက်ပါအတိုင်း ချက်ချင်းပဲ ပြန်ရေးလိုက်ပါတယ်။

@queendemetriax_ ဆာရာ၊ ငါတို့ ဒီခြိမ်းခြောက်မှုကို အမှန်တကယ်လို့ သတ်မှတ်တယ်။  မင်းရဲ့ IP နဲ့ မင်းရဲ့ အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးနဲ့ FBI ကို ငါတို့ပို့လိုက်ပြီ။

အဲ့ဒီနောက်မှာ ဆာရာ တစ်ယောက် ပြာယာခတ်ပြီးတော့ သူမ page မှာလည်း အောက်ပါအတိုင်း tweet တွေတစ်ခုပြီးတစ်ခု တက်လာပါတယ်။

@AmericanAir အိုး၊ သွားပါပြီ။ ငါက နောက်နေတာ။
@AmericanAir ဆောရီးပါ ငါအခု အရမ်းကြောက်နေပြီ။
@AmericanAir ငါ ဟာသလုပ်နေတာ။ ပြီးတော့ အဲ့ဒါ ငါ့သူငယ်ချင်းလုပ်တာ။ ငါလုပ်တာမဟုတ်ဘူး။ သူ့ IP address ကိုယူပါ။ ငါ့ဟာမယူနဲ့။
@AmericanAir ငါနောက်လိုက်တာ။ မလုပ်ပါနဲ့ ငါက သာမာန်ကောင်မလေး တစ်ယောက်ပါပဲ။
@AmeircanAir ငါက အာဖဂန်နစ္စတန်က မဟုတ်ပါဘူး


လူတွေက အဲ့အဖြစ်အပျက်ကို စိတ်ဝင်စားလာပြီးတော့ အမေရိကန်အဲလိုင်းနဲ့ သူမတို့ အပြန်အလှန် ပြောဆိုနေကြတာကို ရှယ်ခဲ့ကြတယ်။

အမေရိကန်အဲလိုင်းက ပထမဦးဆုံး tweet တစ်ခုကိုဘဲ တုံ့ပြန်ခဲ့ပေမယ့် သူမကတော့ အဲ့ဒီ ပထမဆုံး tweet ကိုမဖျက်ခဲ့တဲ့အပြင် အင်တာနက်မှာ သူမရုတ်တရက် လူသိများလာတဲ့ အကြောင်းကို အောက်ပါအတိုင်း tweet လုပ်ခဲ့ပါသေးတယ်။

Retweet လုပ်တဲ့လူ ၂၀၀၀ ကျော်တဲ့

နောက်ပြီးတော့ အမေရိကန်အဲလိုင်းက တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ရင်တောင်မှ သူမကို မတွေ့ခဲ့နိုင်ဘူးထင်ပြီးတော့ သူမရဲ့မိဘတွေကို ဒီအဖြစ်အပျက်ကို ပြောမှာမဟုတ်ဘူး ဆိုတာကိုလည်း tweet လုပ်ခဲ့ပါသေးတယ်။

 ဒီကိစ္စကို ငါ့မိဘတွေကို ပြောမှာမဟုတ်ဘူး။ သူတို့က ငါ့အကောင့်ကိုဖျက်ခိုင်းလိမ့်မယ်။ အဲ့လိုဒါဖျက်ရရင်တော့ ငါ့ဘ၀ဆုံးမှာပဲ။


နောက်ဆုံးမှာတော့ ဆာရာအား Rotterdam မှာ ဖမ်းဆီးလိုက်ပြီလို့ ရဲကအတည်ပြုကြောင်း BNO သတင်းဌာနက အောက်ပါအတိုင်း tweet လုပ်ခဲ့ပါတယ်။




YgnNews (www.YgnNews.com)

ကိုယ်ချင်းစာတရား



ကမ္ဘာပေါ်ရှိ လူသားများ ကိုးကွယ်သည့် ဘာသာတိုင်းနှင့် အကျုံးဝင်ပြီး လောက ဆက်ဆံရေးတွင် အရေးကြီးဆုံးသော အရာသည် ကား အခြားမဟုတ် လူလူချင်း ကိုယ်ချင်းစာတရား ပင်ဖြစ်သည်။ မိမိကိုးကွယ်သည့် ဘာသာ အပေါ်မည်မျှပင် ကိုင်းရှိုင်းစေကာမူ၊ အဘယ်မျှပင် ချစ်မြတ်နိုး ၍ ကြည်ညိုစေကာမူ ကိုယ်ချင်းစာတရား မရှိသော လူသည် အရွယ်အစား ကြီးမားသော်လည်း အတွင်းတွင် အဆီအနှစ် ဘာမှမရှိပဲ အတွင်းလှိုဏ်စားကာ အခြေမခိုင် ခြောက်သွေ့နေသည့် သစ်ပင်ကြီးနှင့်သာ တူတော့သည်။ အခန့်မသင့်၍ လေကြမ်းကြမ်း သို့မဟုတ် ရုတ်တရက် ဖောက်လွဲဖောက်ပြန်ဖြစ်တတ်သည့် ဥတုရာသီနှင့် ကြုံရပါက အချိန်မရွေးပြိုလဲသွားနိုင်သည်။ ထိုနည်းတူစွာပင် ဘာသာတရားကိုင်းရှိုင်းသော်လည်း ထိုသူ၏ ဦးနှောက် အသိဉာဏ်ထဲတွင် ဘာသာတိုင်း၏ အခြေခံ သဘောတရားဖြစ်သည့် ကိုယ်ချင်းစာ တရား မရှိပါမူ အချည်းနှီးပင် ဖြစ်သည်။ အခန့်မသင့်၍ တစ်စုံတခုသော အကြောင်း အရာတစ်ခုကို အရင်းပြု၍ ဝါဒမှိုင်းတိုက်ခြင်းခံရပါမူ ဒုစရိုက် အကြမ်းဖက် သမားတစ်ဦး အဖြစ်ပင်ပြောင်းလဲသွားနိုင်သည်။ လူ သတ္တဝါတိုင်းတွင် တွေ့ရတတ်သော အကျင့်တစ်ခုမှာ သက္ကာယ ဒိဋ္ဌိ ဟူသော ငါစွဲ အတ္တ ရှိတတ်ကြသည်သာ ဖြစ်၍ ငါ့လူမျိုး၊ငါ့နိုင်ငံ၊ ငါ့ဘာသာ ဟူ၍ အဆုံးမှာတော့ ငါ ကောင်းဖို့တည်း ဟူသော ရှူထောင့်မှ ကြည့်တတ်ကြသည်သာချည်းဖြစ်၏။

ပြဿနာတစ်ခုကို ရှူမြင်သည့် အခါတိုင်းတွင် တရား မျှတခြင်း ရှိမရှိ၊ သဘာဝ ကျလား မကျလား ဆိုတာ အပထား လို့ ဟ ဒီလိုဆိုရင်တော့ ငါ့ အကျိုးယုတ်မှာပဲ ဟယ် ဒီလိုဆိုရင်တော့ဖြင့် ငါ့ အကျိုးရှိလိမ့်မည် ဟူသော အမြင်မျိုးများဖြင့် ပြူလုပ်ဖန်တီး မိသော လူတို့၏ လုပ်ရပ်များမှာ ထိုသူတို့၏ ရည်ရွယ်ရာသို့ မရောက်တတ်ပဲ အလွဲလွဲ အချော်ချော်နှင့် အရှက်တကွဲ အကျိုးနည်းဖြစ်ကာ နောက်ဆုံးတွင်တော့ မြောင်းထဲသာ ရောက်သွားတတ်သည်သာဖြစ်သည်။ ကျွန်တော် ဆိုလိုသည်မှာ ကိုယ်ချင်းစာတရားထားတတ်သောသူသည် ချမ်းသာသောလူ၊ ဂုဏ်ရှိသောသူ၊ အာဏာရှိသောသူ စသည့် လူများထက် သာလွန်မြင့်မြတ်ပေသည်။

credite: အတီး (ဝါးလုံးရှည်)


MH370ကိုရှာဖို့ မောင်းသူမဲ့ ရေငုတ် သင်္ဘော စေလွှတ်


မောင်းသူမဲ့ ရေငုတ်သင်္ဘောအသေးစား Bluefin-21 (Credit: ABC licensed) 

ပျောက်ဆုံးနေတဲ့ ​မလေးရှား ​လေယာဉ်ကို ​ပထမဆုံး ​အကြိမ် ​မောင်းသူမဲ့ ​ရေငုတ်သင်္ဘော ​အသေးစားကို ​သုံးပြီး ​စတင် ​ရှာဖွေနေကြပါပြီ။

အရှည် ​၁၅ ​ပေ၊ ​အလေးချိန် ​၇၅၀ ​ကီလိုဂရမ် ​ရှိတဲ့ ​အဲဒီ ​ရေငုတ် ​သင်္ဘောဟာ ​ရေအောက်မှာ ​၂၅ ​နာရီကြာ ​ရှာဖွေမှုတွေလုပ်ဆောင်နိုင်ပြီး ​သြစတြေးလျ ​ကမ်းခြေ ​အနီး ​အိန္ဒိယ ​သမုဒ္ဒရာ ​ရေအောက် ​ကြမ်းပြင်ကို ​လျှပ်တိုက် ​ရှာဖွေမှာ ​ဖြစ်ပါတယ်။

အချက်ပြအသံလှိုင်းတွေကို ​မရရှိတော့တာ ​အခုဆိုရင် ​တပတ်နီးပါး ​ကြာလာပြီ ​ဖြစ်တဲ့ ​အတွက် ​လေယာဉ် ​မှတ်တမ်းတင်စက်မှာ ​တပ်ထားတဲ့ ​ဘက်ထရီ ​အားကုန်လောက်ပြီလို့ ​ယူဆကြောင်း ​လေယာဉ်ရှာဖွေရေး ​ဆိုင်ရာ ​သြစတြေးလျ ​တာဝန်ခံ ​အရာရှိက ​ပြောပါတယ်။

ရှာဖွေရေး ​လုပ်နေတဲ့ ​လက်ရှိ ​နေရာအတွင်းမှာ ​ဆီကွက် ​တချို့ကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပေမယ့် ​လေယာဉ်ပျောက် ​နဲ့ ​ပတ်သက်မှု ​ရှိမရှိ ​စမ်းသပ်ဖို့က ​ရက်အတန်ကြာလိမ့်ဦးမယ်လို့ ​အဲဒီ ​အရာရှိက ​ထပ်လောင်းပြောကြားခဲ့ပါတယ်။

မလေးရှားလေယာဉ်ဟာ ​လူပေါင်း ​၂၃၉ ​ဦးတင်ဆောင်ပြီး ​မတ်လ ​၈ ​ရက်နေ့ ​ကတည်းက ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

radioaustralia

မြန်မာမှာ မူးယစ်ဆေး ပြဿနာပိုမို ကြီးထွားလာ


မြန်မာနိုင်ငံ ရှမ်းပြည်နယ် နယ်စပ်တနေရာက ဘိန်းစိုက်ခင်းတခု (Credit: Reuters) 


မြန်မာနိုင်ငံက ​မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ ​ပြင်ပနိုင်ငံတွေကိုပဲ ​ထိခိုက်နစ်နာမှု ​ဖြစ်စေခဲ့ပေမယ့် ​ခုအခါမှာ ​ပြည်တွင်းပြဿနာအထိ ​ဖြစ်လာနေပြီလို့ ​သိရပါတယ်။


အထူးသဖြင့် ​ရှမ်းပြည်နယ်မှာဆိုရင် ​မူးယစ်ဆေးဝါး ​သုံးစွဲတဲ့ ​လူငယ်တွေ ​ပိုများလာရုံတင်မက ​ရာဇာဝတ်မှု ​ကျူးလွန်သူတွေလည်း ​ပိုများလာတာကို ​ရပ်မိရပ်ဖတွေအပြင် ​ရဲတွေကလည်း ​ကြုံတွေ့ဖြေရှင်းပေးနေရတယ်လို့ ​ဆိုပါတယ်။

လားရှိုးမြို့မှာဆိုရင် ​လူငယ်ဦးရေ ​၆၀% ​ကနေ ​၇၀% ​အထိ ​မူးယစ်ဆေးဝါးတွေ ​သုံးစွဲနေကြတယ်လို့ ​သင်းအုပ်ဆရာ ​ဇော်ဖန်းက ​ကျိုဒိုးသတင်းကို ​ပြောပြခဲ့ပါတယ်။

တရားမဝင် ​မူးယစ်ဆေးဝါး ​ကုန်ကူးသူတွေကလည်း ​တရားဥပဒေ ​စိုးမိုးမှု ​နည်းပါးတဲ့အတွက် ​အခက်အခဲတွေ ​များများစားစား ​မကြုံရပဲ ​မူးယစ်ဆေးဝါးတွေကို ​ဈေးချပြီး ​ရောင်းဝယ်နိုင်ကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ​ကမ္ဘာပေါ်မှာ ​ဒုတိယဘိန်းစိုက်ပျိုးမှု ​အများဆုံးနိုင်ငံဖြစ်ပြီး ​တရားမဝင် ​စိတ်ကြွဆေးပြားတွေကို ​ထိုင်း၊ ​တရုတ်နိုင်ငံတို့ထက် ​အဆမတန် ​ထုတ်လုပ်နေတဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ကုလသမဂ္ဂက ​ဆိုပါတယ်။

ခုဆိုရင် ​ဘိန်းထုတ်လုပ်မှုက ​၂၆% ​တိုးလာပြီး ​တန်ချိန်ပေါင်း ​၈၇၀ ​လောက် ​ထုတ်လုပ်လာနေတယ်လို့ ​ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ​ထုတ်လုပ်ရာမှာ ​အသုံးပြုဖို့အတွက် ​ကုန်ကြမ်းတွေကို ​ဝယ်ယူတင်သွင်းနေတဲ့ ​နိုင်ငံလည်း ​ဖြစ်လာနေပါတယ်။

အရင်တုန်းက ​မြန်မာအစိုးရက ​တရားမဝင် ​မူးယစ်ဆေးဝါး ​ထုတ်လုပ်မှုကို ​၂၀၁၄ ​ခုနှစ်မှာ ​အပြတ်တိုက်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​ခုအခါမှာ ​၂၀၁၉ ​ခုနှစ်အထိ ​ရွှေ့ဆိုင်းလိုက်တာ ​ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ​တောင်ပိုင်း ​ဖယ်ခုံမြို့နယ် ​မှာလည်း ​ကယန်းမျိုးဆက်သစ် ​လူငယ်တွေက ​စစ်တမ်းတစ်စောင် ​ကောက်ယူရာမှာ ​မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ ​၉၀% ​လောက်ရှိတာကို ​တွေ့ခဲ့ရပေမယ့် ​အဲဒီလူတွေဟာ ​မူးယစ်ဆေးဝါးစွဲလမ်းသူတွေမဟုတ်ပဲ ​သုံးစွဲခဲ့ဖူးသူတွေ ​ဖြစ်ကြောင်း ​သိရပါတယ်။

radioaustralia

သင်္ကြန်လည်သည့်ယာဉ်ပေါ်မှ ပြုတ်ကျကာသေဆုံး



ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀အချိန် သင်္ဃန်ကျွန်းမြို့နယ်၊ ရတနာလမ်း
အတိုင်း တောင်ဥက္ကလာ မြို့နယ်ဘက်မှ စံပြဈေးဘက်သို့ ယာဉ်မောင်း ခရစ်တိုဖာ(ခ) ဧရာထွန်း (၃၅)နှစ်၊ (ဘ)ဦးညိုထွန်း၊ မှော်ဘီမြို့နယ်နေသူ
မောင်းနှင်သော ၉င/---နစ်ဆန်း အက်တလက်အဖြူရောင် သင်္ကြန်
လည်ပတ် သည့်ယာဉ်သည် ကျိုက္ကဆံဘုရားဝင်ပေါက်ရှေ့အရောက်တွင် ယာဉ်ပေါ်ပါသူ ဇော်ဇော်ထက် (၁၈)နှစ်၊ (၂၃)ရပ်ကွက်၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေသူမှာ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် နှာခေါင်း၊ နား သွေးထွက်ဒဏ်ရာနှင့် ၀ဲပါးပွန်းစုတ်ဒဏ်ရာများရရှိကာ
မြောက်ဥက္ကလာပဆေးရုံသို့ တင်ပိုကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်ပေါ်မှပြုတ်ကျသေဆုံးခဲ့သည့်အတွက် ယာဉ်မောင်း ခရစ်တိုဖာ(ခ)ဧရာထွန်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်
(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကလေးလာရောက်ခေါ်ဆောင်သည့်ကိစ္စနှင့် စကားများပြီး ကွဲကွာနေသော ခင်ပွန်းမှ ဇနီးဖြစ်သူကို ဓါးဖြင့်ခုတ်၍သေဆုံး



ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ညောင်တခြမ်း
ကျေးရွာနေ ဦးတင်ဝင်း မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ မမိချို(ခ)မမြင့်မြင့်သန်း၊ (၃၇)နှစ်အား ၎င်း၏ကွဲကွာနေသော ခင်ပွန်းဖြစ်သူ
မောင်ရင်လှ၊ (၃၉)နှစ်၊ (ဘ)ဦးလှသိန်းမှ ဓါးဖြင့်ခုတ်၍ ရွာအရှေ့ပိုင်းရှိ
နေအိမ်များနောက်ဖေးတွင်သေဆုံးနေကြောင်းကြားသိရသဖြင့်သွားရောက်
ကြည့်ရှုခဲ့ပါသည်။

အခင်းဖြစ်နေရာတွင် သမီးဖြစ်သူ မမိချို(ခ)မမြင့်မြင့်သန်းမှာ ဦးခေါင်းထိပ်
ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲဒူး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲပေါင်ရင်ြး့ပတ်ရှ
ဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ လွန်ခဲ့သော(၁)လခန့်ကတည်းက သမီးဖြစ်သူနှင့်
ကွဲကွာနေသော ခင်ပွန်းဖြစ်သူ မောင်ရင်လှမှ သားဖြစ်သူ ပြည့်ဖြိုးကျော်၊ (၂)နှစ်ကို လာရောက်ခေါ်ဆောင်သည့်ကိစ္စနှင့် စကားများကြရာမှ ဓါးဖြင့်
ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ မောင်ရင်လှ ကို အရေးယူပေးပါရန် ဦးတင်ဝင်းမှ တိုင်တန်းလာသဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၁၆၃/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

အတူရေကစားစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးအားရေလောင်း သည်ကို စိတ်ဆိုးပြီး ပိုးသတ်ဆေး သောက်၍သေဆုံး



ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်
၍ လှိုင်သာယာဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မသဲစုလှိုင်၊ (၂၀)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ အတွင်းပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူ
ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၀၃၀ အချိန်ခန့်က အတွင်းပဒံကျေးရွာ၊ ကျန်းလေးဘုန်းကြီးကျောင်း လမ်းအတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ သင်္ကြန်
ရေကစားနေစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးတစ်ဦးအား ရေလောင်း
သည်ကိုစိတ်ဆိုပြီး နေအိမ်သို့တစ်ဦးတည်းပြန်သွားကာ ခင်ပွန်းဖြစ်သူ ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်များအားသောက်ခဲ့ကြောင်း၊ ၁၁၀၀ အချိန်တွင် ခင်ပွန်းဖြစ်သူမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်
အော့အန်နေသည်ကိုတွေ့ရှိခဲ့၍ လှိုင်သာယာဆေးရုံသို့ပို့အပ် ကုသခဲ့ရာမှ ၁၁၃၀ အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit To : Yangon Police

Bathing and Health ရေချိုးခြင်း


ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါအုံးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့တွေ သမားရိုးကျရေချိုးတာ ဘယ်လို ကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။
Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Personal hygiene တကိုယ်ရေ-သန့်ရှင်းရေး၊ Religious ritual ဘာသာရေးထုံးစံ၊ Therapeutic purposes ဆေးကုသနည်း နဲ့ Recreational activity အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ Ritual religious bath ဘာသာရေးအရ လုပ်တာကို Immersion ခေါ်တယ်။ Therapeutic purposes ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။
ရေချိုးစည်၊ ရေပန်း၊ ရေကန်၊ မြစ်-ချောင်း-အင်း-အိုင်-ပင်လယ် နေရာအမျိုးမျိုးမှာ ရေချိုးနိုင်ကြတယ်။ မိုးရေကို ချိုးတာလဲ ပျော်စရာလို့ သတ်မှတ်ကြတယ်။ မိတ်ပျောက်တယ်လို့ ယူဆတယ်။ မိုးရေက (အက်စစ်) ဓါတ် ကဲနေပါတယ်။ တကယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းနေရင် (အက်စစ်) မိုးဖြစ်နေမယ်။ (ဆာလ်ဖါ-ဒိုင်အောက်တိုက်)၊ (နိုက်ထရိုဂျင်-အောက်ဆိုဒ်) နဲ့ (အောက်စီဂျင်) တွေ ပေါင်းစပ်ရာကနေ (ဆာလ်ဖြူရစ်-အက်စစ်) ဖြစ်လာပြီး၊ မိုးရေထဲ၊ နှင်းထဲ၊ မြူထဲမှာပါနေမယ်။ အန္တရာယ်ရှိတယ်။

ဘာသာရေးမှာ ရေချိုးရတာ Baptism (ဘက်ပ်တစ်) ခရစ်ယန်က နာမည်ကြီးပါတယ်။ ၁၆ ရာစု နောက်ပိုင်းမှာတော့ လူတွေက ဘုရားကျောင်းမှာထက် ရေချိုးခန်းမှာ အချိန်ပိုကုန်တယ်ဆိုပြီး ထောက်ပြလာခဲ့တယ်။ နောက်ပိုင်းမှာ တမျိုးမြင်လာတာက ကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေးဟာ Spiritual purity ဝိဥာဉ်အရ သန့်စင်တယ်။ ရေမချိုးဘဲ နေတာဟာ Not Egotistical အတ္တနည်းစေတယ်တဲ့။ Judaism (ဂျူဒဇင်) မှာ ဘာသာရေးအရ ရေချိုးတာကို Mikvah ခေါ်တယ်။ မွတ်ဆလင်တွေမှာလဲ ရေချိုးခန်းတွေမှာ Creator ဖန်းဆင်းရှင်ဆိုတဲ့ ဆုတောင်းခြင်း လုပ်စေတယ်။ Mosque ထဲ မဝင်ခင် ရေချိုးကြရတယ်။ ဟိန္ဒူတွေက ဂင်္ဂါမြစ်ထဲမှာ ရေချိုးရင် အကုသိုလ်တွေ ပျောက်စေတယ်လို့ ယုံကြည်ကြတယ်။ ပုဂံခေတ်အစ အရည်းကြီးတွေက ရေငုပ်ကြတယ်။

Bathtub ရေချိုးစည် နဲ့ Shower အပေါ်ကနေကျနေတဲ့ ရေပန်းတွေကို အနောက်နိုင်ငံတွေမှာ သုံးတယ်။ နေရာဒေသ၊ ရာသီဥတုနဲ့ ဆိုင်ပါတယ်။ Skylab 3 အာကာသယာဉ်မှူး Jack R. Lousma (လူဝီစ်မာ) ဟာ ကမ္ဘာပတ်လမ်းထဲမှာ ရေနွေးနဲ့ ရေချိုးတဲ့ဓါတ်ပုံ ရိုက်ယူလာခဲ့တယ်။ ပူတဲ့ နေရာဒေသတွေမှာတော့ ရေကန်ထဲ၊ ရေစည်ထဲကနေ ခပ်ချိုးကြရတာ များတယ်။ မြန်မာပြည်မှာတော့ ရေတွင်းထဲကနေငင်ပြီး တခါတည်း လောင်းချိုးကြတယ်။ ရေနည်းတဲ့အရပ်မှာဆို ဖအေရဲ့ အောက်မှာ သားကိုထားပြီး နှစ်ယောက်သား တပြိုင်တည်းချိုးကြရတယ်။

တနေ့ ဘယ်နှစ်ခါ ရေချိုးသလဲ။ တနေရာနဲ့ တနေရာ၊ ဒေသတခုနဲ့တခု မတူကြဘူး။ မပြည့်စုံတဲ့ နေရာတွေမှာ ရာသီဥတုလိုက်သာ ချိုးကြရပေမဲ့ ရေပူ-ရေအေး ၂၄ နာရီရတဲ့နေရာတွေမှာ မနက်လင်းတာနဲ့ တထပ်၊ အလုပ်ပြန်ချိန် ဒါမှမဟုတ် ညအိပ်ရင်တထပ် ချိုးလေ့ရှိတာက ယဉ်ကျေးမှုဖြစ်တယ်။ သိပ်ပူအိုက်တဲ့ အချိန်မျိုးမှာ တနေ့ထဲမှာ ၄-၅ ခါ ရေချိုးသူတွေကလဲ ချိုးပါတယ်။ အဆောင်တွေမှာ ရေချိုးခန်း-မင်းသားလုပ်ရင်တော့ အအော်ခံကြရမယ်။


ရေချိုးတဲ့အတွက် ဘာအန္တရာယ်တွေ ရှိသလဲ - ရေနစ်နိုင်တယ်။ ချော်လဲနိုင်တယ်။ ရေနွေးပူလောင်မယ်။ Heatstroke အပူမိနိုင်တယ်။ Hypothermia ကိုယ်ပူချိန် သိပ်ကျတာဖြစ်နိုင်တယ်။ နားထဲရေဝင်ရာကနေ နားကိုက်မယ်။ ယားနာ၊ ပွေးနဲ့ ကူးစက်ရောဂါတွေ ကူးစက်လာမယ်။ ပန်းနာ၊ နှင်းခူနာတွေ ထတတ်တယ်။ သုံးတဲ့ ဆပ်ပြာ၊ ရေထဲက Chlorine (ကလိုရင်း) စတာတွေကနေနဲ့ မတည့်တာမျိုး ရှိနိုင်တယ်။
ရှေးဟောင်း ရောမမှာ မြို့ကြီးတွေကို Aqueducts ရေပိုက်တွေနဲ့ဆက် ကွန်ယက်လုပ်ပေးခဲ့တယ်။ အလည်ခေတ်မှာ လူအများ စုဝေး ရေချိုးတာမျိုး ပေါ်လာတယ်။ အဲဒီခေတ်ကတည်းက ကိုယ်လုံးတီး ရေချိုးတာကို မျက်မှောက်ကုပ်ကြခဲ့တယ်။ ကိုယ်ခန္ဓာ ရောင်းစားသူတွေအတွက်သာ ဖြစ်တယ်လို့ ရှုံ့ချခဲ့ကြတယ်။

နောက်တော့ ချမ်းသာသူတွေက ကိုယ့်အိပ်မှာသာ ရေချိုးတာမျိုး ပေါ်လာပြီး Bathrooms ဆိုတာ အဲဒီကျမှ စတယ်။ ရေသုတ် တဘက်ကို ခေတ်မီဆန်းပြားအောင် လုပ်လာတယ်။ ရေကူးဝတ်စုံဆိုတာတွေ ဖက်ရှင်ဖြစ်လာတယ်။ Woolen နေရာမှာ Linen တွေ ဝင်လာတယ်။ လူ့အဆင့်အတန်းတရပ်လို ဖြစ်လာတယ်။ ဒါကို ကျန်းမာရေးဒေါင့်ကနေ ထောက်ခံမှု ပေးပါတယ်။ အလည်ခေတ် နောက်ပိုင်းရောက်တော့ Etiquette ယဉ်ကျေးမှုထုံးစံနဲ့ Medical manuals ကျန်းမာရေး-လမ်းညွှန်တွေ ထွက်လာတယ်။ လူအများရှေ့မှာ နား၊ လက်၊ ခြေထောက်၊ မျက်နှာနဲ့ လည်ပင်းကိုသာ သန့်စင် ဆေးကြောတာကို လက်ခံကြတယ်။
သူများနိုင်ငံတွေမှာ တချို့နေရာတွေကြ သိပ် (ဂရင်း) ကျအောင် စီမံထားတယ်။ (လက်ချာ-ဟောလ်) တွေ၊ အနုပြညာပြခန်း၊ တရားထိုင်ခန်း၊ ဆုတောင်းခန်း စတာတွေပါ တွဲထားပေးတယ်။ စီးပွါးရေးလဲ တွက်ခြေကိုက်သေးတာပေါ့။ တချို့ကြတော့ နှိပ်နယ်ခန်းတွေ ဆေးကုစရာနေရာလဲ တွဲထားပြီး ဒဏ်ရာရတဲ့ စစ်သားတွေအတွက်လဲ သုံးကြတယ်။ ဂရိတွေ ရောမတွေ စထွင်တုံးက ရေချိုးစရာနေရာတွေမှာ အတင်းပြောကြမယ်၊ စားကြမယ်၊ သောက်ကြမယ်၊ နောက်ဆုံး လိင်ကိစ္စကိုလဲ ဦးတည်အုံးမယ်။ ဆရာမြို့မငြိမ်းတို့ခေတ်မှာတော့ "ရေချိုးနေရင်းကွယ် လှောင်ပြုံး ပြုံးကြတယ်" အဆင့်သာ ရှိပါတယ်။
နောက်ပြီး Turkish Baths တူရကီ ရေချိုးနည်းကလဲ ခေတ်စားလာတယ်။ Steam baths ခေါ်ပြီး ရေနွေးငွေ့နဲ့ ချိုးရတယ်။ အနုပညာ ဆန်ဆန် ပြုပြင်ထားပေးတယ်။ ရွှေတွေ၊ ငွေတွေနဲ့လဲ မွန်းမံပေးထားသေးတယ်။ ဂျပန်က တမျိုးတဖုံ ဆန်းတယ်။ Spiritual pursuits of purity ဝိဥာဉ်သန့်စင်ရေးအတွက် လုပ်သင့်တဲ့ အလေ့အထလို့ သဘောထားတယ်။ ကျား-မ မခွဲခြားဘူး။ နောက်ကျမှ ခွဲတဲ့သူက ခွဲခြားလာတယ်။
ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခရေးတီးစ်) ဟာ ပင်လယ်ရေကို ဆေးကုရာမှာ စသုံးခဲ့သူဖြစ်တယ်။ သူပြောတာ မှန်တဲ့အကြောင်း နောက်ပေါ်ဆေးပညာရှင်တွေကလဲ လက်ခံကြတယ်။ ပင်လယ်ဆားကနေ (ဆဲလ်) တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ သွေးလှည့်တာ ပိုကောင်းစေတယ်။
(ဟာဘယ်) တိုင်းရင်းဆေးတွေသုံးပြီး ရေချိုးနည်း၊ဟာ အရင်ကလို သန့်ရှင်းလှပစေရေးအတွက်သာ မကတော့ဘဲ ဆေးကုတာ အတွက်ပါ ဖြစ်လာတယ်။ အထူးစီမံထားတဲ့ အပင်-အပွင့်-အဆီတွေကို သုံးလာတယ်။ အရေပြားနာတွေ၊ ခေါင်းကိုက်တာတွေ၊ စိတ်ဖိအားများတာတွေအတွက် ရည်ရွယ်တယ်။ သွေးလှည့်လည်မှု ကောင်းစေမယ်၊ ခုခံအား ကောင်းစေမယ်၊ ခွန်အား ဖြစ်စေမယ်၊ နေရထိုင်ရတာ ကောင်းစေမယ်။ ရေထဲမှာ Chamomile (ချမ်မိုမိုင်းလ်) ဆေးဘက်ဝင် အပင် ၂ ဆ၊ Lavender ခရမ်းပြာနုရောင် ရေမွှေးသုံးပန်း ၂ ဆ၊ Roses နှင်းဆီ ၂ ဆ၊ Comfrey leaf (ကွမ်ဖရိုင်း) ရွက် ၁ ဆကို ရောထည့်တယ်။

အီဂျစ်ဘုရင်မ Cleopatra (ကလီယိုပတ်ထွာ) ဟာ အသားအရေမှာ ပြစ်တင်စရာမရှိဆိုပြီး နည်မည်ကြီးခဲ့သူ ဖြစ်တယ်။ အလှဘုရင်မရဲ့ လှို့ဝှက်ချက်ကတော့ ရေချိုးရင် နွားနို့ နဲ့ ပျားရည်စစ်စစ် သုံးသတဲ့။ ဒီခေတ် (ကလီယိုပတ်ထွာ) နည်းကတော့ နို့မှုံ့ နဲ့ ပျားရည်ရောသုံးတယ်။ ရှေးဟောင်း အိန္ဒိယရာဇဝင်တွေမှာတော့ ကျွန်မတွေကိုသာ နွားနို့နဲ့ ဆေးခိုင်းတယ်။ နွားနို့ထဲက Lactic acid ထဲမှာ Essential amino acids ရှစ်မျိုးလုံး ပါတယ်။ ပျားရည်ထဲမှာ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေပါတယ်။ Phytochemicals ကနေ (ဗိုင်းရပ်စ်)၊ (ဗက်တီးရီးယား) နဲ့ (ဖန်းဂတ်စ်) တွေကို သတ်နိုင်တယ်။ ဒီခေတ်မှာ မျက်နှာကို လှစေအောင် ဂျုံမှုန့်၊ နွားနို့နဲ့ ပျားရည်တွေကို သမအောင် ရောမွှေပြီး ညီညာအောင် လိမ်းပေးခိုင်းတယ်။


ရေချိုး ပျင်းသူတွေရော ဆန့်ကျင်သူတွေပါ ရှိသေးတယ်။ ရေမချိုးလို့ မသေနိုင်ဘူးတဲ့။ ကိုယ်ပေါ်တင်နေတဲ့။ အညစ်အကြေးကနေ ရောဂါပိုးမွှားတွေကို ကာကွယ်နေတယ်ဆိုတဲ့ အယူအဆဟာ ဥရောပမှာ အလွန်မတန်ဆိုးလှတဲ့ Plague (ပလိပ်) ရောဂါကပ်ကြီး သင့်ခံရတုံးက ထွက်လာတာ ဖြစ်တယ်။ နောက်တော့ ဆားခါး၊ ဓါတ်ဆားနဲ့ (ဆာလ်ဖါ) ဓါတ်ဆားတွေ ထည့်ပြီး ရေချိုးတာ ပေါ်လာတယ်။ (ဆာလ်ဖါ) ကန့်ဓါတ်ပါတဲ့ ရေကနေ ဗက်တီးရီးယားတွေကို သေစေတာက အမှန်ဘဲ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ရေပူစမ်းဟာ အဲလိုဘဲ။ သူများ နိုင်ငံတွေမှာတော့ အတုလုပ်လာကနေ ခေတ်စားလာတယ်။ Spas, Saunas, Jacuzzis နာမည်တွေ ပေးထားတယ်။


ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ New England Journal of Medicine မှာ ရေးတာရှိတယ်။ ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။ ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို Sodium bicarbonate (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။ နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။


အထူးအဆန်း ရေချိုးနည်းတွေရှိတယ်။ ရေမဟုတ်ဘဲ ဘီယာ၊ ဝိုင်နီ၊ ကော်ဖီ၊ ချောကလက်ရည်၊ လက်ဖက်စိမ်းရေ၊ ရွံ့ရေ၊ (ဆာကေ) အရက်၊ ခရမ်းချဉ်သီး၊ ဆီ၊ ရေနံဆီ၊ နှင်းဆီပွင့်ဖတ်၊ ဆားရေ၊ သစ်သီးဝလံ၊ ရေခဲ၊ ခေါက်ဆွဲဟင်းရည်တွေကို သုံးပြီး ချိုးကြတယ်။ တခြားဟာတွေလဲ ရှိမှာပေါ့။
(ဖင်လန်) ကနေ မူရင်းခံလာတဲ့ Sauna (ဆော်နာ) ရေချိုးနည်းဆိုတာ ပူနေတဲ့သတ္ထုချောင်းပေါ်ကို ရေအေးနဲ့ဖြန်းလို့ ထွက်လာတဲ့ ရေနွေးငွေ့ကို အသုံးချတာပါ။ နည်းနာသစ်တွေလဲ ထွင်လာကြတယ်။ ချွေးတွေထွက်လာမယ်၊ ကိုယ်ထဲက မကောင်းတာတွေ ထွက်စေမယ်။ ကိုယ်အလေးချိန် ကျစေမယ်။ ကိုယ်-စိတ် ပေါ့ပါးစေမယ်။ ခုခံအား ကောင်းစေမယ်၊ အာခေါင်၊ လေပြွန်နာတာ-ရောင်တာ သက်သာစေမယ်။ (ဆော်နာ) မှာ ၁၅-၂ဝ မိနစ်လုပ်တာက ရိုးရိုးရေ ၁-၂ နာရီ ချိုးသလို ထိရောက်တယ်လို့လဲ ဆိုတယ်။ ကိုယ်ဝန်ဆောင်နေသူ၊ နှလုံးရောဂါရှိသူတွေ နဲ့ သွေးဖိအား များ-နည်းသူတွေ သတိထားဘို့ လိုပါသတဲ့။
မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီး ရှိတယ်။ “ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။ တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ၊ ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ့ မျက်စိကို မရောက်အောင် အကာကွယ်ပြုတာပါ၊ ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။ ထမင်းစားပြီး ရေမချိုးသင့်ပါ။ ရေမချိုးခင် ရေဝအောင် သောက်ပါ။ ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”


သောက်ရေကိုသာ သောက်ရပါမယ်။ ချိုးရေက သောက်ရေလို မသန့်ရင် ရောဂါရစေမယ်။ ၂၅-၁-၂ဝ၁ဝ က ကျင်းပခဲ့တဲ့ ၂၃၉ ကြိမ်မြောက် National Meeting of the American Chemical Society မှာ မနက်ခင်း ရေပန်းသုံးတာထက် ညပိုင်း ရေစိမ်ချိုးတာဟာ မကောင်းဘူးလို့ ပြောခဲ့တယ်။ ရေထဲမှာ ကိုယ်ကို စိမ်လိုက်ရင် မျက်စိနဲ့မမြင်နိုင်တဲ့ ဓါတ်တွေ ရှိတာကို မေ့နေကြတယ်။

 ရေဆိုရင် သန့်တယ်ဘဲ ထင်နေတတ်တယ်။ မိလ္လာရေထဲမှာ လူတွေကနေ ဓါတ်ပစ္စည်းပေါင်းများစွာ စွန့်ထုတ်ကြတဲ့ထဲမှာ ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေနဲ့ တခြား အံသြစရာတွေလဲ ပါနေတယ်။ ဆေးတွေလဲ ပါတယ်။ တချို့ဟာတွေက သောက်သုံးရေထဲမှာတောင် ပါနေတာမို့ ချိုးရေထဲဆို ပြောစရာ မလိုတော့ဘူး။
အပြင်မှာ အဝတ်အစားဝတ်ပြီး ရေချိုးတယ်။ ရေချိုးခန်းထဲမှာ ကိုယ်လုံးတီး ရေချိုးမယ်။ လုပ်နေ မကျသူတွေက ရေချိုးခန်း အလုံထဲမှာ လုံခြည်မချွတ်ရဲဘူး။ သူတို့စိုးရိမ်တာလဲ မလွန်ဘူး ရေချိုးခန်းမှာ CCTV ရှိနေနိုင်တယ်။ Bathing scene ရေချိုး-ပန်းချီကားတွေ ခေတ်စားလာခဲ့တယ်။ ကိုယ်လုံးတီး အမျိုးသမီးတွေကို (မော်ဒယ်) လုပ်လို့လားတော့ မသိပါ၊ နာမည်ကြီး ပန်းချီဆရာတွေ ပေါ်ထွက်လာတာတော့ အမှန်ဘဲ။ ဒါပေမဲ့ ထဘီရင်ရှား ပန်းချီကား နေရာတိုင်းမှာချိတ်ဘို့ မသင့်ပါခင်ဗျား။
Blood Pressure and Bathing သွေးတိုး နဲ့ ရေချိုးခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/blood-pressure-and-bathing.html

Dr. တင့်ဆွေ

နိုင်ငံခြားဖြစ်အရက်များ အတုပြုလုပ်ကာ လိမ်လည်ရောင်းချသူအား ဖမ်းဆီးအရေးယူ




ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် နိုင်ငံခြားဖြစ် အရက်များအတုပြုလုပ်ကာ လိမ်လည်ရောင်းချနေ
ကြောင်း၊ နိုင်ငံခြားဖြစ်အရက်နှင့်ဘီယာများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချ
နေကြောင်းသတင်းအရ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၃) ရပ်ကွက်၊ ဗိုလ်ဗလလမ်း၊ အမှတ်(၁၀၆)နေ ဒေါ်ကြည်ဝင်း၊ (၅၉)နှစ်၊ (ဘ)ဦးတင်အေး
၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြေရင်းစတိုခန်းအတွင်းမှ
နိုင်ငံခြားဖြစ် အရက်အတုများပြုလုပ်ရာတွင် အသုံးပြုသည့် နိုင်ငံခြားဖြစ်
အရက်တံဆိပ်မျိုးစုံပါပုလင်းခွံ(၃၄၀)လုံး၊ အရက်ရောစပ်ရာတွင် အသုံးပြု သည့် လီတာအမှတ်အသားများပါ ပုလင်းခွံ(၂၀)လုံး၊ အတုပြုလုပ်ထားသည့်
အရက်များ၊ နိုင်ငံခြားဖြစ် အရက်ပုလင်းတံဆိပ်မျိုးစုံပါ ကတ်တူဘူးခွံများ၊
ဂျော်နီဝေါကားအရက်တံဆိပ်စာရွက်ကြီးနှင့် အ၀ါရောင်အမှတ်တံဆိပ်
(၃၂၀၀)ခု၊ A-2 Tax Paid စာတမ်းပါ အကောက်ခွန်စာရွက်ငယ်(၂၀၀)ခု၊ ပါကင်ပိတ်ရာတွင်အသုံးပြုသည့် Gun (၂)ခု၊ ကော်ချောင်း(၅)ချောင်း၊ ခဲတို့ရာတွင်အသုံးပြုသည့် ဂေါက်တံ(၁)ချောင်း၊ ရေစစ်၊ ကန်တော့များနှင့် အကောက်ခွန်မဲ့ ဟန်နီကယ်ဘီယာ(၄၈၀)ဖာ၊ ချီးယားဘီယာ(၁၅)ဖာတို့ကို
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် ဒေါ်ကြည်ဝင်းကို သန်လျင်မြို့မရဲစခန်း
(ပ)၂၅၇/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း၊ (ပ)၂၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၂၀/၄၆၈ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

ယူကရိန်းကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ညကြီးမင်းကြီးကျင်းပ


ကုလသမဂ္ဂ ဧပြီ ၁၄

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားလိုလားသူ စစ်သွေးကြွများက အစိုးရအဆောက်အအုံများကို သိမ်း ပိုက်လိုက်ပြီးနောက် တင်းမာမှု များ မြင့်မားလာသည်ကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ညပိုင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ဧပြီလအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျသဘာ ပတိ နိုင်ဂျီးရီးယားနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဂျွိုင်းအော်ဝူက ယမန်နေ့ည ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် အစည်းအဝေးကို ဖွင့် လှစ်လိုက်သည်။ တနင်္လာနေ့ နံနက်ပိုင်း တွင် နောက်ဆုံးထား၍ လက်နက်ချရန်နှင့် သို့မဟုတ်ပါက ယူ ကရိန်းလက်နက်ကိုင် တပ်ဖွဲ့များ၏ အကြမ်းဖက်သမား အမြစ်ဖြုတ်စစ်ဆင်ရေးနှင့် ရင်ဆိုင်ရမည်ဖြစ် ကြောင်း ကိယက်ဗ်အစိုးရအဖွဲ့၏ ရာဇသံနောက်ဆုံးအချိန်မတိုင်မီ အစည်းအဝေးကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း မော်စကိုက ၄င်း၏ပိုင်နက်သို့ သွတ်သွင်းခဲ့သည့် ခရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့ဝင် ၂၅ဝဝဝကို ထပ်မံဖြည့်စွက်ကာ ယူကရိန်းနယ်စပ်အနီးတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် တပ်ဖွဲ့ဝင်များ ထောင်နှင့်သောင်းနှင့်ချီ၍ ရုရှားက ဖြန့်ကြက်ချထား လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး က ပြောကြားသည်။

တိုက်လေယာဉ်များ၊ တင့်ကားများ၊ အမြောက်ကြီးများနှင့် ထောက်ပို့ ယူနစ်များ အပြည့်အစုံပါဝင်သည့် ရုရှားတပ်ဖွဲ့ဝင် ၃၅ဝဝဝ မှ ၄ဝဝဝဝ ခန့် ယူကရိန်းနယ်စပ်အနီးတွင်ရှိနေကြောင်း ဂြိုဟ်တုပုံရိပ်များအရ သိရသည်။ သံအမတ်ကြီး သတ်ခ်လိုင်ယယ်ဂရန့်က လုံခြုံရေး ကောင်စီ အစည်းအဝေး၌ ပြောကြားသည်။

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် အကြမ်းဖက် သမားများအား အမြစ်ဖြုတ်အပြုတ်နှံမည့် လုံးဝဥဿုံစစ်ဆင်ရေးကြီးကို ယူကရိန်းလက်နက်ကိုင်တပ်များနှင့် ဆင်နွှဲမှုပြုလုပ်သွားရန် ဆုံး ဖြတ်လိုက်ကြောင်း၊ မိမိတို့အနေဖြင့် ခရိုင်းမီးယား အဖြစ်မျိုး နောက်တစ်ဖန် ဖြစ်ပေါ်စေရန် ရုရှားကို ခွင့် ပြုတော့ မည်မဟုတ်ကြောင်း ယူကရိန်း သမ္မတတာချီနော့ က ပြောကြားသည်။

ယူကရိန်းအစိုးရ၏ ရာဇသံနှင့် နယ်စပ်အနီး ရုရှားတပ် များ ရောက်ရှိနေ မှုတို့ကြောင့် ရုရှားနှင့် ယူကရိန်း တို့အကြား စစ်ရေးအရ ထိပ်တိုက်တွေ့ ဆုံလာနိုင်မည့် အရေးကို စိုးရိမ်ပူပန်မှု များ မြင့်တက်လာ လျက်ရှိသည်။

(ဆင်ဟွာ/ရိုက်တာ)
MOI Webportal Myanmar

လင်မယားချင်းစကားများရာမှ နေအိမ်မီးရှို့မှုဖြစ်ပွား


ငွေဆောင် ဧပြီ ၁၅

ဧပြီလ (၁၄) ရက်နေ့ ည (၉း၀၀) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်ကျေးရွာအုပ်စု သပြေခုန်ကျေးရွာနေ မချိုနွယ်ထွန်းနှင့် မောင်ဇင်နိုင်လင်းတို့ လင်မယားချင်း စကားများရာမှ ၎င်းတို့နေအိမ်ရှေ့ခန်းတွင် ထိုင်နေသော မချိုနွယ်ထွန်း၊ မဇင်နွယ်ထွန်း၊ မအိအိမွန်၊ မစိမ်းဒါလီနိုင်၊ မမိုးမိုးအေးနှင့် ကိုဇော်မျိုးတို့အား မောင်ဇင်နိုင်လင်းမှ အိမ်ပေါက်ဝတွင် ဓာတ်ဆီပုံးကိုင်လာပြီး ၎င်းတို့အား ဓာတ်ဆီနှင့်ပတ်၍ မီးရှို့ထွက်ပြေးသွားသဖြင့် နေအိမ်မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မဇင်နွယ်ထွန်း အသက် (၂၆) နှစ်၊ (အဘ) ဦးသန်းကြည်တွင် ဝဲဘက်ပေါင်ရင်းမှ လက်ချောင်းများထိ မီးဟပ်၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝမ်းဗိုက်နှင့် မျက်နှာများတွင် မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မအိအိမွန် အသက် (၃)နှစ် (အဘ) ဦးဇင်နိုင်လင်းမှာ ဝဲဘက်ပါးပြင် မီးဟပ်ထားသည့် ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ မချိုနွယ်ထွန်း အသက် (၃၂) နှစ် (အဘ) ဦးသန်းကြည်၏ သမီးမှာ ဝဲဘက် ပေါင်ရင်းမှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝဲယာလက်မောင်းမှ လက်ချောင်းများအထိ မီးလောင်ထားသည့် ဒဏ်ရာ၊ ရင်ခေါင်းမှ ဝမ်းဗိုက်အထိ မီးလောင်ထား၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ကျောပြင်တွင် မီးလောင်ထားသည့် ဒဏ်ရာတို့ဖြင့် လည်ေးကာင်း၊ ကိုဇော်မျိုး အသက် (၂၆)၊ (အဘ) ဦးမြင့်ကြည့်မှာ ဝဲယာဒူးဆစ်အောက်မှ ခြေချောင်းများထိ မီးလောင်ထား၍ အရေကြည်ဖုများ ထနေသည့် ဒဏ်ရာ၊ ညာဘက်တံခေါက်ကွေးမှ ခြေချောင်းများအထိ မီးလောင်ထားသည် ဒဏ်ရာ၊ ကျောကုန်တွင် မီးလောင်ဒဏ်ရာတို့ဖြင့် လည်းကောင်း၊ မစိမ်းဒါလီနိုင် အသက် (၂၈) နှစ်၊ (အဘ) ဦးလှစန်း ဝဲယာ ဒူးေါင်းအောက်မှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်နေသည့်ဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် မီးလောင်၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ယာဘက်လက်မောင်၊ မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မမိုးမိုးအေး အသက် (၂၉) နှစ် (အဘ) ဦးရှမ်းမှာ ယာဘက် တံတောင်ဆစ်အောက် မီးလောင်ထား၍ အရေခွံလန်နေသည့် ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး အောက်ပိုင်းမှ ခြေဖျားအထိ မီးလောင်၍ အရေခွံလန်နေသည့် ဒဏ်ရာမျက်နှာတွင် မီးဟပ်ထားသည့်ဒဏ်ရာ၊ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး သုံးပင်နှစ်ခန်း၊ ဆယ့်နှစ်ပေခန်းရှိ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်မှာ မီးလောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး (၃) သိန်းခန့်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

အဆင့် ၄ နေရာနှင့် အက်ဖ်အေဖလားကို အာဆင်နယ် ရယူနိုင်ကြောင်း ဝင်းဂါး ဆို


အာဆင်နယ်အသင်း အနေဖြင့် အဲဗာတန်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းတွင် ရပ်တည်နိုင်ပြီး အက်ဖ်အေဖလားကို ရယူနိုင်ကြောင်း အာစင်ဝင်းဂါးက သုံးသပ် ပြောကြားလိုက်သည်။


အာဆင်နယ်သည် စနေနေ့က ဝီဂန်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းတွင် ဟူးလ်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့အပြင် ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့် ၄ မှ အဲဗာတန်အသင်းနှင့် ၂ မှတ်ကွာဟလျက် ရှိသည်။

အင်္ဂါနေ့တွင် ဝက်စ်ဟမ်းနှင့် ကစားရမည့် ပွဲစဉ်မတိုင်မီ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အာစင်ဝင်းဂါးက အသင်း ပရိသတ်များ၏ ဝင်ဘလေကွင်းအတွင်း အားပေးမှုများအပေါ် ချီးကျူးခဲ့ပြီး ရာသီကုန်တွင် မျှော်မှန်းထားသည့် အဆင့် ၄ နေရာ၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“စနေနေ့က အသင်းရဲ့ ခြေစွမ်း ဆိုးရွားနေချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုက အံ့အားသင့်စရာပါ။ ကျွန်တော်တို့က ပရိသတ်တွေကို အသင်းရဲ့ အနောက်မှာ ရှိနေစေချင်တာပါ။ တကယ်တမ်းလည်း သူတို့ဟာ အသင်းကို အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရာသီကုန်မှာ ရည်မှန်းထားတဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ဟာ အက်ဖ်အေဖလားကိုလည်း ရယူနိုင်ပါလိမ့်မယ်” ဟု ဝင်းဂါးက ဆိုခဲ့သည်။

အာဆင်နယ်သည် မေလ ၁၇ ရက်တွင် ဝင်ဘလေကွင်း၌ ဟူးလ်စီးတီးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

soccermyanmar

ကမ္ဘာလှည့်ခရီးသည်၏ မေ့ကျန်ပစ္စည်း ပြန်လည်ပေးအပ်


ရန်ကုန် ဧပြီ ၁၄

ရန်ကုန်အပြည်ပြည်ဆိုင်ရာသီလ ဝါဆိပ်ကမ်း MITT သို့ ဧပြီ ၇ ရက် ကရောက်ရှိလာသော M.V Nautica အပျော်စီးသင်္ဘောပေါ်မှ ကမ္ဘာလှည့် ခရီးသည်ဂျာမနီနိုင်ငံသူ Mrs. Maier သည် ဧပြီ ၈ ရက် နံနက် ၁၀ နာရီခွဲ
က TAXI ဖြင့် ဗိုလ်ချုပ်ဈေးမှရွှေတိဂုံ ဘုရားသို့သွားစဉ် iPad နှင့် အသုံး အဆောင်ပစ္စည်းများပါအိတ်တို့ မေ့ ကျန်ခဲ့သဖြင့်ရွှေတိဂုံစေတီဘုရား အခြေ ပြု Tourist Police တပ်ဖွဲ့သို့ တိုင် ကြားခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စုံစမ်းရှာဖွေမှုကြောင့် အငှားယာဉ်မောင်း ဦးတင်ညွန့်နှင့် ဆက်သွယ်နိုင်ပြီး မေ့ကျန်ပစ္စည်းများကို ပြန်လည် ပေးအပ်ရေးစီစဉ်နိုင်ခဲ့သည်။

“ ဒီပစ္စည်းတွေ ပြန်ရပြီဆိုတာကို ကပ္ပတိန်ကတစ်ဆင့် အကြောင်း ကြားထားပြီးပြီ၊ ပစ္စည်းပြန်ရတဲ့သတင်း စကားကြားလို့ သူပျော်နေတယ်၊ ရိုးသားစွာ ပြန်လည်ပေးအပ်ခဲ့တဲ့ ယာဉ် မောင်းဦးတင်ညွန့်နဲ့ ကူညီရှာဖွေ ပေးတဲ့သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။ မြန်မာလူမျိုး တို့ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်ကိုသူက ချီးကျူးကြောင်း ပြန်အကြောင်းကြားတယ်။ ကျွန်တော်တို့က သူစီး သွားတဲ့ သင်္ဘောနောက် ကပ်မယ့်မွမ်ဘိုင်းဆိပ်ကမ်းအရောက် အမြန် ချောပို့ DHL နဲ့ ပို့ပေးမယ်၊ Mrs. Maier နဲ့ ခင်ပွန်းတို့က သင်္ဘောကြီးနဲ့ လိုက်လာတာမှန်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီအစီအစဉ်နဲ့ သွားတာ မဟုတ်ဘူး၊ သူတို့စိတ် ကြိုက်သွားတဲ့ ခရီးစဉ်မှာဖြစ်ပေါ်သွားတဲ့ ကိစ္စပါ” ဟု သင်္ဘောခရီးစဉ် စီစဉ်သည့် Myanmar Voyages ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု ရန်ကုန်တပ်ဖွဲ့စုမှူး ဒုတိယရဲအုပ် သန်းမြင့်ဇော်က “အခုလို နိုင်ငံခြား သားတွေ TAXI ပေါ်မှာ ပစ္စည်းမေ့ ကျန်ခဲ့တဲ့အဖြစ်တွေ ခုလို လိုက်စုံစမ်း တာ ခြောက်မှုတော့ရှိတယ်၊ ပြီးခဲ့တဲ့ ရှစ်ရက်ကလည်း တူရကီနိုင်ငံသား Mr. Zeynop ရွှေတိဂုံဘုရားသို့ TAXI နဲ့အလာမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်။ ကင်မရာကို ပြန်အပ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနရဲ့ ဆောင်ရွက်ချက် တွေ အောင်မြင်အောင် ပြည်သူလူထု တွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ Community Polician ဆိုတာ ပြည်သူလူထုကို အခြေ ပြုပြီး ဆောင်ရွက်နေတဲ့အခါမှာ ယာဉ်မောင်းတွေကလည်း ရိုးသားစွာနဲ့ ပူး ပေါင်းဆောင်ရွက်နေတဲ့အတွက် သူတို့ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်” ဟု ပြောပြသည်။

MOI Webportal Myanmar

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လူသတ်မှုနှင့် မီးရှို့မှု ဖြစ်ပွား


ဆိပ်ကြီးခနောင်တို ဧပြီ ၁၄

၂၀၁၄ ခုနှစ် ဧပြီလ (၁၄)ရက်နေ့ ၁၆၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်း၌ ဓါးထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ဇော်လင်းထွန်း (၂၀)နှစ် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်မရှိ နေသူသည် မလမင်းတွယ်တာ (၁၅)နှစ် (၁၀ တန်းကျောင်းသူ)အား ရေပက်ကစားရင်း ပါးဖက်နမ်းသဖြင့် လမင်းတွယ်တာ၏ အဒေါ်ဖြစ်သူ မဇင်မီမီထွန်း(ခ) ဇင်မီလေး၊ (၂၉)နှစ်မှ ဇော်လင်းထွန်းအား ပါးပြန်ရိုက်ခဲ့ကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်၍ ဇော်လင်းထွန်း၏ မိခင် ဒေါ်တင်တင်မော် (၃၉)နှစ်၊ ဦးလေးဖြစ်သူ ဦးသုခ (၃၅)နှစ်၊ အစ်မဖြစ်သူ မအိဖြူတို့မှ မကျေနပ်၍ ပြန်လည်ပြောဆို စကားများကြစဉ် မဇင်မီမီထွန်း(ခ) ဇင်မီလေးမှ အရိုးအသွား (၄)လက်မခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့် လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်မောင်း၊ ၀ဲလက်ကောက်ဝတ်နှင့် ၀ဲလည်ပင်းအောက်တို့၌ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ ဦးသုခတွင် ယာလက်မ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ မအိဖြူတွင် ၀ဲနဖူး၊ ယာနဖူး၊ ယာပါးပြတ် ဒဏ်ရာတို့ အသီးသီး ရရှိခဲ့ခြင်းကြောင့် ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ကြီးခနောင်တို မြို့မရဲစခန်း ဒုရဲမှူး ဇော်မင်းနိုင်မှ (၁၇၀၀)နာရီတွင် (ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေစဉ် (၁၇၁၀)နာရီတွင် ဒေါ်တင်တင်မော်မှာ သေဆုံး သွားသဖြင့် ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ၍ မဇင်မီမီထွန်းအား ခေါ်ယူ စစ်ဆေးလျက် ရှိပါသည်။

ထိုသို့ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေစဉ် မဇင်မီမီထွန်း၏ တူဖြစ်သူ ရဲလင်းထက်မှ (၁၇၄၀) အချိန်တွင် မိမိအိမ်ကို မီးရှို့ခဲ့သဖြင့် ရပ်ကွက်မှ မီးငြှိမ်းသတ်ကြရာ (၁၇၅၀)တွင် မီးငြိမ်းခဲ့သဖြင့် တန်ဖိုး ၇ထောင်ဖိုးသာ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၄၃၆/၁၁၄)ဖြင့် ရဲလင်းထက်အား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော်




အောင်ဟိန်းခိုင် ၊ ဧပြီ ၁၄

မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင်ပွဲတော်စတင်ကျင်းပသည့် ပထမ ၃ ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို အန္တရာယ်ရက်များအဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက် တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့သည်။ သင်္ကြန် (ဆွန်ခရမ်) ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟုသိရသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန ၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော်စတင်ကျင်းပသည့်နေ့မှ စတင်ကာ ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁ ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့် ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ခင်ဝင့်ဝါနဲ့ စိုင်းစိုင်းခမ်းလှိုင် ဘာဖြစ်နေကြပြီလဲ


 -
အွန်လိုင်းထဲ ရောက်လာတဲ့  သင်္ကြန်ပုံများထဲမှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က အလှမယ် ခင်ဝင့်ဝါကို ဖက်ထားတဲ့ပုံက  ဒီကနေ့ လူပြောအများဆုံးထဲ ပါဝင်နေပါပြီ။

ဒီတော့ သူတို့နှစ်ယောက် ဘာဖြစ်နေကြပြီလဲ လို့ မေးစရာ ရှိလာပါတယ်။
မင်းသားချောက လူမြင်ကွင်း သင်္ကြန်မဏ္ဍပ်ပေါ်မှာ ဖက်ထားတယ် ဆိုတော့ အင်း… သူတို့က ဒီလိုဖြစ်သွားကြပြီလား ဆိုပြီး ထင်မိကြပါလိမ့်မယ်။

အဲသလိုတော့ အထင် မမှားစေလိုဘူးလို့ ခင်ဝင့်ဝါက သူ့ဖေ့စ်ဘုတ်မှာ ရှင်းချက်ထုတ်ပါတယ် –
အဲဒါ ရုပ်ရှင်ရိုက်နေကြတာပါ တဲ့။

သူရေးထားတာကို အတိအကျ ပြန်ကူးပြရမယ် ဆိုရင်…

သင်္ကြန်အကျနေ့က Alpine Mandat မှာ သင်္ကြန်ပြတိုက်ရုပ်ရှင်ကားကြီး ရိုက်တုန်းက ဓာတ်ပုံတွေပါရှင့် :)
အကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းမှ ဓာတ်ပုံများကို ချစ်ပရိတ်သတ်ကြီး အထင်မလွဲစေချင်ပါဘူးရှင့်
ရုပ်ရှင်ရိုက်ကူးမှူကိုနားလည်ပေးမယ်လို့ မျော်လင့်ပါတယ်ရှင့် :):):):)့

ဝင့်ဝါ သင်္ကြန်ပြတိုက် ဆိုတဲ့သင်္ကြန်ရုပ်ရှင်ကားကိုရိုက်ကူးနေချိန် အတွင်းဇာတ်ဝင်ခန်းမှဓာတ်ပုံတွေ တတ်လာသည့်အတွက် ချစ်ပရိတ်သတ်ကြီးအားလုံးအထင်မလွဲစေချင်ကြောင်းအထူးမေတ္တာရပ်ခံပါတယ်ရှင့်
သင်္ကြန်ပြတိုက် ကားကြီးထွက်ရှိလာရင်လည်းအားပေးဝေဖန်ပေးပါဦးနော် ချစ်ပရိတ်သတ်ကြီဂ :):):):)

…. ဆိုပြီး ဖြေရှင်းချက်ကို ဒီမနက် ၊ ၁၅ ရက်နေ့ မနက်မှာ ၂ခါ ဆက်တိုက် ပေးလာပါတယ်။

ဧရာဝတီ

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်ကို ဂျွန်လွင်(Star & Model ) မှ ပြန်လည်ပြောကြား


ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal ၏ Foam party မဏ္ဍာပ်တွင် ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်များနှင့်ပက်သက်ပြီး ဂျွန်လွင်(Star & Model) မှ မဇ္စျိမသို့ ပြန်လည်ပြောကြားခဲ့သည်။
"ပထမရက်က ဖျော်ဖြေမှုနဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး။ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခတ်နဲပက်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့်ကျွန်တော်က ဘန်ကောက်က အကသမားတွေကိုခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောမျိုးပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တဲ့သူတွေကလည်း ပြောနေမှာပါပဲ။ ယိုးဒယား အကသမားတွေရဲ့ ၀တ်စားဆင်ယင်မှု အနည်းငယ်ပေါ်သွားတာကိုပဲ ရိုက်ပြီးတင်ကြတာပါ။ တစ်ပွဲလုံးလည်းကြည့်စေချင်ပါတယ်။ အခုကလည်း ဒီမိုကရေစီခေတ်ဆိုတော့ ဝေဖန်ချင်သလို ဝေဖန်ခွင့်ရှိပါတယ်။ ကျွန်တော်က မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ မြန်မာသင်္ကြန်ကို အရုပ်ဆိုးအောင်လုပ်တာ မဟုတ်ပါဘူး။ အခုလိုပြောကြတာက ကျွန်တော့်အတွက် သတိပေးသလိုဖြစ်ပါတယ်။"ဟု ၄င်းက ပြောသည်။
ဖျော်ဖြေပွဲများကို ထူခြားစွာတင်ဆက်တတ်သည့် ဂျွန်လွင်သည် သင်္ကြန်တွင် လာရောက်ဖျော်ဖြေကြသည့် ထိုင်းနိုင်ငံက အကအဖွဲ့များ၏ ၀တ်စားဆင်ယင်မှုများကို နောက်ထပ် ဖော်လှော်သည့် အ၀တ်အစားများ မ၀တ်ကြစေရန်အတွက် တားမြစ်ခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၄ရက်သင်္ကြန်အကျနေ့တွင် ထိုင်းအက အဖွဲ့များ၏ ကပြဖျော်ဖြေမှုတွင် ၀တ်စားဆင်ယင်မှုများသည် လုံခြုံမှုရှိသည်ဟု ဆိုခဲ့သည့်အပြင် လာရောက် မကြည့်ရှုနိုင်ကြသည့် ပရိသတ်များကိုလည်း Myanmar Event Face Book တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု ထပ်မံပြောသည်။
ထိုင်းနိုင်ငံမှ နာမည်ကြီး အမျိုးသမီးအကအဖွဲ့၊ ပြည်ပမှ နာမည်ကြီး DJ နှင့် ဂျွန်လွင်(Star & Model) ကို တွေ့ရစဉ်။

ဓာတ်ပုံ - ဟိန်းထက်
Mizzima - News in Burmese

နိုင်ဂျီးရီးယားဗုံးခွဲမှု ဘိုကို ဟာရမ် လက်ချက်လို့ ဆို


မနက်ပိုင်း လူစည်ကားချိန်မှာ ဗုံးပေါက်ကွဲခဲ့

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာ မြို့တော် ဆင်ခြေဖုံး ရပ်ကွက်က ဘတ်စ်ကား မှတ်တိုင်တခုမှာ လူ ၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှု တွေဟာ ဘိုကို ဟာရဲမ် အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan က ပြစ်တင် ပြောဆိုလိုက်ပါတယ်။

မနက်ပိုင်း လူအသွားအလာ များတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ၁၂၀လောက်လည်း ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်တဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့စဉ် သမ္မတ Goodluck Jonathan က ဒီတိုက်ခိုက်မှုဟာ နိုင်ဂျီးရီးယားနိုင်ငံကို နောက်ပြန်ဆွဲဖို့ ကြိုးစားနေသူတွေရဲ့ လုပ်ရပ် ဖြစ်တယ်၊ ဒါပေမယ့် ဘိုကို ဟာရမ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုရန်ကို နိုင်ဂျီးရီးယား နိုင်ငံအနေနဲ့ ကြောက်ရွံ့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အဓိက လှုပ်ရှားနေတဲ့ ဘိုကို ဟာရဲမ် အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ထုတ်ဖေါ် ပြောတာမျိုး မရှိသေးပါဘူး။

BBC

ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်း တို့တွင်စည်ကား

သင်္ကြန်အကျနေ့ ညနေပိုင်းက ပြည်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ်


၂၀၁၄ ခုနှစ် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ရက်) တွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ တည်ရှိသည့် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်းတို့တွင် ရေကစားသူများဖြင့်စည်ကား ခဲ့သည်ကိုတွေ့ရသည်။

သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူများ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုများ မပြုလုပ်ခဲ့ဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်စ်တုံးများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

“မနှစ်ကဆိုရင် ဒီနေရာမှာ လမ်းတွေ ပိတ်ဆို့နေပြီ။ အခုက တော်တော် ရှင်းတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု  စက်မှု (၁) လမ်းမပေါ်ရှိ အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြက်ဖ၊ ဂျောက်ဂျက်၊ ယုန်လေးစသည့် Hip Hop အဆိုတော် အများစု ဖျော်ဖြေသည့် Huawei မဏ္ဍပ်တွင်လည်း လည်ပတ်သူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ သို့သော် မဏ္ဍပ်အများစုမှာ ကမ္ဘာအေး ဘုရားလမ်းဘက်သို့ ရောက်ရှိသွားသည့်အတွက် ယခင်နှစ်များကထက် သင်္ကြန်ရေကစားသူ ပရိသတ် ပိုမိုများပြားမှု မရှိခဲ့ကြောင်း အနီးအနားတွင် ဈေးရောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ မဏ္ဍပ်အများစုတည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံ ထွက်သူများနှင့် သင်္ကြန်အကျနေ့တွင် စည်ကားခဲ့သည်ကို တွေ့ရှိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဈေးရောင်းချနေသူ တစ်ဦးက “ကျွန်မကနှစ်တိုင်း ဒီကန်ပတ်လမ်းမှာပဲ ဈေးရောင်းပါတယ်။ ဒီနှစ်သင်္ကြန်လည်း မနှစ်ကလိုပဲ စည်ပါတယ်။ အရောင်းအ၀ယ်ကတော့ အကြိုနေ့က နည်းနည်းပါးတယ်။ ဒီနေ့ကတော့ ရောင်းကောင်းပါတယ်” ဟု ဆိုသည်။

ထို့ပြင်သင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တွင်း အနော်ရထာလမ်းမပေါ်တွင်လည်း ရေပက်ခံကားများဖြင့် စည်ကားနေသည်ကိုလည်း တွေ့ရှိရသည်။

သင်္ကြန်အကြိုနေ့က ကရ၀ိတ်ဥယျာဉ်ကမ္ဘာရှိ Grand Royal ရေကစားမဏ္ဍပ်တွင် နိုင်ငံခြားသူ အမျိုးသမီးများမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့် မသင့်တော်သည့် ၀တ်စားဆင်ယင်မှုများဖြင့် ကပြမှုများမှာ အင်တာနက်လူမှုကွန်ရက်များတွင်ပျံ့နှံ့ခဲ့ပြီး ပရိတ်သတ်များအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

News Eleven

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်ဖက် ထွက်ပြေး



ကချင်ပြည်နယ်၊ မန်စီမြိုနယ်နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တပ်တွေတိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေကျတာကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်နယ်စပ်ဘက်ကို ထောင်ဂဏန်းလောက် ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ဒီအတောအတွင်း ဧပြီလ ၁၃ ရက်နေ့ကစပြီး မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချဲ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သဘောတူညီမှုတွေ ရရှိနေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ ဧပြီလ ၁၀ ရက်ခန့်ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးတွေ ကျရောက်နေတဲ့အတွက် ကချင် ဒုက္ခသည် တွေနဲ့ ရှမ်းရွာသားတွေဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကတော့ တရုတ်ပြည်နယ်စပ်အထိ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ တရုတ်နယ်စပ်က အခြေအနေကို ဗမာပြည်ကွန်မြူနစ်ပါတီက ဒေါ်လှကျော်ဇောက အခုလို ပြောပါတယ်။

“မနေ့တုန်းက တရုတ်ပြည်ထဲကို ဒုက္ခသည်တွေ အများကြီး ပြေးဝင်လာတယ်။ တိုက်ပွဲတွေကြောင့်-တဲ့၊ ဒုက္ခသည်စခန်းနားမှာကို ကျည်ဆံတွေကျလို့-တဲ့။ ဒုက္ခသည်စခန်းက လူတွေကကိုက ထပ်ပြေးလာရတာ။ လူပေါင်း ၂ ထောင်လောက် ပြေးဝင်လာတယ်လို့ ပြောတယ်။ ပထမတော့ တရုတ်က ပိတ်ထားတယ်-တဲ့။ နောက်တော့ ဖွင့်လိုက်တယ်လို့ ပြောတယ်။ ရွှေလီတို့၊ လုံတောင်းတို့ဘက်-တဲ့။ လုံတောင်းလေ- ရွှေလီနဲ့ ကပ်နေတာရော၊ ဗမာနယ်စပ်နဲ့၊ အဲဒီနား ကပ်နေတာပဲ။ ရှမ်းအများစု၊ လွယ်ကျယ်ဘက်လည်း ဝင်တယ်-တဲ့။ အဲဒီဘက်လည်း တပ်တွေ အပြောင်းအရွှေ့တွေ တအားဝင်လာလို့-တဲ့။ လွယ်ကျယ်ဘက်ကလည်း လူတွေ ထွက်ပြေးလာတာတွေ ရှိတယ်။ ရွှေလီ- လုံတောင်းဘက်ကိုလည်း ထွက်ပြေးလာတာတွေ ရှိတယ်-တဲ့။ လူ ၂ ထောင်လောက်တော့ ရှိပါတယ်။”

တိုက်ပွဲဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က နယ်စပ်တွေကို ပိတ်ထားပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်အမျိုးသမီး အစည်းအရုံးက အော့နန်းကတော့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတယ်လို့ ဆိုပါတယ်။

 “ကျမသိသလောက်က အခုက စစ်ပြေးဒုက္ခသည်တွေ ဝင်းပင်းနားက လဂျားယမ်ကမ့် ရှိတယ်လေ။ အဲဒီကမ့်နားက လူတွေက များသောအားဖြင့် ပြေးလာကြတော့ IDP ကမ့်မှာ နေလို့ မရတော့ဘူး။ နေလို့မရတော့ အဲဒီ လဂျားယမ်ဘက်နဲ့နီးတဲ့ တရုတ်နယ်စပ်မှာ အဲဒီမှာ တချို့အဖွဲ့တွေ ပြေးဝင်သွားတဲ့သူတွေရှိတယ်။ တချို့အဖွဲ့တွေက မန်ဝိန်းမြို့ဘက်မှာပေါ့- -- ဘက်မှာ ပြေးသွားတဲ့သူရှိတယ်ပေါ့။ ပြီးရင် ရှမ်းရွာဘက်မှာရော ဒီဘက်နဲ့ကျတော့ မန်ဝိန်းဘက်က ရှမ်းရွာဘက်က လူတွေရော၊ များသောအားဖြင့် နမ့်ခမ်းဘက်က ကချင်ဘုရားကျောင်းဘက်နဲ့ ဘုန်းကြီးကျောင်းဘက် ပြေးသွားတဲ့လူတွေ ရှိတယ်ပေါ့နော်။ အခုတော့ IDP တွေ အဲဒီနေရာတွေမှာ ပြေးသွားနေတယ်-တဲ့။”

တိုက်ပွဲဖြစ်နေတဲ့နေရာက ကချင်အမျိုးသမီးတစ်ဦးကတော့ စစ်အင်အားတွေတိုးချဲ့ပြီး တက်လာနေတယ်ဆိုတာတွေ ကြားနေရကြောင်းနဲ့ ရှမ်းရွာသားတချို့ လက်နက်ကျည်ဆံထိမှန်ခဲ့ကြောင်း လက်ရှိ ဒုက္ခသည်တချို့ရဲ့ ခိုလှုံနေထိုင်မှု အခြေအနေတွေကို ပြောပြပါတယ်။

“အမြဲတမ်း တိုးချဲ့နေတာပေါ့နော်။ အခုက ကျမတို့ ဒီမှာ နေတဲ့နေရာက တနေ့ကဖြစ်တဲ့ တိုက်ပွဲနားမှာပေါ့၊ ရှမ်း၊ ပမ့်ခမ်းပါဆိုတဲ့ ရှမ်းရွာလေးက ရွာသူ ရွာသားတွေပေါ့။ တယောက်တော့ နည်းနည်း ထိသွားတာပေါ့။ တချို့ရှမ်းရွာတွေကတော့ နောင်တောင်းဘက်၊ သူတို့ ဆွေမျိုးတွေရှိတဲ့ဆီမှာ ခိုလှုံနေတယ်ပေါ့နော်။ ထွက်ပြေးနေရတဲ့စာရင်းက အတိအကျမရဘူးပေါ့နော်။ အခု ကျမတို့နဲ့ လမ်းပေါက်နေတဲ့ နေရာကတော့ ၂၀၀ နီးပါး၊ ၁၀၀ ကျော်လောက်၊ တရုတ်ပြည်ရဲ့ ---ချီရွာနားမှာပေါ့၊ မနောကွင်းရဲ့ခမ်းမမှာနေတာပေါ့။”

ဧပြီလ ၁၃ ရက်နေ့ကရတဲ့သတင်းတွေအရ စစ်အင်အားဖြည့်ဖို့လာတဲ့ မြန်မာစစ်တပ်ရဲ့ကားတန်းတွေကို KIO ကနေ တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း၊ နောက်ဆုံးရတဲ့သတင်းတွေအရ ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကားတွေ၊ ရှမ်းပြည်နယ် နမ့်ခမ်းဘက်က တက်လာတဲ့စစ်ကားတွေဟာ အနည်းဆုံး ၁၀ စီးကျော်ရှိပြီး တိုက်ပွဲတွေရှိရာဘက်ကို ဦးတည်လာနေတဲ့ အကြောင်း သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

VOA

ရေကစားမဏ္ဍပ် ၁၀၀ နီးပါး ရန်ကုန်မြို့မှာ ခွင့်ပြုထား


ဒီနှစ် ရန်ကုန်မြို့သင်္ကြန်မှာ ရေကစားမဏ္ဍပ် ၁၀၀ နီးပါးလောက် ဆောက်လုပ်ခွင့်ပြုထားပြီး ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ်ကြီး ၁၈ ခု၊ ကမ္ဘာအေးဘုရားလမ်းမှာ ၁၂ခု နဲ့  ပြည်လမ်းမှာ မဏ္ဍပ်ကြီး ၄ ခု ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရပါတယ်။

ရေကစားသူတွေနဲ့ မဏ္ဍပ်ကြီးတိုင်းရဲ့ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ CCTV တွေ တပ်ဆင်ခိုင်းထားပြီး  ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မဏ္ဍပ်ကြီးတွေတိုင်းမှာ ချထားတယ်လို့ ရန်ကုန်မြို့တော် သင်္ကြန်ကာလအတွက် ပူးပေါင်းစီစဉ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက RFA ကို ပြောပါတယ်။

"မဏ္ဍပ်တွေမှာ CCTV တွေ တပ်ဆင်ထားတယ်၊ ရန်ဖြစ်မယ်ဆိုလို့ရှိရင် ပထမဆုံး မဏ္ဍပ်လုံခြုံရေးကရှင်း ရှင်းလို့မရရင် ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ ရှင်းပေးမှာပေါ့နော်၊ မှုခင်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီးတော့ တရားဥပဒေအရလုပ်မှာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်အနောက်ပိုင်းခရိုင် မဏ္ဍပ်ကိုတော့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာ လမ်းထောင့်မှာ ဆောက်လုပ်ထားပြီး ဒီကနေ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေစုပေါင်းဖွဲ့စည်းထားတဲ့ ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။


RFA Burmese

ရန်ကုန်လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့



တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden Myanmar) လေယာဉ်က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ ၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ်ရန် အသေးစား ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

"လေယာဉ်ထိခိုက်မှု ကတော့ တော်တော်လေး ဖြစ်သွားတယ်။ လေယာဉ်အမြီးပိုင်းက တော်တော်လေးထိတယ်။ အခုက ပိတ်ရက်လည်းဖြစ်တယ်။ အခုလေယာဉ် ဒီလိုဖြစ်တဲ့အတွက် ခုံရုံးအသေးစားလေး ယာယီဖွဲ့ထားတာပဲ ရှိတယ်။ ရုံးတွေဖွင့်တဲ့အခါကျရင်တော့ ဒီဟာတွေက ဆက်လုပ်သွားရမှာပေါ့၊ ခုံရုံးက ဒီနေ့ အားချင်းပဲ ဖွဲ့တာပါ"ဟု
MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

လေယာဉ်နှစ်စင်း မတော်မဆမှုသည် ခရီးသည်များ လေယာဉ်ပေါ်မတက်မီ ဖြစ်ပွားခဲ့၍ လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

"လူထိတာတော့ မရှိပါဘူး။ ဘာအန္တရာယ်မှ မရှိပါဘူး။ လေယာဉ်ကတော့ ခရီးစဉ် Delay (ကြံ့ကြာမှု) ဖြစ်နိုင်ပါတယ်။"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူက ဆိုသည်။

ဧပြီ ၁၄ရက် နံနက်တွင် ပြင်ပနိုင်ငံတစ်ခုကို သွားမည့် Golden Myanmar လေယာဉ်သည် ခရီးသည်မတင်မီ လေယာဉ်နေရာရွှေ့နေစဉ် ရပ်ထားသည့် MAI လေယာဉ်၏ အနောက်ဘက်ပိုင်းကို ဝင်တိုက်မိခြင်းဖြစ်ပြီး Golden Myanmar လေယာဉ်ခေါင်းပိုင်း အနည်းငယ် ပျက်စီးခဲ့ပြီး MAI လေယာဉ် နောက်မှီးပိုင်း ပျက်စီးခဲ့ရသည်။

Golden Myanmar လေယာဉ်သည် ရန်ကုန်မှ မည်သည့်နိုင်ငံသို့ သွားရောက်မည်ကိုမူ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများက ပြောဆိုခြင်း မရှိပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမ Golden Myanmar လေကြောင်းလိုင်း၏ Hot Line ဖုန်းများကို ဆက်သွယ်ခဲ့ရာ သတင်းပြန်ကြားရေးဌာနမှာ သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည့်အတွက် ရုံးဖွင့်ရက်မှသာ ပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်



လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှား ယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေး တလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

ရန်ကုန် သင်္ကြန် မဏ္ဍပ်တခုမှာ မြူးတူး ပျော်ပါးနေသူများ (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ် နဲ့ အပြင်ကို ထွက်သွားတယ်။

နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။ လူငယ် ၂ ဦးကို အဲဒီ စက္ကူထုပ် လှမ်းပေး လိုက်တယ်။

“အားလုံးပေါင်း ဆေးပြား ၁၀ဝ၊ ကျပ် ၅ သိန်းဖိုး ပဲ၊ လိုသေးရင်တော့ သိပ်မကြာနဲ့နော်၊ ပစ္စည်းက ပြတ်
တော့ မှာ၊ အခု သင်္ကြန်အချိန် နီးလာတော့ ဆေးပြား ဝယ်တဲ့သူက တအားကို များနေတာ၊ ညီလေးတို့လိုပဲ ကြိုတင် စုထားတဲ့ သူတွေပေါ့”လို့ ပြောရင်း ငွေကို ရေတွက်လိုက်တယ်။

အဲဒီ မြင်ကွင်းလေး ကတော့ သင်္ကြန်ကာလမှာ မဏ္ဍပ်ထိုင်ကြမယ့် လူငယ်တစုက WY လို့ ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေကို ရာစီး အလိုက် ဝယ်ယူနေတဲ့ မြင်ကွင်းလေးပါ။

သင်္ကြန်ကာလမှာ ဒီနေ့ခေတ် လူငယ်ထု အကြား စိတ်လွတ်ကိုယ်လွတ် မြူးကြွဖို့ အတွက် ဒီလို စိတ်ကြွ
ဆေးပြားတွေ အသုံးပြုတာက ခေတ်စားလို့ နေပါပြီ။ သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

သင်္ကြန်တွင်းမှာ ဆိုရင် ဝယ်ရလည်းခက်၊ လုံခြုံရေး ကလည်း တင်းကြပ်၊ ရောင်းတဲ့သူတွေ ကလည်း ပုံမှန် မရောင်းတော့တာကြောင့် အခက်တွေ့မှာ စိုးလို့ အခုကတည်းက ကြိုတင်စုဆောင်း ထားကြတာ ဖြစ်ပြီး အခုလို စိတ်ကြွဆေးပြား ရာနဲ့ချီပြီးတော့ ဝယ်တဲ့အခါမှာ တော်ရုံ အဆက်အသွယ်နဲ့တော့ ဝယ်လို့ မရဟု သိရတယ်။

လူငယ်တွေက ဘာကြောင့် ဒီလို ကြိုတင်ဝယ်ယူ ရတာလဲ ဆိုတော့ မဏ္ဍပ်မှာ စိတ်လွတ်ကိုယ် လွတ် ပျော်နိုင်အောင် စိတ်ကြွဆေးပြား တွေသုံးဖို့၊ တချို့ကတော့ အုပ်စုလိုက် ရေကစားထွက်ရာမှာ သုံးဖို့နဲ့ စသဖြင့် အမျိုးမျိုးပါပဲ။

ဝယ်တဲ့ လူငယ်တွေ အများစု ကလည်း လက်လုပ်လက်စား လူတန်းစားတွေထက် ငွေကို အတိုင်းအတာ တခုအထိ သုံးစွဲနိုင်တဲ့ မိသားစုက လူငယ်တွေ ဖြစ်နေ တာ တွေ့ရတယ်။

“အခု ကျနော်တို့ ဆေးပြားကို ရာစည်းလိုက် ဝယ်စုထားတာ၊ ဒီလို အချိန်က နှစ်စဉ်စုနေကျပါ၊ ဒါကြောင့် လည်း ဆေးပြားဈေးက တက်သွားတယ်၊ အရင်က တပြားကို ၄ ထောင်ကျော် လောက်ပဲ ပေးရပေမယ့် ဒီအချိန်ကျရင် တထောင်ကျော် နီးပါး ဈေးတက် တယ်၊ ဒါပေမယ့် သင်္ကြန်တွင်းက ဝယ်ရပိုခက်တာကြောင့် အခုအချိန် ကတည်းက စုနေကြရတာ”လို့ အင်းစိန်မြို့နယ်ထဲကို စိတ်ကြွဆေးပြား သွားဝယ်တဲ့ လူငယ်တဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ရဖို့ စီစဉ်ကြတဲ့သူတွေက လူငယ်တွေဖြစ်တဲ့ အပြင် ကိုယ့်မဏ္ဍပ် အတွက် တာဝန်ခံရတာကြောင့် ဒီနောက်ပိုင်း နှစ်တွေမှာ မဏ္ဍပ်မှာ လာကစားတဲ့ သူတွေကို ဒီလို စိတ်ကြွဆေးပြားတွေ ဝေကြတဲ့အသံ သိပ်မကြားရတော့ ဘူး လို့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ် တည်ထောင်ခွင့် ရထားတဲ့ 14 Club မဏ္ဍပ်မှ တာဝန်ရှိသူ မမြနှင်းရီလွင်က ပြောပြတယ်။

ရေလာကစားတဲ့ သူတွေက သုံးစွဲထားသလား၊ မသုံးဘူးလား ဆိုတာကိုတော့ မဏ္ဍပ်တာဝန်ခံတွေ အနေနဲ့ အတိအကျ မသိနိုင်ပေ မယ့် လာကစားကြတဲ့ သူတွေထဲမှာ ဒီလိုဆေးပြားတွေ သုံးစွဲလာကြသူတွေ များ လာတာ တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြ တယ်။

“ကိုယ့်မဏ္ဍပ်ထဲမှာ အဲဒီလို စိတ်ကြွဆေးတွေ ရောင်းဝယ်နေတာ၊ ဖြန့်ဖြူးနေတာ၊ သုံးစွဲနေတာ မဖြစ် ရအောင်လို့ CCTV လို လုံခြုံရေး ကင်မရာတွေနဲ့ သတိထားစောင့်ကြည့် သွားရမှာပေါ့၊ တကယ်လို့ ဖြစ် လာခဲ့မယ်ဆိုရင် အဲဒီလူကို မဏ္ဍပ်ပေါ်ကနေ အောက်ကို ဆင်း ဖို့ ပြောရမှာပဲ”လို့ မမြနှင်းရီလွင်က ဆက်ပြောတယ်။

အဲဒါကြောင့် မဏ္ဍပ်မှာ ရေလာကစားတဲ့ ဈေးနှုန်းကို မြှင့်ထားလိုက်တာက လူတန်းစား ခွဲခြားတာမျိုး မဟုတ်ပေ မယ့် လာကစားကြ မယ့် သူတွေကို စိစစ်ရာ ရောက်ကြောင်း၊ လူငယ်တွေမှာ သင်္ကြန် ဆိုရင် တရားဝင် အရက်သောက်လို့ ရတဲ့၊ တရားဝင် ရန်ဖြစ်လို့ ရတဲ့ ကာလလိုမျိုး ဖြစ်လာကြောင်း၊ သူတို့ ဆေး သုံးထား သလား၊ မသုံးထားသလား ဆိုတာကို မသိနိုင်ကြောင်း၊ မဏ္ဍပ်က ဒီလို ဆေးပြားတွေ
ဝေတယ်ဆိုတာ နောက်ပိုင်းမှာ မကြားတော့ကြောင်း၊ လာကစားသူ အချင်းချင်း ဝေတာမျိုးလောက်တော့ ရှိမယ် ထင်ကြောင်းလည်း မမြနှင်းရီလွင်က ရှင်းပြပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်၊ စည်းကမ်းတွေ သတ်မှတ်၊ ပြီးတော့ မူးယစ် ဆေးဝါးတွေ ရောင်းချမှု မရှိအောင်၊ အရက်သေစာတွေ ရောင်းချမှု မရှိအောင် လို့ စည်းကမ်းတွေထုတ်မှာ ဖြစ်သလို လူစည်ကားမယ့် နေရာအနီးတဝိုက်မှာ လုံခြုံရေးကွပ်ကဲမှု ရုံးတွေ ဖွင့်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုထားပါတယ်။

“သင်္ကြန်မှာ လူငယ်တွေ အကြား ဒီလို မူးယစ်ဆေးဝါးတွေ သုံးစွဲမှု မြင့်တက်လာတာကြောင့်ပဲ သရုပ်ပျက် ဝတ်စားပျော်ပါးမှုတွေ ဖြစ် လာရတာ၊ ဒါကို အစိုးရအနေနဲ့ သီးသန့် စီမံဆောင်ရွက်ဖို့ လိုအပ်လာပြီ”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။

အခုလို လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲကြတာက လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက်သ လို နိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေနဲ့လည်း များစွာသက်ဆိုင်တယ်၊ မိဘ၊ လူငယ်တွေကျင်လည်ကြတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံးရဲ့တာဝန် မကင်းဘူး လို့လည်း သူက ဆိုပါတယ်။

အဲဒီ အပြင် ဒီနေ့ခေတ် လူငယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေ ရှိသလို၊ သုံးစွဲမှု ပိုများလာတဲ့ လူငယ် တွေလည်း ရှိတယ်၊ တချို့ လူငယ်အစည်းအဝေးတွေမှာ ဒီကိစ္စက အထူး
ဆွေးနွေး စရာ ကိစ္စအဖြစ် ရှိလာတာကို တွေ့မြင်ရ တယ်လို့လည်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါသေးတယ်။

“လူငယ် အစည်းအဝေးပွဲတွေ တက်တဲ့အခါမှာ ဒီဆေးဝါးပြဿနာကို အမြဲပြောကြတယ်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်စေချင်ရင် ဒါတွေက တကယ့် အဆိပ်အတောက်တွေပဲ၊ နိုင်ငံတော်ကို ဒီအရေးနဲ့ ပတ်သက်ပြီး အထူးတလည် သီးသန့်ဆောင်ရွက် စေချင်တယ်၊ ဒီလိုဖြစ်နေလို့ လူငယ်တွေကို အပြစ် မပြောချင် ဘူး၊ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေနဲ့ ဒီအခြေအနေတွေက တိုက်ရိုက် သက်ဆိုင် တယ်”လို့ သူက ဆိုပါတယ်။

တကယ်တော့ ဒီစိတ်ကြွဆေးပြားတွေ ထုတ်လုပ်ကြတဲ့သူတွေဟာ ငွေကြေးရလိုမှု တခုတည်းကို ကြည့်ပြီးတော့ မတော်လောဘကြီး နေတဲ့ အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်က အသိစိတ်ရှိဖို့ လိုအပ်တယ်၊ လူငယ်အရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူတွေကလည်း ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ဒီမူးယစ်ဆေးဝါးတွေရဲ့ အကြောင်း မကြာခဏ ပြောဆို ဆွေးနွေးနေဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခင်ဝိုင်းကြည်က အကြံပြုလိုက်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ သူတွေက လူငယ်တွေ မဟုတ်ပါဘူး၊ လူကြီးတွေပါ၊ လူကြီးတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်ပဲ လူငယ်တွေမှာ ခါးစည်းခံနေရတာလို့ စာရေးဆရာ ချစ်ဦးညိုကလည်း သုံးသပ်တယ်။

လူငယ်တွေ လက်လှမ်းမီရာမှာ အဆင်သင့်ဖြန့်ကျက်ထား၊ ဆိုးကျိုးတွေ ဖြစ်လာမှ လူငယ်တွေကို အရေးယူမယ်၊ အပြစ်တင်မယ် ဆိုရင်တော့ မတရားတဲ့ လုပ်ရပ်ပဲလို့ သူက ဆက်လက် ပြောဆိုပါတယ်။

“ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာပဲ၊ အရင်းစစ်တော့ အမြစ် မြင်တာပေါ့ဗျာ၊ ထုတ်လုပ်သူတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ တာတွေ လုပ်နေကြတာ၊ ဒီကိစ္စတွေက နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေး မှုကြောင့်ပဲ၊ နှစ်ဖက်စလုံးက ဒီကိစ္စတွေရဲ့ စီးပွားရေးတွေကို လက်မလွှတ်ချင် ဖြစ်နေတာ ပါတယ်၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တိုက်ရိုက်ကို ဆိုင်တယ်”လို့လည်း ဆရာချစ်ဦးညိုက ဆိုပါတယ်။

သင်္ကြန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက် တာမျိုး နည်းပါးပြီး အရက် သေစာ မူးယစ်မှုကြောင့် ဖြစ်ပျက်တာ များတယ်၊ စိတ်ကြွဆေးပြား
ကြောင့် ဖြစ်ပျက်တာကတော့ မိန်းကလေး၊ ယောက်ျားလေး အား လုံးမှာ သရုပ်ပျက် ဝတ်စား ကခုန် တာ၊ မြူးတူးပျော်ပါးတာနဲ့ ပတ်သက်တယ်လို့ သူနာပြု တက္ကသိုလ် နည်းပြဆရာဝန် ဒေါက်တာ နန္ဒထွန်း က ပြောပြတယ်။

ရပ်ကွက်အတွင်းမှာလည်း ဒီလို စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်လို့ ရနေသလို ဒီနေ့ခေတ် လူငယ်တွေမှာ အရင်အချိန်က ခေတ်စားခဲ့တဲ့ စိတ်ငြိမ်ဆေး (ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း) တို့တွေထက် ပိုမို အသုံးပြုလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောတယ်။

“တကယ်ရောင်းတယ် ဆိုတဲ့ဆိုင်ကို ကျနော်တို့ သွားဝယ်လို့ မရောင်းဘူး၊ လူငယ်တယောက်လောက်ကို သွားဝယ် ခိုင်းကြည့် လိုက်၊ လွယ်လွယ် လေးပဲ၊ ဆေးဆိုင်တွေမှာက စိတ်ငြိမ်ဆေးတွေ၊ ဖန်စီဒိုင်းတွေက ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်လို့ လွယ်လွယ်နဲ့ မရောင်းတော့ ဒီလိုလွယ်လွယ်ရတဲ့ စိတ်ကြွဆေးတွေကို ပိုသုံးလာကြတာပေါ့၊ သင်္ကြန်ဆိုတော့ ဆေးခြောက်တို့၊ စိတ်ငြိမ်ဆေး တို့ထက် ဒီဆေးတွေက ပို အဆင်ပြေတော့ အခုလို ဝယ်စုလာကြတယ် ဆိုတာ မဆန်းပါဘူး”လို့ ဒေါက်တာ နန္ဒထွန်းက ဆိုတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာ စိတ်ကြွဆေးပြားတွေကြောင့် လူငယ်ထုအကြား မလိုလားအပ်တဲ့ လူမှုရေး အဖြစ်အပျက်တွေ၊ ရောဂါ ကူးစက်ခံရတွေ ကိုတော့ အထူး သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

“လူငယ်တွေ စိတ်တွေက ကြွနေတော့ ဘာမှတွေးမနေတော့ဘူး၊ ကိုယ်လက် နှီးနှောကြတာမျိုးတွေ လည်း ဖြစ်လာနိုင်တာကို သတိပြု ရမယ်၊ အဲဒီရဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါရှိတဲ့ သူနဲ့သွားပြီး ကျူးလွန်မိလို့ ကိုယ်လည်း ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုတင်ကာကွယ် ထားသင့်တယ်”လို့လည်း သူက ပြောဆိုပါတယ်။ ။

စနေလင်း ~

 Irrawaddy

မိုင် ၁၆၀၀ လမ်းလျှောက် အဖွဲ့ခေါင်းဆောင် တရားစွဲခံရ



Posted by RFA on April 14, 2014


ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြသူတွေထဲက အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်နဲ့ သံဃာတော် ၂ ပါးကို မြို့နယ် ၆ မြို့နယ်က ပုဒ်မ ၁၈၊ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ကိုရဲထွဋ်ခေါင်က ဧရာဝတီမြစ်ဆုံ အထိ ရောက်ရှိပြီးမှသာ မိမိတို့အနေနဲ့ အဲဒီအမှုကို တရားရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်တဲ့အတွက်ကြောင့် ကျနော်အပါအဝင် ဦးဇင်းနှစ်ပါးကို ပဲခူးတိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ တရားစွဲဆိုထား တာရှိပါတယ်၊ ကျနော်တို့က ငြိမ်းချမ်းရေး လမ်းလျှောက်ပြီးအပြန်မှ ရန်ကုန်မှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်”

ဧရာဝတီ မြစ်ဆုံလမ်းလျှောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ၂၃ရက်နေ့မှာ ရန်ကုန်ကနေ စတင်ထွက်ခွာသွားတာဖြစ်ပြီး အခုမန္တလေးတိုင်း မြင်းခြံမြို့ကို ရောက်ရှိနေပါတယ်။

သင်္ကြန်ကာလဖြစ်တဲ့အတွက် မြင်းခြံမြို့ကနေ နှစ်ဆန်းတစ်ရက်နေ့မှာ ဆက်လက်လမ်းလျှောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိမှာ လမ်းလျှောက်ဆန္ဒပြသူအင်အား တစ်ရာကျော်ရှိနေပြီး မန္တလေးမြို့ကိုရောက်ရှိချိန်မှာ လမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

RFA

မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု EU သက်တမ်း တိုး

နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်



Photo: RFA
မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( EU  ) ရဲ့ ပိတ်ဆို့အရေးယူထားတာတွေကို  ၂ဝ၁၅ ခုနှစ် ဧပြီလ ၃ဝ ရက် နေ့ အထိ နောက်ထပ် သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကြောင့် ပိတ်ဆို့ အရေးယူမှုအများစုကို EU က ပြန်လည် ရုပ်သိမ်းခဲ့ပေမဲ့၊ လက်နက်အရောင်း အဝယ် ကိုတော့ ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ် ပါတယ်။အခု သက်တမ်းထပ်တိုးလိုက်တာကလည်း လက်နက်အရောင်းအဝယ် နဲ့ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ လုပ်နိုင်တဲ့ ပစ္စည်းကရိယာတွေ ရောင်းဝယ်တင်ပို့ မှုတွေအပေါ် ဆက်လက် ပိတ်ဆို့ထားဖို့ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူထားတာတချို့ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတချို့ ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ကုလသမဂ္ဂမှာ သဘောတူညီခဲ့တာကို အကြောင်းပြုပြီး ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာတွေပြင်ဆင်ပေးခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

RFA

စကားများရန်ဖြစ်ပြီးဓါးဖြင့်ထိုးကာဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ အရေးယူပေးရန်တိုင်တန်း



ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်တွင် ဒဂုံတောင်မြို့နယ်၊ (၅၅)ရပ်ကွက်နေ မ၀င်းဝင်းမြင့်မှ ၎င်းသည် ခင်ပွန်းဖြစ်သူ ကိုကိုနိုင်နှင့်အတူ တစ်လမ်းတည်း
နေ မယဉ်ယဉ်မွှေး၏နေအိမ်တွင်ရှိနေစဉ် ကြက်ဖ(ခ)မိုးကျော်ကျော်၊(၁၉)နှစ်၊ (ဘ)ဦးကျော်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူရောက်ရှိလာပြီး ၀ါးလုံးကိုင်ကာ ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့အား ရန်ပြုစိန်ခေါ်ခဲ့ကြောင်း၊ အနီး
ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖြန်ဖြေပေးသဖြင့် ကြက်ဖ(ခ)မိုးကျော်ကျော်မှာ
ပြန်သွားခဲ့ပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကာ ခင်ပွန်းဖြစ်သူ
အား ဓါးဖြင့်ထိုးခဲ့၍ ၀ဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့
ကြောင်း၊ ထိုအချိန်တွင် ကြက်ဖ(ခ)မိုးကျော်ကျော်၏အစ်ကိုဖြစ်သူ
ကျော်သူအောင်၊ (၂၅)နှစ်၊ (ဘ)ဦးကျော်ညွန့်ရောက်ရှိလာပြီး ၎င်းအား သံတူရွင်းဖြင့်ရိုက်နှက်ခဲ့၍ ၀ဲဘက်လက်နှင့်ဂုတ်ပိုးတို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ်သို့ပြန်ပြေးစဉ် ကြက်ဖ(ခ)
မိုးကျော် ကျော်၏အစ်မ ဖြစ်သူ မသီသီသော်၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ညွန့်မှ
နေအိမ်ပေါ်သို့ရောက်ရှိလာပြီး ၎င်းအားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုကိုနိုင်မှာလည်း ရရှိသည့်ဒဏ်ရာဖြင့် သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ပြီး ၎င်းမှာလည်း ပြင်ပလူနာ
အဖြစ် ဆေးကုသခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၄၅၁/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ
များဖြစ်သည့် ကြက်ဖ(ခ)မိုးကျော်ကျော်၊ ကျော်သူအောင်နှင့် မသီသီသော်
တို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရပ်ထားသောယာဉ်အား ၀င်တိုက်မိပြီး ယာဉ်မတော်တဖြစ်ပွားခြင်း



၂၀၁၄ ခုနှစ် ဧပြီလ (၁၄) ရက် နံနက် (၀၄း၃၀) နာရီ အချိန်ခန့်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၆/၃ နှင့် ၃၁၆/၄ ကြား (အသွားလမ်း)၌ ရန်ကုန်မှ မန္တလေးသို့ ဦးကျော်မြင့်ဦး မောင်းနှင်လာသည့် တက်လမ်း Express ယာဉ်သည် စက်ပျက်၍ ရပ်ထားသော နေလ Express ယာဉ်အား နောက်မှဝင်တိုက်မိပြီး ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ပါသည်။


ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ



ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်။

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize)  ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။   ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို  သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့  အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။  ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး  ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့  အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။

အထူးသတင်းအတွက် ဆုကိုတော့  ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့  ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။  ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့  အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။

ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။  ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer  အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။  ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။  လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုးခဲ့၍ သေဆုံး


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ
ရပ်ကွက်နေ မလွင်လွင်ငြိမ်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ
အောင်ဇော်မိုးမှာ အေးရွာရပ်ကွက်၊ သီတာအေးဘုန်းကြီးကျောင်းအနောက်
လမ်း၌ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
မောင်ဖြစ်သူအား ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မောင်ဖြစ်သူ အောင်ဇော်မိုးနှင့် တစ်ရပ်ကွက်တည်းနေ
အောင်မျိုး၊ (၃၀)နှစ်၊ အေးရွာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူတို့သည် ကလေးများရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်စဉ် အောင်မျိုးမှ
အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မောင်ဖြစ်သူ အောင်ဇော်မိုးအား ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သူ
အောင်မျိုး ကိုအရေးယူပေးရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း
နယ်မြေ ရဲစခန်း(ပ)၁၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ အောင်ဇော်မိုးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ၁၇၃၀ အချိန် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ
စစ်ဆေးကာ ပြစ်မှုကျူးလွန်သူ အောင်မျိုးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police