ရင်သားရောဂါ စမ်းသပ်စစ်ဆေးပေးတဲ့ Breast Imaging Center ပန်းလှိုင်ဆေးရုံမှာဖွင့်ပြီ


ရင်သားရောဂါအမျိုးမျိုးနဲ့ပတ်သက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်တဲ့ Breast Imaging Center ကို မေလ ၅ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ရင်သားရောဂါ စမ်းသပ်စစ်ဆေးဖို့ ဘာ့ကြောင့်လိုတာလဲ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အမျိုးသမီးတွေဟာ အသက် ၄ဝကစပြီး နှစ်စဉ် ရင်သားကိုစစ်ဆေးတာကြောင့် ကင်ဆာဖြစ်ဖြစ်ချင်း ကြိုတင်သိပြီး ပျောက်ကင်းအောင် ကုသနိုင်တာမို့ သေဆုံးမှုနငန်း ၃ပုံတစ်ပုံ လျော့ကျခဲ့တဲ့အကြောင်း၊ ရောဂါနုချိန်မှာ စောစောသိပြီး ပျောက်ကင်းအောင် ကုသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Center ဖြစ်ရတာလို့ ဆိုပါတယ်။

ရင်သားနဲ့ပတ်သက်တဲ့ အနာ၊ အကြိတ် စတဲ့ရောဂါအမျိုးမျိုးကို ဒီ၈ျစ်တယ်နည်းပညာနဲ့ စမ်းသပ် စစ်ဆေးမှုကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်ပြီး ကင်ဆာဖြစ်လို့ ခွဲစိတ်မယ်ဆိုရင်လည်း ပန်းလှိုင်က ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းလွှဲအပ်တာကြောင့် တစ်နေရာတည်း ကုသနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသမီးအများစုက ရင်သားကို ဓာတ်မှန်ရိုက်ပြီး ကင်ဆာရှိမရှိ နှစ်စဉ်စစ်ဆေးတာ မလုပ်ကြလို့ ရင်သားကင်ဆာ နောက်ဆုံးအဆင့်ရောက်မှ သိကြတာကြောင့် အချိန်လွန်ခဲ့တာမျိုး ရှိနေပြီး တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးရင် ပျောက်အောင်ကုသနိုင်တယ်လို့ ဆိုပါတယ်။

Breast Imaging Center ဟာ နိုင်ငံတကာအတွေ့အကြုံရှိ ရင်သားဓာတ်မှန်နဲ့ ပုံရိပ်ဖော်ဆရာဝန်ကြီးတွေ ကိုယ်တိုင်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်တဲ့ One Stop Service ပေးတဲ့ စင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးက ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

 Kamaryut Media

အကျွတ်အလွတ်ပွဲတော်



မီးများထိန်လင်းနေသည့် နေရာတစ်ခု၌ ကလေးငယ် များစွာတို့ ဆော့ ကစားနေကြသည်။ ထိုသို့ ကစားနေခြင်းက ကလေးသဘာဝမို့ ထူးဆန်းသည့် ကိစ္စတော့မဟုတ်။ သို့သော် ထူးခြားနေသည်က ၎င်းတို့ ကစားရာနေရာဖြစ်သည်။ ကလေးငယ်များသည် ဖယောင်းတိုင်မီးများ ထွန်းညှိထားသည့် အုတ်ဂူဖြူဖြူတို့ကြား ပြေးလွှားဆော့က စားနေကြခြင်း ဖြစ်သည်။

ညက နက်သထက်နက်လာသည်နှင့်အမျှ လူငါးဆယ်ကျော်ခန့်ရှိမည့် လူအုပ်ကြီးက ၎င်းတို့၏ အလယ်ရှိ စည်းဝိုင်းသဖွယ်နေရာကို ပို၍ အာရုံတိုးစိုက် လာကြသည်။ အချို့သော လူအများစုမှာမူ အနီးအနားတွင် မတ်တတ်ရပ်သူရပ်၊ ဟိုတစ်စုဒီတစ်စုနှင့် လူအုပ်ကြီးထံမှ ထွက်လာမည့်အသံကို နားစွင့်နေကြဟန်တူသည်။

သတ်မှတ်ထားသည့် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားသည့်အသံကို ဇရပ်အတွင်းမှ လော်စပီကာ ဖြင့် ပြောသောအခါ ယင်းလူအုပ်ကြီးမှာ ပို၍ လှုပ် လှုပ်ရှားရှားဖြစ်လာကြသည်။ ထို့နောက်တွင်မူ ယင်းစည်းဝိုင်းနားနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆယ်မိနစ် ခန့် မီးအမှောင်ကျသွားခဲ့သည်။ အဆိုပါ ဆယ်မိနစ် ခန့်အချိန်သည် သင်္ချိုင်းနှင့် အနီးပတ် ဝန်းကျင်ရှိ ဝေ မာနိကပြိတ္တာ၊ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကျင်းပသည့် ”အကျွတ်အလွတ်” ပွဲ၏ အစာအာဟာရကျွေးမွေး ချိန်ပင် ဖြစ်သည်။

”အကျွတ်အလွတ်ပွဲ”ဟူသည် မကျွတ်မလွတ်သေးသည့် ပုဂ္ဂိုလ်အပါအဝင် ဝေမာနိကပြိတ္တာများအား ရည်စူးပြုလုပ်ပေးသည့်ပွဲ လည်းဖြစ်သည်။ ထို့ ကြောင့် ယင်းပွဲပြုလုပ်ပြီးပါက ပြိတ္တာနှင့် မကျွတ်မလွတ်သေးသည့် ပုဂ္ဂိုလ်များ တစ်နေရာတည်း တစ်ထိုင်တည်း ကျွတ်လွတ်သွားကြပါသလားဟု အငြင်းပွားဖွယ်ရာရှိပါသည်။ ထို့အပြင် ထိုသို့သော အကျွတ်အလွတ်ပွဲများ ပြုလုပ်၍ ကျွတ်တန်းဝင်သွားကြလျှင် တလောကလုံး၌ နာနာဘဝ၊ ပြိတ္တာနှင့် သရဲတစ္ဆေများ လုံးဝမရှိတော့ သလားဟုလည်း ထပ်မံစောဒက တက်စရာရှိလာနိုင်ပါသည်။

ထိုသို့သော မေးခွန်းတို့၏အဖြေကို မြန်မာတစ်နိုင်ငံလုံးတွင် အကျွတ် အလွတ်ပွဲများ အခမဲ့လိုက်လံပြုလုပ်ပေးနေသည့် မန္တလေးအောင်မြေ သာဇံမြို့နယ်မှ ကလျာဏ မိတ္တလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က အကျွတ်အလွတ်ပွဲလုပ်သူ၊ လှူဒါန်းသူ နှင့် အလှူခံပုဂ္ဂိုလ်ပြိတ္တာများအကြားရှိရမည့်အချက် အလက်များနှင့် တကွ ဖြေသည်။

အကျွတ်အလွတ်ပွဲပြုလုပ်မည့် သူများအနေဖြင့် ၎င်းပွဲကို (၁) မကျွတ် မလွတ်ဖြစ်နေသည့် ပြိတ္တာနှင့် ပုဂ္ဂိုလ်များကိုရည်စူးပြုလုပ်ရမည်ဖြစ် သည်။ (၂) ၎င်းပုဂ္ဂိုလ်များကို ပွဲပြုလုပ်သူများ၏ အသံဖြင့်ဖိတ်ခေါ် ရမည်။ (၃) မကျွတ်မလွတ်သေးသူများအား ရည်စူးလှူဒါန်းသည့် လှူဖွယ်ပစ္စည်းများကို လက်ခံသူမှာ သီလ၊ သမာဓိ၊ သိက္ခာပြည့် စုံသည့် ဆရာတော်များဖြစ်ရမည် စသည့်အချက်များဖြင့် ပြည့်စုံရမည်ဖြစ်သည်။

ထို့အပြင် အမျှအတန်းရယူကြမည့် ပုဂ္ဂိုလ်များဘက်၌လည်း (၁) အကျွတ်အ လွတ် ပွဲ ရေစက်ချအမျှ ဝေချိန်တွင် ယင်းနေရာ၌ ရှိနေရမည်။ (၂) အမျှအတန်းရယူမည့်သူ၏ အကုသိုလ်အကြွင်းအကျန်များ ကုန်စင်ရမည်။ (၃) ၎င်းတို့ရောက်ရှိကြောင်း အနံ့၊ အသံတစ် ခုခုဖြင့် ပြသရမည် ဟူ၍ ဖြစ်သည်။

ပဲခူးတိုင်းအတွင်းရှိ နတ်တလင်းမြို့၏ ပေါက်ပင်သုသာန်တွင်မူ သင်္ကြန် အပြီးရက်ပိုင်းအတွင်း”အကျွတ်အလွတ်ပွဲ”ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ သာ မန်အချိန်များ တွင် လူစည်ကားရန်မဆိုနှင့် ဖြတ်လမ်းသဖွယ်ဖြစ်၍ တချို့သောသူများသာ ဖြတ်သန်းတတ်ကြသော်လည်း အများစုမှာ သင်္ချိုင်းဖြတ်လမ်းအား ယောင်၍ပင် အသုံး မပြုကြကြောင်း နယ်ခံများက ဆိုသည်။ သို့သော် အကျွတ်အလွတ်ပွဲအချိန်တွင်မူ သင်္ချိုင်းမှာ ထိုသို့မဟုတ်တော့ပေ။

သင်္ချိုင်းသို့ လူကြီးများသာမက ကလေးငယ်များကပါ လာရောက်ကြသည်။ မီးရောင်မရနိုင်သည့် သင်္ချိုင်းနေရာ တချို့၌ပင် ကလေးငယ်များသွားလာ လျက်ရှိသည်။ ကလေးငယ်များ၏ မျက်နှာတွင်မူ အကြောက်တရား မတွေ့ရချေ။ ကလေးသဘာဝပြေးလွှား ဆော့ကစားရန်သာ စိတ်အားသန်ဟန်ရှိနေသည်။ လူငယ်လူရွယ်များစွာ ကို လည်း သင်္ချိုင်းအတွင်း တွေ့ရပြီး အချို့က ပွဲလုပ်သူများကပေးထားသည့် ဖယောင်းတိုင် ငယ်များကို ဂူများအပေါ်တွင် လိုက်လံ ထွန်းညှိပေးနေကြသည်။

အမှန်တကယ်ပင် သင်္ချိုင်းမြေပေါ်တွင် သွားလာလှုပ်ရှားမှုပြုနေသည့် လူတို့ကမနည်းမနော ဖြစ်သည်။ သင်္ချိုင်းအဝင်တွင် ဆိုင်ကယ်၊ စက်ဘီးရပ်ရန် နေရာပင်မရှိ။ မိသားစု လိုက် လမ်းလျှောက် လာကြသူများလည်း ရှိသည်။ ”အကျွတ်အလွတ်ပွဲ”ကို ည ၈ နာရီ၌စမည် ဆိုသော်လည်း တတ်နိုင်သမျှ ညဥ့်နက်ရန် စောင့်ဆိုင်းကြသည်။ နတ်တ လင်းမြို့ ပေါက်ပင်သုသာန်မှာ လွန်ခဲ့သောနှစ်များက ယခုကဲ့သို့ သပ်သပ်
ရပ် ရပ်မရှိ။ ချုံ တောကြီးသာသာဖြစ်နေသည်ဟု သုဗြဟ္မစာရီအဖွဲ့ တွင် နှစ်ပေါင်းနှစ် ဆယ်ကျော် ခန့် လုပ်ကိုင်နေသည့် အဘိုးဦးတင့်က ဆိုသည်။

အဆိုပါ ချုံတောကြီးအား ရှင်းလင်း၍ ယခုကဲ့ သို့ သပ်သပ်ရပ်ရပ်ဖြစ်စေရန် အုတ်မြေတွင်းဆရာတော် ဘန္ဒန္တဝိသုတ(အဂ္ဂမဟာပဏ္ဍိတ)ဘန္ဒန္တသုမန အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတက ကြီးမှူးဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ လူတို့မဖြစ်မနေ သေရမည်ဖြစ်သော်လည်း သေဆုံးသူ များ အားမြှုပ်နှံ သင်္ဂြိုဟ်ပေး မည့် နေရာ အား ဖြစ်က တတ်ဆန်း မဖြစ်စေလိုခဲ့ သည်က ဆရာတော်ကြီး၏ စိတ်ကူးဖြစ်ပြီး ယင်းအတွက် စတင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အကျွတ်အလွတ်ပွဲမှာလည်း သင်္ချိုင်းမြေသန့် ရှင်းသပ်ရပ် လာစေရန် ပြုလုပ်သည့် တစ်ခုသောအစဉ် အလာလည်းဖြစ်သည်ဟု ဦးတင်က ဆိုသည်။”ဆရာတော်က သင်္ချိုင်းမြေကြီးမလာကောင်းဘူး ဆိုတဲ့အရာမျိုးမဖြစ်စေချင်ဘူး။ ဒါကြောင့်အကျွတ် အလွတ်ပွဲလုပ်ရင် အနည်းဆုံး ဒီသင်္ချိုင်းမှာဆွေမျိုးတွေ သေဖူးတဲ့သူတော့ လာမယ်။ လူ လာများရင် သင်္ချိုင်းက အရင်တုန်းကလို ချုံတောကြီး မဖြစ်တော့ဘူးဆိုပြီး လုပ်ခဲ့တာလည်း ပါတယ်”

”အကျွတ်အလွတ်ပွဲ”သည် ကြောက်လန့်စရာမသွားအပ်သည့်နေရာတစ်ခု
အဖြစ် သတ်မှတ်ထားသည့် သင်္ချိုင်းမြေအား ပွဲလမ်းသဘင်တစ်ခုသဖွယ် စည်ကားစေသော် လည်း လွယ်ကူလှသည်တော့ မဟုတ်ဟု ယင်းပွဲများ ဦးဆောင်ပြုလုပ်သူ ဦးခင်မောင်တင့်က ဆိုသည်။ ”လူတွေကြောက်တဲ့ သင်္ချိုင်းကို မီးတွေထိန်လင်း ပြီး လှနေအောင် တန်ဆာဆင်ရတယ်” ဟူ၍ဖြစ်သည်။ လက်ရှိတွင်မူ အကျွတ်အလွတ်ပွဲ၏ မြင်တွေ့ရသည့် အကျိုးကျေးဇူးမှာ သုသာန်အား ကောင်းမွန် သောဇရပ်၊ သန့်ရှင်းသော သင်္ဂြိုဟ် စက်နှင့်ဖြစ်နေစေပြီဖြစ်သည်။

သင်္ချိုင်းအဝင်လမ်းမှအစ မြေမြှုပ်သင်္ဂြိုဟ် ရာနေရာအဆုံး ချုံပင်မြက်ပင်များ ဖုံးအုပ်မနေတော့။ ဆရာတော်ကြီး ပျံလွန်တော်မမူခင် မြို့အ တွက်ပြု လုပ် ပေးသွားသည့် အကြီးမားဆုံးကျေးဇူး တရားဖြစ်သည် ဟု သုဗြဟ္မစာရီအဖွဲ့တစ်ဖွဲ့လုံးက ဆိုသည်။

အဘိုးဦးတင်က သင်္ဂြိုဟ်စက်ထားရာ နေရာသို့ သွားကာ သင်္ဂြိုဟ်စက်တံခါးကို ဖွင့်လိုက်ရင်း ”လူ ရယ်လို့ဖြစ်လာရင် သုသာန်ဆိုတာနဲ့ မကင်းပါဘူးဗျာ” ဟု ဆိုလေသည်။ အကျွတ်အလွတ်ပွဲအပေါ် ယုံကြည်မှုရှိ၊ မရှိဟူ သည် ပြုလုပ်သူ၏ စိတ်သဘောထားပေါ်၌သာ သက် ရောက်မည်ဖြစ်သည်။

သို့သော်လည်း ယင်းဆုတောင်း ပွဲများကြောင့် ယခင်က အနိဋ္ဌာရုံဟု သတ်မှတ်ခံထား ရသည့် သင်္ချိုင်းမြေများမှာ လူသွားလူလာရှိလာ သည့် နေရာများဖြစ်လာသည်။ သင်္ချိုင်းမြေပေါ်တွင် ချော်မ လဲစေရန် သတိပေးကြ သည့်လူအများက သားသမီးများ သင်္ချိုင်းမြေ အတွင်း ပြေးလွှားဆော့ကစားနေကြ သည့်အပေါ်ပိတ်ပင် မှုလျော့နည်းစပြု လာသည်။ ”သေ သောသူသည် သုသာန်သို့သွား သည်”ဟု ဆိုသော်လည်း မသေခင်ကပင် သုသာန်သို့ သွားရဲလာရဲဖြစ်လာကြ သည်က မျက်မြင်ဒိဋ္ဌ အကျိုးများဖြစ်သည်ဟု အကျွတ် အလွတ်ပွဲပြုလုပ် သူတို့က ဆိုကြသည်။

သုဗြဟ္မစာရီအဖွဲ့မှ အဘိုးဦးတင်ကမူ ”ယုံတာ မယုံတာ သူတို့အလုပ်ပေါ့ဗျာ။ ပြိတ္တာတွေအတွက် အကျွတ်အလွတ်ပွဲအာဟာရကျွေးလို့ သူတို့မစားခဲ့ဘူး ဆိုရင်တောင် ပိုး မွှားတိရစ္ဆာန်တွေ စားသွားလည်း ကုသိုလ်ရပါတယ်”ဟု ဆိုသည်။ အသက် ၁၉ နှစ်ခန့်ရှိ မောင်ဖြိုးမင်းထက်က အကျွတ်အလွတ်ပွဲကို လာရောက်ခြင်းက ယခုနှစ်နှင့် ဆို လျှင် နှစ်နှစ်သာရှိသေးသည်ဟု ဆိုသည်။

”ယုံလို့ရယ်တော့ မဟုတ်ပေမယ့် မနှစ်ကစ လာကြည့်ဖြစ်တယ်။ အဲလူတွေလိုပဲ ရှေ့ဆုံးနေရာနားမှာ တိုးကြည့်တာလေ”ဟု စည်းဝိုင်းနံဘေးနေရာကို လက် ညှိုးထိုးပြသည်။

သူကတစ္ဆေသရဲများကိုယ်ထင်ပြကာ လာရောက်စားသောက်ကြမည်ဟု ထင်၍ လာကြည့် ခြင်းဟုလည်း ဆိုသည်။ သို့သော် သူထင်ထားသလို မဖြစ်ခဲ့။”ကျွေးတာ အမဲသားဟင်းနဲ့ တစ်ပုံ၊ သက်သတ်လွတ်ကတစ်ပုံ။ သက်သတ်လွတ်ထမင်းပုံက အသား ဟင်းထမင်းပုံထက်ပိုလျော့နေ တာ တွေ့ရတယ်။

ဘာ ကြောင့်မှန်းတော့မသိဘူး” ဟု သူတွေ့ကြုံခဲ့ရပုံကို ဆိုသည်။ ထို့ ကြောင့်ပင် ယခုနှစ်လည်း လာရောက် ကြည့်ရှုခြင်းဖြစ်သည်ဟုပြော သည်။ မယုံကြည်မှုဆို ခြင်းထက် သိလိုစိတ်သာ များလာခဲ့ သည်ဟုသိရသည်။

အကျွတ်အလွတ်ပွဲများအား တစ်နိုင်ငံလုံး လိုက်လံပြုလုပ်နေသည့် ဦးခင်မောင်တင့်က ရှမ်းပြည်နယ် နောင်ချိုမြို့ အကျွတ်အလွတ်ပွဲသို့ သီပေါမြို့မှ မကျွတ် မလွတ်သေး သူများ တက်လာကြသော်လည်း အစားအစာများစားခွင့်မရခဲ့ကြောင်း၊ အမျှအတန်းယူခွင့်မရခဲ့ကြောင်း သီပေါရှိ ၎င်းတို့၏ ဆွေမျိုးမိတ် သင်္ဂဟများထံ အိပ် မက်ပေးခဲ့ သည်ကို ကြုံခဲ့ဖူးကြောင်း ဆိုသည်။ ”နောင်ချိုမှာ လှူတဲ့အထဲမှာ သီပေါကလူတွေ မပါဘူးလေ။ ဆွေမျိုးသားချင်းတွေပါမှ ရေစက်ချအမျှဝေပေးရင်ရတာ”ဟု ဦးခင်မောင် တင့်က ၂ဝဝ၆ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့သည့် ထူးခြားဖြစ်စဉ်တစ်ခုကို ပြန်ပြောင်းပြောသည်။

”တချို့ကအရမ်းသနားဖို့ကောင်းတယ်။ မိသားစုကလည်း သေပြီးပြီးရော အလှူအတန်းလုပ်မပေးကြတော့ဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေအတွက် အကျွတ်အ လွတ်ပွဲက ကောက် ရိုးတစ်မျှင်ပဲ” ၎င်းကအကျွတ်အလွတ်ပွဲပြုလုပ်သူ ဦးခင်မောင်တင့်၏ ရည်ရွယ်ချက်တစ်ခုလည်းဖြစ်သည်။

ထို့ ကြောင့် ၎င်းတို့အနေနှင့် ပျံလွန်တော်မူ သွားပြီဖြစ် သည့် မင်းကွန်း ဆရာတော်ကြီးအပါအဝင် ရွှေကျင် ဆရာတော်၊ ဗြဟ္မစိုရ်ကျောင်း ဆရာတော် တို့၏ အဆုံး အမသြဝါဒတရားများကိုခံယူ၍ အကျွတ်အလွတ်ပွဲ များ ဆက် လက်ပြု လုပ်နေဆဲဖြစ်သည်ဟုသိရသည်။

ထို့ပြင် သူ့ထံတွင် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်ဟုဆိုပြန်သည်။ ယင်းက အကျွတ်အ လွတ်ပွဲကို တစ်ဦးတည်းအလှူရှင်ဖြင့် လက်ခံကျင်းပမှု မပြုခြင်း ပင်ဖြစ် သည်။ အကျွတ်အလွတ်ပွဲဟူသည် နိုင်ငံအတွင်းရှိ မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ်အပေါင်းကို စုစည်းကုသိုလ်ပေးခြင်းဖြစ်ရာ မိသားစုတစ်စုတည်း၏ သီးခြား အလှူ အတန်းမဖြစ်လိုဟုလည်း ဆိုသည်။ သို့သော် ယင်းပွဲအပေါ်ယုံကြည်မှုရှိလာရန် မတိုက်တွန်းလိုကြောင်းလည်း ထပ်လောင်းဆိုသည်။

မြန်မာနိုင်ငံ၌သာမက ကမ္ဘာပေါ်ရှိ ရိုမန်ကက်သလစ်ဘာသာ ကိုးကွယ်ကြသည့်နိုင်ငံများတွင်လည်း သေဆုံးပြီးသူများအတွက် ဆုတောင်းပွဲကို နှစ်စဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပကြသည်။ ၎င်းဆုတောင်းပွဲနေ့ကို ” All Soul’s Day ” ဟုသတ်မှတ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ”All Saints’ Day ‘နှင့် ဆက်စပ်ကျင်းပခြင်းဖြစ်သည်ဟုလည်းသိရသည်။ သရဲပွဲတော်ည” Hollowe’en Day ‘ကိုမူ အောက်တိုဘာ ၃၁ ရက်နေ့ညတွင် ကျင်းပမြဲဖြစ်သည်။ ဝိညာဉ်များအတွက် ဆုတောင်းပွဲကို သေလွန်ပြီး အခြားတစ်ဖက်၌ ရှိနေသူများအတွက် ရည်စူးပြုလုပ်ခြင်းဖြစ်ကာ သင်္ချိုင်းများတွင် မီးထွန်းခြင်း၊ ဆွေမျိုးနှင့်ချစ်ခင်ရသူများအတွက် ပန်းစည်း များချကာ ဘာသာရေးအရ ဆုတောင်းပေးကြ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏အကျွတ်အလွတ်ပွဲသည် ယုံကြည်သူတို့အတွက်မူ မကျွတ်မလွတ်သူများက အစားများလာရောက် စားသောက်သည်ဟု ဆိုကြသော်လည်း မယုံကြည်သူများ အတွက်မူ ”ဘာမှလည်း မဟုတ်ပါဘူးကွာ”ဟု ဆိုကာ လှည့်ထွက်သွားကြသည်။ မည်သို့ပင် ဆိုစေယုံကြည်သူနှင့် မယုံကြည်သူများ ရော ပြွမ်းနေခြင်းကပင်
အကျွတ် အလွတ်ပွဲ၏ ညအချိန်ကို စည်ကားနေစေခဲ့သည်။

”လာကြည့်တဲ့လူတွေကတော့ အမျှပေးဝေမယ့် နေ့ထက် ဒီလိုအစာကျွေးမယ်ဆိုတဲ့ညမှာ ပိုများတာပဲ” ဟု သုဗြဟ္မစာရီအဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။ အစာ အာ ဟာရ ကျွေးမွေးပွဲည ပြီးဆုံးသွားသော်လည်း အကျွတ်အလွတ်ပွဲလုပ်သူများအနေနှင့်တော့ အလုပ်မပြီးသေးချေ။ သိမ်းဆည်းစရာများ၊ လှည်း ကျင်းစရာများ ကို ဝေ ယျာဝစ္စအဖွဲ့မှ ပြုလုပ်ပြီးသည် နှင့် နောက်နေ့မနက်တွင် ဝေမာနိကပြိတ္တာနှင့်မကျွတ်မလွတ်သူများအတွက် အမျှအတန်းပေးဝေ ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ထပ်မံဖိတ်ကြားရဦးမည်ဟုလည်း သိရသည်။

သင်္ချိုင်းကို ပွဲလမ်းသဘင်နေရာတစ်ခုအဖြစ်စည်ကားစေသော အကျွတ်အလွတ်ပွဲ၏ ရည်ရွယ်ချက်သည် မမြင်ရသော အကျိုးရလဒ် အပြင် မြင်သာထင်သာသည့် ရည်မှန်း ချက်တစ်ခုလည်းပါသေး သည် ဟု ဦးခင်မောင်တင့်က ဆိုသည်။ ယင်းမှာ …. ”ကျွန်တော် ဘာလို့ဒီအလုပ်ကို စွဲမြဲလုပ်နေလဲသိလား။ လူတွေရဲ့အယူသီးမှုတွေကို တိုက် ဖျက်ချင်တယ်”ဟူ၍ဖြစ်သည်။

သုတလင်း

Popular Myanmar News Journal

ထူးအယ်လင်း နဲ့ လက်ရှိတွဲနေတဲ့ ကယားသူ မော်ဒယ် Caroline (ကယ်ရိုလိုင်း) ဓာတ်ပုံများ

ပုံကိုနှိပ်ပါက ပုံအကြီး မြင်ရပါမည်။

ဆက်စပ်သတင်း - တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့အမှု တေးသံရှင် မီးမီးခဲ အနိုင်ရ

















သမ္မတကြီး ဦးသိန်းစိန်၏ နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆု ဝူရှူးကစားသမား ဝေဖြိုးအောင်ရရှိ



ရန်ကုန်၊ မေ ၎

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ချီးမြှင့်သည့် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆုကို (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ ဝူရှူးအားကစားနည်းဖြင့် ရွှေတံဆိပ်သုံးခု ရယူပေးနိုင်ခဲ့သည့် ဝေဖြိုးအောင် ရရှိခဲ့သည်။

ဝူရှူးအားကစားသမား ဝေဖြိုးအောင်သည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် ထောက်လု အမျိုးအစား အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ၌ ကျော်ဇင်သစ်နှင့်အတူ ရွှေတံဆိပ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပသည့် အမျိုးသားတစ်ဦးချင်း လက်နက်မဲ့ အပြပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် ထောက်လု အမျိုးအစား အမျိုးသား တစ်ဦးချင်း အပြပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို သုံးရက်ဆက်တိုက် ရယူပေးနိုင်ခဲ့သည့် အားကစားသမားလည်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာ ဝူရှူးအားကစားအဖွဲ့က ရွှေတံဆိပ်ငါးခု ရယူပေးခဲ့ရာတွင် ဝေဖြိုးအောင် တစ်ဦးတည်းက ရွှေတံဆပ်သုံးခု ရယူပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆု (အသင်းအဖွဲ့) အတွက်မူ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က ရရှိခဲ့သည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အနေနှင့် ရိုးရာလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခုရရှိခဲ့ပြီး အားကစားနည်း ၃၃ မျိုးအနက် အအောင်မြင်ဆုံး အားကစားအဖွဲ့ ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂုဏ်ထူးဆောင် လက်မှတ် (တစ်ဦးချင်း) ကို စစ်တုရင် ကစားသမား ဝင်းဇော်ထွန်းနှင့် လှေလှော်ကစားသမား ဝင်းထိုက်တို့က ရရှိခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစား အဖွဲ့ချုပ်အဖြစ် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့က ရရှိခဲ့ကြသည်။

၂၀၁၃ ခုနှစ်က ပထမအကြိမ် ချီးမြှင့်သည့် နိုင်ငံဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆုကို မြားပစ် အားကစားမယ် အောင်ငှိမ်းက ရရှိခဲ့သည်။

The Voice Weekly

ထီးတစ်ချောင်းအလား တစ်ချက်တည်းနဲ့ ခေါက်သိမ်းနိုင်တဲ့ စက်ဘီး




သီဟနိုင် on 2014-05-05 16:00    


ခရီးဝေးပုံမှန်အလုပ်ဆင်းသူတွေ အတွက် အန္တိမစက်ဘီး ဖြစ်ပါလိမ့်မယ်။ ဆိုဒ်ပြည့်ဘီးတွေပါရှိပြီး စက်ဘီးတစ်ခုလုံးကို ထီးတစ်ချောင်း အရွယ်အစားဖြစ်အောင် ခေါက်ထားနိုင်ပါတယ်။

ဒီစက်ဘီးကို အီတလီလူမျိုးတစ်ယောက်က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ ခေါက်ထားရင် သေးသေးလေးဆိုပေမယ့် ဒီစက်ဘီးဟာ ၂၆လက်မ အရွယ်ဘီးတွေကို ဖြန့်ထုတ်ပေးမှာဖြစ်ပြီး တစ်ချက်တည်းနဲ့ ပြန်ခေါက်ထားလို့ ရပါတယ်။

ဒီစက်ဘီးမှာ စမုတ်တိုင်မဲ့ ဘီးတွေကို အသုံးပြုထားပြီး နောက်ဘက် ၀င်ရိုးကနေ ရှေ့ဘီးခွေကို တိုက်ရိုက် မောင်းနှင်ပေးမှာပါ။

ခေါက်သိမ်းနိုင်တဲ့ လက်ရှိစက်ဘီးတွေရဲ့ ဒီဇိုင်းတွေကို စိတ်ပျက်ရာကနေ ခုလို ဒီဇိုင်းမျိုးရေးဖို့ အကြံဉာဏ်ရလာတာလို့ တီထွင်သူ Gianluca Sada ကပြောပါတယ်။

Ref:dailymail.co.uk
Trend Myanmar

တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၃၆ ဦးထိရောက်ရှိ




ဆိုးလ်၊ မေ ၎

အထက်တန်းကျောင်းသား အများစု လိုက်ပါသွားသည့် တန်ချိန် ၆၈၂၅ ရှိ တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol နစ်မြုပ်မှုတွင် သေဆုံးသွားသူများ၏ ခန္ဓာကိုယ်ရှစ်ခု ထပ်မံရှာဖွေ တွေ့ရှိသဖြင့် သေဆုံးသူဦးရေ ၂၃၆ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ကူးတို့သင်္ဘော နစ်မြုပ်ပြီး ၁၇ ရက် ကြာပြီးနောက် သေဆုံးသွားပြီဟု အတည်ပြုနိုင်သူ ဦးရေ ၂၃၆ ဦးထိ ရှိသွားပြီး ၆၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တောင်ကိုရီးယား ဘေးအန္တရာယ် တုံ့ပြန်ရေး ဌာနချုပ်က ထုတ်ပြန်သည်။
“သင်္ဘောဦးပိုင်းနားက စတုတ္ထထပ် အတွင်းကို ရေငုပ်သမားတွေက အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လို့ ခန္ဓာကိုယ်ရှစ်ခုကို ထပ်မံရှာဖွေနိုင်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စနေနေ့ အစောပိုင်းတွင် လှိုင်းနှင့် ရေစီးကြောင်းများ ပြင်းထန်နေပြီး လေပြင်းများ တိုက်ခတ်နေခြင်းကြောင့် ရှာဖွေရေး လုပ်ငန်းများကို ယာယီဆိုင်းငံ့ ခဲ့ရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အပြင် ရေငုပ်အဖွဲ့များမှာ စိန်ခေါ်မှု ကြီးမားပြီး အန္တရာယ်များသည့် အခြေအနေ အောက်တွင် လုပ်ကိုင်နေရပြီး ရေအောက်မီတာ ၄၀ အနက်တွင် နစ်မြုပ်နေသော သင်္ဘောအတွင်းသို့ ဝင်ရောက် ရှာဖွေနေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောနစ်မြုပ် သွားသည့်ကာလ ကြာမြင့်လာပြီး ရေစီးကြောင်းများလည်း ပြင်းထန်နေခြင်းကြောင့် သင်္ဘောမှ အပျက်အစီးများမှာ ကီလိုမီတာ ၃၀ အကွာအဝေးထိ ပျံ့နှံ့လျက်ရှိပြီး ရုပ်အလောင်းများမှာ ပင်လယ်ပြင်အတွင်း ကျယ်ပြန့်စွာ လွင့်မျောနေနိုင်ကြောင်း စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

ပျောက်ဆုံးနေသော ခရီးသည်များ၏ ဆွေမျိုးများက သင်္ဘောကို ရေပေါ်သို့ ပြန်လည် မဆယ်ယူခင် ခန္ဓာကိုယ် အားလုံးကို ရှာဖွေပေးရမည်ဟု တောင်းဆိုထားသည်။

သောကြာနေ့တွင် Sewol သင်္ဘောမှ ရုပ်အလောင်းတစ်ခုကို ရှာဖွေရေးနေရာမှ လေးကီလိုမီတာ အကွာတွင် ငါးဖမ်းသင်္ဘော တစ်စင်းက ဆယ်ယူရရှိခဲ့ပြီး အခြားသော ရုပ်အလောင်းတစ်ခုကို နှစ်ကီလိုမီတာ အကွာတွင် တွေ့ရှိခဲ့သည်။

အထက်တန်း ကျောင်းသား ၃၀၀ ကျော် အပါဝင် ခရီးသည်ပေါင်း ၄၇၆ ဦး လိုက်ပါသွားသည့် Sewol သင်္ဘောသည် အင်ချွန်မှ ဂျေဂျူး အပန်းဖြေကျွန်းသို့ ဦးတည် ထွက်ခွာလာစဉ် ဧပြီ ၁၆ ရက်နေ့တွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

ယင်းအဖြစ်အပျက်သည် တောင်ကိုရီးယားသမိုင်းတွင် ငြိမ်းချမ်းချိန် ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များအနက် အဆိုးရွားဆုံး ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး သင်္ဘောနစ်မြုပ်သည့် ဖြစ်ရပ်အပေါ် အစိုးရအဖွဲ့က ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့သဖြင့် ပြည်သူများမှာ စိတ်ဆိုးဒေါသ ထွက်ခဲ့ရသည်။

ထို့အပြင် သက်တမ်း နှစ် ၂၀ ကျော် ရှိပြီဖြစ်သည့် သင်္ဘောတွင် ဟန်ချက်ထိန်းမှုဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု သင်္ဘော၏ အမြဲတမ်း ကက်ပတိန် ဖြစ်သူက သင်္ဘောကုမ္ပဏီ Chonghaejin Marine Co ကို သတိပေးခဲ့သော်လည်း ကုမ္ပဏီက လက်ခံခြင်းမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောနစ်မြုပ်ချိန်တွင် တာဝန် ထမ်းဆောင်ခဲ့သော ကပ္ပတိန်နှင့် သင်္ဘောသား ၁၄ ဦးအား ခရီးသည်များကို ကူညီကယ်ဆယ်ခြင်း မရှိဘဲ သင်္ဘောကို ဦးစွာစွန့်ခွာမှုဖြင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်။

The Voice Weekly

အဝေးပြေးလမ်း မတော်တဆမှု များလာသောကြောင့် ခရီးသည်တင်ယာဉ်များ အလုံးစုံ အာမခံထားသင့်ဟုဆို



ရန်ကုန်၊ မေ ၅

အဝေးပြေးလမ်းတွင် မတော်တဆမှု များလာသောကြောင့် ယာဉ်လိုင်းပေါင်းစုံမှ ခရီးသည် တင်ယာဉ်အားလုံး မော်တော်ယာဉ် အလုံးစုံ အာမခံထားသင့်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဝေးပြေး လမ်းမများတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှု များကြောင့် ခရီးသည်များ အသက်ဆုံးရှုံးခြင်းနှင့် မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေပြီး ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ နစ်နာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အလုံးစုံ အာမခံထားရှိရန် တိုက်တွန်းရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ယာဉ်မတော်တဆ ဖြစ်လို့ လူသေဆုံးခဲ့ရင် တစ်ဦးချင်းစီကို အထူးခရီးသွား အာမခံက သိန်းသုံးဆယ် ပေးလျော်မယ်။ သူတစ်ပါး ထိခိုက်မှု အာမခံက ငါးသိန်း၊ အလုံးစုံ မော်တော်ယာဉ် အာမခံထားတဲ့ ကားကို စီးတဲ့ ခရီးသည်က အခြားကားစီးသူတွေထက် ၁၀ သိန်းပိုရမယ်။ စုစုပေါင်း ၄၅ သိန်း ခရီးသည်က ရမယ်။ ပျက်စီးသွားတဲ့ ကားကိုလည်း အာမခံလုပ်ငန်းက ပြန်ပြင်ပေးမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေး ခရီးသည်ယာဉ်များက မတော်တဆ ဖြစ်ခဲ့လျှင် အခြားကားများထက် ဆုံးရှုံးမှုပမာဏ ပိုကြီးသည့်အတွက် မော်တော်ယာဉ် အလုံးစုံအာမခံကို မဖြစ်မနေ ထားသင့်ကြောင်း JJ Express အဝေးပြေး ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းအမြင်ကို ပြောကြားသည်။
“ကျွန်တော်တို့ JJ ကားတွေ အားလုံးနီးပါး အလုံးစုံ မော်တော်ယာဉ် အာမခံထားတယ်။ ဒီအောင်မင်္ဂလာ အဝေးပြေးဝင်းထဲက အသိမိတ်ဆွေ တွေကိုလည်း အလုံးစုံ အာမခံထားဖို့ အမြဲတိုက်တွန်းပါတယ်။ အလုံစုံ အာမခံရဲ့ သဘောက သူပဲမှားမှား၊ ကိုယ်ပဲမှားမှား အာမခံက လျော်ပေးတယ်လေ” ဟု ၎င်းကဆိုသည်။

အလုံးစုံ အာမခံစနစ် ထားရှိရာတွင်လည်း ပုဂ္ဂလိက အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုပြီး နောက်ပိုင်း ပိုအဆင်ပြေလာကြောင်း ပြည်တွင်း Express အဝေးပြေး ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြန်မာ့အာမခံလုပ်ငန်း တစ်ခုတည်း ရှိတုန်းက ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင် အာမခံလုပ်ငန်းက လူတွေကို ကားကအစ ငှားပေးပြီး မနည်းပင့်နေရတယ်။ အခု အပြိုင်အဆိုင်တွေ လုပ်လာကြတော့ အဆင်ပြေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ် အလုံးစုံ အာမခံကို မြန်မာ့အာမခံ လုပ်ငန်းတွင်သာမက ပြည်တွင်း ပုဂ္ဂလိက အာမခံလုပ်ငန်း များတွင်လည်း ထားရှိနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

The Voice

Computer အရောင်းဆိုင်၏တံခါးသော့ကို သော့ပြင်သူနှင့်ပူးပေါင်း ဖျက်ဆီးကာ ပစ္စည်းများခိုးယူခဲ့သူများကို စစ်ဆေးရာ အခြားဖုန်းဆိုင်မှ ပစ္စည်းများခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်




ရန်ကုန်၊ မေ ၅

ကမာရွတ်မြို့နယ်ရှိ Computer Sale and Service Center ဆိုင်အတွင်း
ထားရှိသော i Pad, Mac Book များနှင့် မိုဘိုင်းဖုန်းဟန်းဆက်များခိုးယူခံရ
သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁၈၄/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၈၀ ဖြင့်အမှုဖွင့်
လှစ်ပြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ၀ဏ္ဏ(ခ)၀ဏ္ဏထွန်း၊ (၂၄)နှစ်၊ (ဘ)ဦးအောင်နိုင်ထွန်း၊ တာမွေမြို့နယ်နေသူ မှ သော့ပြင်သူ အလီ(ခ)
ကျော်ကျော်၊ (၄၀)နှစ်၊ (ဘ)ဦးမောင်စိန်၊ သန်လျင်မြို့နယ်နေသူနှင့်ပူးပေါင်း
၍ ဆိုင်တံခါးသော့အားဖျက်ကာ ပစ္စည်းများခိုးယူခဲ့ခြင်းဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှပျောက်ဆုံးသွားသော ပစ္စည်းအချို့အား အလီ(ခ)ကျော်ကျော်
၏နေအိမ်မှ ပြန်လည်သိမ်းရမိခဲ့သည့်အပြင် ၎င်းအမှုနှင့်မသက်ဆိုင်သော လက်ကိုင်ဖုန်း(၂)လုံးနှင့် လက်ပ်တော့(၁)လုံးတို့ကိုလည်းတွေ့ရှိသိမ်းဆည်း
ရမိခဲ့ပါသည်။

ထိုသို့သိမ်းဆည်းရမိသော ပစ္စည်းများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး
ခဲ့ရာ အလီ(ခ)ကျော်ကျော်နှင့် ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းတို့(၂)ဦးသည် ၂၀၁၄ခုနှစ်၊
ဖေဖေါ်ဝါရီလအတွင်း ညအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)
ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ ဖုန်းဆိုင်(၁)ဆိုင်မှခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၉၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀
ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းရမိခဲ့သော လက်ကိုင်ဖုန်း (၂)လုံးနှင့် လက်ပ်တော့(၁)လုံးတို့အပြင် အဆိုပါဖုန်းဆိုင်မှ ၎င်းတို့(၂)ဦး ခိုးယူရောင်းချ ထားသော i Pad (၆)လုံး၊ i Phone(၆)လုံး၊ လက်ပ်တော့
(၁)လုံးနှင့်ပစ္စည်းအချို့ရောင်းချရာမှရရှိထားသော ငွေကျပ်(၈)သိန်းတို့ကို
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပြင်းအား magnitude အဆင့် ၆ ရှိ ငလျင်တခု ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မေလ ၅ရက် မနက် ၅နာရီ ၁၈မိနစ်က လှုပ်ခတ်


ပြင်းအား magnitude အဆင့် ၆ ရှိ ငလျင်တခု ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မေလ ၅ရက် မနက် ၅နာရီ ၁၈မိနစ်က လှုပ်ခတ်ခဲ့ ပြီး လူ ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်-မန္တလေးလမ်း အမြန်နှုန်းတိုင်းတာရေး စက်များ ထပ်တပ်မည်

ဓာတ်ပုံ – ထွန်းထွန်းသိန်း

ယာဉ်တိမ်းမောက်မူတွေ မကြာခဏဖြစ်ပွားနေတဲ့ ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်မှာ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို အရေးယူဖို့အတွက် အမြန်နှုန်း တိုင်းတာရေးစက်တွေကို ထပ်မံ တပ်ဆင်ဖို့ ရှိနေပါတယ်။

ရန်ကုန်- မန္တလေး အမြန်လမ်းမရဲတပ်ဖွဲ့ဝင် တဦး ကတော့ လတ်တလောမှာ အမြန်နှုန်း တိုင်းတာရေး စက်အလုံး ၂၀ တပ်ဆင်ဖို့ရှိနေပြီး ထပ်မံတပ်ဆင်ဖို့လည်း ရှိနေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ မှာ မော်တော်ယာဉ်တွေကို ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်ခွင့်ပြုထားပေမယ့် အချို့ယာဉ်တွေက ပိုမို မောင်းနှင်ကြတဲ့အတွက် မကြာခဏဆိုသလို ယာဉ်တိမ်းမောက်မူတွေဖြစ်ပွားပြီး လူသေဆုံးမူတွေ ရှိနေပါတယ်။

သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်တွေနဲ့ စောင့်ကြည့်အရေးယူနေပေမယ့် ယဉ်ထိခိုက်မူတွေတော့ ရှိနေဆဲပါ။

အမြန်နှုန်း တိုင်းတာရေးစက်တွေကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ အ ကြား မှာ တပ်ဆင်ထားပြီး စစ်ဆေးအရေးယူနေတယ်လို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မူတွေက လမ်းရဲ့စံချိန်စံညွှန်း မမီတာကြောင့် ဖြစ်နိုင်သလို၊ တခြား အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ လာမယ့်မေလ ၁၀ ရက်နေ့ မိုင်တိုင်အမှတ် ၁၁၆ အနီးမှာ အကျွတ်အလွတ် ဒါနပွဲပြူလုပ်မယ့်အဖွဲ့ဝင် ဦးအောင်ကျော်နိုင်က ပြောပါတယ်။

အမြန်လမ်းမတလျှောက်ရဲ့ ၁၉ ရာခိုင်နှုန်းမှာ အားနည်းချက်တွေရှိနိုင်ပြီး ၆ ရာခိုင်နှုန်းက အသေးစိတ်ပြန်လည်ပြုပြင်ရန် လိုအပ်နေတယ်လို့ အမြန်လမ်းမ အဆင့်မြှင့်တင်ရေး အကူအညီတွေပေးဖို့ လေ့လာခဲ့တဲ့ ဂျပန်ကုမ္ပဏီတခု ဒီနှစ်ဆန်းမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်မှာ ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ၁၁၃ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အပြည့်အစုံ နားဆင်ရန်


DVB Burmese 

လမ်းဖြတ်ကူးသူ ကလေးငယ်ကို ယာဉ်တိုက်မိသဖြင့် သေဆုံး


ရန်ကုန်၊ မေ ၅

၎.၅.၂၀၁၄ ရက်နေ့ ၁၀၅၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းအတိုင်း ရွှေပြည်သာမြို့နယ်ဘက်မှ အင်းစိန်မြို့နယ်ဘက်
သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် L---- DA-80 အစိမ်းရောင် အုတ်/သဲ/ကျောက်တင်အငှားယာဉ်သည် ရွှေပြည်သာမြို့နယ်
ရှိ “အောင်” အုတ်/သဲ/ကျောက်ရောင်းဝယ်ရေးဆိုင်ရှေ့အရောက်၌ လမ်းဖြတ်ကူးသူ ရွှေပြည်သာမြို့နယ်နေ မမီးမီး (၅)နှစ်၊ (ဘ)ဦးခင်ညွန့်အား ၀င်ရောက်တိုက်မိပြီး ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူ ကလေးငယ် မမီးမီးတွင် ဦးခေါင်းကြေမွဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း (စုံစမ်းဆဲ)အား ရွှေပြည်သာမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ယူကရိန်းမှ တိုက်ခိုက်လာမည့်အပေါ်တွင် ကြောက်ရွံ့မှုများ တိုးပွားလာ



မေ ၅။

ယူကရိန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ကျရောက်လာမည့် အပေါ်တွင် ရုရှားလိုလားသူများ၏ ခံတပ်မြို့ စလိုဗီးယန့်စ်၌ ကြောက်ရွံ့မှုများ
တိုးပွားလာလျက် ရှိကြောင်း မြို့တွင်းရှိ သတင်းရင်းမြစ်မှ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ယူကရိန်းစစ်တပ်မှ မြို့သို့ အဓိက လမ်းမကြီးကို ဖြတ်တောက်လိုက်ပြီး ပုန်ကန်တိုက်ခိုက်သူများအား ပိတ်ဆို့ထားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်က ယူကရိန်း ရဟတ်ယာဉ် နှစ်စီးအား ပုန်ကန်သူများမှ စလိုဗီးယန့်စ်မြို့ အနီးတွင် ပစ်ချခဲ့သည်။

ရုရှား ထောက်ခံသူ တိုက်ခိုက်ရေးသမားများအား အခိုင်အမာ ထောက်ပံ့မှုများ ရှိနေကြောင်းကို စလိုဗီးယန့်စ်ရှိ အလွတ်တန်း
သတင်းထောက် ဟယ်ရီယက် ဆလမ်မှ ပြောကြားခဲ့သည်။ ကိဗ်အစိုးရမှ မြို့အား ပြန်လည် သိမ်းပိုက်မည်ကို စိုးရိမ်ပူပန်မှုများ
မြို့နေလူထုတွင် ဖြစ်ပေါ်လျက် ရှိကြောင်း ပြောဆိုသွားသည်။

လတ်တလောကာလတွင် ယူကရိန်းတပ်ဖွဲ့များမှာ ကိဗ်အစိုးရမှ ပြောဆိုသည့် အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ရေး လုပ်ငန်းများကို
နိုင်ငံအရှေ့ပိုင်းတွင် လုပ်ဆောင်လျက် ရှိပြီး ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများမှ စီးနင်းထားသည့် အစိုးရရုံးများကိုလည်း ပြန်လည်
သိမ်းပိုက်ရန် ဆောင်ရွက်လျက် ရှိသည်။

ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်စာတွင် လူပေါင်း ဆယ်ချီ သေဆုံးခဲ့သည့် အကြမ်းဖက်မှုပြီးနောက် နှစ်ရက်အကြာတွင် ယူကရိန်း ဝန်ကြီးချုပ်
အာဆင်နီယက်စန်ရွတ်မှ ရုရှားသည် ယူကရိန်းနိုင်ငံ အခြေအနေများကို ဖျက်ဆီးရန် အစီအစဉ်များကို လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

စနေနေ့ နှောင်းပိုင်းက ယူကရိန်း ပြည်ထောင်စုကို ထောက်ခံသည့် ထောင်ပေါင်းများစွာသော လူများမှ အချို့သည် မျက်နှာဖုံးများ၊ တုတ်များကို
ကိုင်ဆောင်ပြီး အိုဒက်စာတွင် စုရုံးခဲ့ကြကာ ဒေသတွင်း ရဲဌာနသို့ ချီတက်ခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံတော် သီချင်းကို သီဆိုလျက်
ချီတက်ခဲ့ကြပြီးနောက် ကုန်သွယ်မှုဆိုင်ရာ သမဂ္ဂ အဆောက်အအုံ၌ ရုရှားလိုလားသူများ မီးရှို့ခဲ့ကြသည့် ယူကရိန်း အလံကို ပြန်လည်
လွှင့်တင်ခဲ့ကြသည်။

သောကြာနေ့ အိုဒက်စာ အကြမ်းဖက်မှုအတွင်း လူပေါင်း ၆၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသော်လည်း ဆန္ဒပြသူများမှ မြို့၏ ရဲစခန်းကို
တိုက်ခိုက်ခဲ့ပြီးနောက်တွင် ပြန်လည် လွှတ်ပေးခဲ့ရသည်။

သောကြာနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရာတွင် အများစုမှာ ရုရှားလိုလားသူများ ဖြစ်ပြီး အဆောက်အအုံး
မီးလောင်မှုတွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယက်စန်ရွတ်မှ သောကြာနေ့ မငြိမ်မသက်ဖြစ်မှုကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့အား အပြစ်တင်ခဲ့ပြီး
အကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် ရုရှားမှ စတင်လှုံ့ဆော်ပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီလအတွင်းက ရုရှားလိုလားသူ ယူကရိန်း၏ သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျမှာ အနောက်လိုလားသူများ၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည်။
ထို့နောက်တွင် ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်အား ရုရှားမှ သိမ်းပိုက်ခဲ့ပြီး နိုင်ငံတကာ၏ အမျက်ဒေါသထွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ယူကရိန်း အရှေ့ပိုင်းတွင် ခွဲထွက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး မြို့ပေါင်း ၁၂ မြို့ကျော်တွင် အစိုးရရုံးများကို သိမ်းပိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။

ယူကရိန်းအနေဖြင့် သမ္မတနေရာ ရွေးကောက်ပွဲအား မေလ ၂၅ ရက်တွင် ကျင်းပရန် ပြင်ဆင်ထားသည်။

Ref: BBC

ဘာသာပြန်-ကိုဒူး


The Myanma Age

လားရှိုးတွင် ဧပြီလအထိ မူးယစ်ဆေးဝါး (၈၆)မှု ဖမ်းဆီး




လားရှိုး၊ ဧပြီ ၅။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ယခုနှစ်စမှ၍ ဧပြီလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၈၆)မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်း
ယင်းမြို့နယ်အခြေစိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု(လာရှိုး)ထံမှ သိရသည်။

ယင်းတပ်ဖွဲ့မှ ဒုတပ်ဖွဲစုမှူး ဒုရဲမှုးဦးသင်းအောင် ၏ ပြောကြားချက်အရ  ၂ဝ၁၃ ခုနှစ်အတွင်းမူးရစ်ဆေးဝါးအမှုပေါင်း(၃၃၂)မှုကို ဖော်ထုတ်
အရေးယူနိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဧပြီလအထိ မူးရစ်ဆေးဝါးအမှုပေါင်း ၈၆ မှုကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

“ထူးခြားဖြစ်စဉ်အနေကတော့ (၄.၄.၂ဝ၁၄) နေ့က မူးယစ်ဆေးပြားပေါင်း(၆)သိန်းကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ မူးရစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့် လားရှိုးမြို့ဒေသခံများကြား စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရပြီး မူးယစ်ဆေးဝါး
သုံးစွဲသူများနှင့် ရောင်းဝယ်သူများ တစ်နေ့တစ်ခြား များပြားလာခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်သည့် ရာဇဝတ်မှုများလည်း မကြာခဏ ဖြစ်ပွား
နေကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ တချို့လုယက်မှုနဲ့ ဖောက်ထွင်းမှုတွေဆိုရင် ကာယကံရှင်တွေ ကိုယ်တိုင်က သက်ဆိုင်ရာကို မတိုင်ကြားတာကြောင့်
တာဝန်ရှိသူတွေ ကိုယ်တိုင်မသိဘဲ ဖြစ်နေတာတွေရှိပါတယ်၊ ဆေးသုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေ အများဆုံးကျက်စားရာက ရပ်ကွက်(၅)
တရုတ်ဘုံကျောင်းနားတဝိုက်မှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာက ဖမ်းဆီးမှုတွေရှိတယ် ဆိုပေမယ့် အခုထက်ပိုပြီ အရှိန်မြှင့်နှိမ်နင်းပေးဖို့
တောင်းဆိုလိုပါတယ်”ဟု လာရှိုးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲထားသူ လူငယ်များက ညအချိန်များတွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများကို ရိုက်နှက်
လုယက်ခြင်းများ မကြာခဏ ဖြစ်လေ့ရှိပြီး ယင်းသို့ ရိုက်နှက်မှုများကြောင့် အသက်ဆုံးရှုံးမှုမျိုးလည်း ရှိခဲ့ကြောင်း လားရှိုးဒေသခံများ၏
ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ လားရှိုးမြို့နယ် မူးယစ်တပ်ဖွဲ့စုမှာက အင်အားအယောက်(၃ဝ)ကျော်နဲ့ပဲ လှုပ်ရှားနေရတာပါ၊ နောင်ချိုမှာလည်း တပ်ဖွဲ့ဝင်အချို့ကို
ခွဲပြီးပို့ထားရတဲ့အတွက် တပ်ဖွဲဝင်အင်အားက နည်းနေတာမို့ ပြည်သူလူထုရဲ့ သတင်းပေး ပူးပေါင်းပါဝင်မှုလည်း အထူးလိုအပ်နေပါတယ်”
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၄)၊ မူးယစ်တပ်ဖွဲ့စု(လာရှိုး)မှ ဒုတပ်ဖွဲစုမှူး ဒုရဲမှုးဦးသင်းအောင် က ပြောသည်။

တင်ဦး(စောထ)

The Myanma Age

လက်ပံတောင်းတောင် ၀မ်ပေါင်ကုမ္မဏီ မိုင်ခွဲလုပ်သားတစ်ဦး မုံရွာဆိပ်ကမ်းတွင် ဒဏ်ရာများဖြင့် သတိလစ်


သတင်း၊ ကိုတိုးကြီး
မုံရွာ၊ မေ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ထန်းတောကြီးကူတို့ဆိပ်ကမ်းတွင် ယခုလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ၀ဲဘက်ခြေသလုံး ပြည်တည်ဒဏ်ရာများဖြင့် အားအင်းချိနဲ့ကာ သတိလစ်မေ့မျှောနေသည့်အ တွက် အနီးရှိ သုံးဘီးဆိုင်ကယ်အငှားလိုက်သူများက မုံရွာပြည်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သုံးဘီးဆိုင်ကယ်ယာဉ်အသင်း အဖွဲ့ဝင် ကိုသီဟမှ ပြောပြသည်။
“ အဲ့ဒီနေ့က ဆိုက်တွဲသမားတွေလိုက်ပို့တဲ့လူနာဟာ သတိလစ်နေတဲ့ အချက်အလက်ဘာမှမသိရပါဘူး..။ အရိုးဆောင်မှာ ဆေးကုသမှုခံနေပါတယ်..” ဟု မုံရွာပြည်သူ့ဆေးရုံကြီး ပြင်လူနာကုသရေးနှင့် အရေးပေါ် လူနာဌာနရှိ အမည်မဖော်လိုသည့် ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ မဇ္ဈိမသို့ပြောသည်။
အဆိုပါ လူနာသည် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင် အခန်းအမှတ်(၄)တွင် အရေးပေါ်အ တွင်းလူနာအဖြစ်ဆေးကုသမှုခံယူလျက်ရှိရာ ယခုလ (၄)ရက်နေ့ မနက်ပိုင်းကစတင်ပြီး မေ့မျှောနေရာမှ သတိပြန်လည်ရရှိလာခဲ့သည်။ နေ့လည်ပိုင်းအချိန်တွင် ကောင်းစွာစကားများပြန်လည်ပြောဆိုနိုင်ပြီးဖြစ် သည့်အတွက် တာဝန်ကျဆရာဝန်၏ ခွင့်ပြုချက်များအရ ၎င်းဆေးရုံရှိ မှုခင်းဆေးမှတ်တမ်းဌာနမှ ထိုသူအား မေးမြန်းစစ်ဆေး၍ မှတ်တမ်းများရယူခဲ့ကြောင်း သိရသည်။
၎င်းလူနာမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြိးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီတူးဖော် ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်း ၀မ်ပေါင်ကုမ္မဏီရှိ ဦးသိန်းဝင်း ဆိုသူ၏ ကျောက်မိုင်းခွဲအဖွဲ့မှ မိုင်းခွဲလုပ်သား တစ်ဦးဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်က အခြားကျောက်မိုင်းခွဲ အဖွဲ့တစ်ဖွဲ့မှ မိုင်းခွဲစဉ် ၎င်း၏ ၀ဲဘက်ခြေ သလုံးအား ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၀မ်ပေါင်ကုမ္မဏီဆေးခန်းတွင် ဆေးကုသမှုခံယူခဲ့ရာ သက်သာပျောက် ကင်းခြင်းမရှိသည့်အတွက် မန္တလေးသို့ပြန်ရန် ၀မ်ပေါင်ကုမ္မဏီမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် မုံရွာမြို့ ထန်းတောကြီး ကူးတို့ဆိပ်ကမ်းတွင် သတိလစ်မေ့မျှောနေခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ န၀ရတ်စုရပ်၊ (၃၉×၄၀)လမ်းမှာနေပါတယ် …။ နာမည်က ကိုအောင်အောင် လို့ခေါ်ပါတယ်။ အသက်က(၂၀)နှစ်၊ အဖေနာမည်က ဦးသန်းဝင်း အမေ နာမည်က ဒေါ်မြဝေဖြစ်ပါတယ်..” ဟု ၀မ်ပေါင်ကုမ္မဏီတွင် မိုင်းခွဲလုပ်ငန်းမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကို အောင်အောင်မှ မဇ္ဈိမသို့ ပြောပြသည်။
ထို့ကြောင့် အဆိုပါ ကြေးနီတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ငန်းများလုပ်ကိုင်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လုပ်ငန်းခွင် ဘေအန္တရာယ်ကင်းရှင်းရေးများ ဦးစားပေးလုပ်ဆောင်သင့် ကြောင်း မုံရွာဒေသခံ မြို့မိမြို့ဖတစ်ဦးက ပြောပြခဲ့သေးသည်။

ကိုတိုး ချင်းတွင်း 

နေ့စဉ်သုံး..အင်္ဂလိပ်စကား (၉၁)


ဒီနေ့တော့..နေ့စဉ်သုံး အင်္ဂလိပ်စကားတွေထဲက That's funny, Any minute now နဲ့ How soon တို့ကို ရွေးကောက် ဖော်ပြပေးလိုက်ပါတယ်။

(1) That's funny
-----------------
အကြောင်းကိစ္စတစ်ခုဟာ ဖြစ်သင့်တဲ့အချိန်မှာ ဖြစ်မလာခဲ့ရင် "ထူးဆန်းလှ ပါလား"လို့ ပြောတတ်ကြပါတယ်။အင်္ဂလိပ်လို ပြောချင်ရင်တော့.. That's funny ကို သုံးလိုက်ပါ။

(a) Did you get my letter?
ငါ့စာ..ရရဲ့လား။
No.
ဟင့်အင်း။မရဘူး။
That's funny.I mailed it two weeks ago.
ထူးဆန်းလိုက်တာကွာ။လွန်ခဲ့တဲ့ နှစ်ပတ်က ငါစာတိုက်က ပို့ခဲ့တာ။

(b) Paing Soe isn't here yet.
ပိုင်စိုး ဒီကို ရောက်မလာသေးဘူး။
That's funny.He called me two hours ago and said he was on his way.
ထူးဆန်းလှပါလား။ပြီးခဲ့တဲ့ နှစ်နာရီက သူ.ငါ့ကို ဖုန်းဆက်တော့ သူလာနေပြီ ပြောပြီးတော့။

(2) Any minute now
----------------------
''်မကြာခင်" ဆိုတဲ့အဓိပ္ပါယ်ကို very soon သုံးပြီးပြောကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။ဒီအဓိပ္ပါယ်ကိုပဲ Any minute now သုံးပြီး ပြောနိုင်ပါသေးတယ်။

(a) Win Naing Tun is outside parking his car.He'll be here any minute now.
ဝင်းနိုင်ထွန်း အပြင်မှာ ကားပါကင် ထိုးနေတယ်။သူ..မကြာခင် ဒီရောက်လာ ပါလိမ့်မယ်။

(b) Would everyone please sit down.Saya Ko Chit Wai is going to start the meeting any minute now.
ကျေးဇူးပြုပြီး အားလုံးထိုင်ပေးလို့ ရမလားဗျာ။ဆရာ ကိုချစ်ဝေ မကြာခင် အစည်းအဝေး စတော့မှာမို့ပါ။

(3) How soon
---------------
တစ်ခါတစ်ရံမှာ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အစောဆုံးပြီးမယ့်အချိန်၊ အစော ဆုံး စမယ့်အချိန်ကို မေးမြန်းကြရပါတယ်။ဒီလို ..အစောဆုံးအချိန်ကို ..မေး ချင်ရင် How soon ကို သုံးပြီး မေးနိုင်ပါတယ်။

(a) How soon can you finish the project?
လုပ်ငန်းစီမံချက်ကို ဘယ်အချိန်လောက် ခင်ဗျား အစောဆုံး အပြီးသတ်နိုင် မလဲ။
We can get it done by Friday.
သောကြာနေ့လောက်ဆို အပြီးသတ်နိုင်ပါပြီ။

(b) How soon can you start working ?
ခင်ဗျား ဘယ်အချိန်လောက် အစောဆုံး စလုပ်နိုင်မလဲဗျ။
I can start on Monday.
တနင်္လာနေ့ဆို စလုပ်နိုင်ပါတယ်။

အင်္ဂလိပ်ဘာသာ လေ့လာစရာ 

အာဆီယံ ခေါင်းဆောင်များစီးရန် ဘီအမ်ဒဗလျူ ကားအစီး ၇၀ ပံ့ပိုး


မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချိရောင်းချဖို့ တဦးတည်း ကိုယ်စားလှယ် ရထားတဲ့ Prestige အော်တိုမိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။

ဒီကားတွေကို မေ ၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မှာ ကျင်းပတဲ့ BMW ကားအစီး ၇၀ လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ချုပ် ဦးတင်ထူးက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ပံ့ပိုးပေးတဲ့ ကားတွေထဲမှာ BMW 7 Series, 5 series Sedan နဲ့ BMW X5 Sports Activity Vehicle အမျိုးအစားကားတွေ ပါဝင်တယ်လို့ သိရပါတယ်။

BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။

DVB Burmese

ထိုင်းဘုရင် နန်းတက် ၆၄ နှစ်ပြည့်အခမ်းအနား ပြည်သူထောင်ချီတက်ရောက်


ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘောအဒူလျာဒတ် ၆၄ နှစ်ပြည့် နန်းတက်အခမ်းအနားကို မေ ၅ ရက် ဒီနေ့မှာ ကျင်းပတဲ့အခါ ပြည်သူထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။

နိုင်ငံတောင်ပိုင်းက အပန်းဖြေစခန်းမြို့တော် ဟွာဟင်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ သက်တော် ၈၆ နှစ်အရွယ် ဘုရင်ကြီးနဲ့ မိဖုရား သီရီခေတ်တို့ကို အဖူးမြော်ခံပါတယ်။

ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာနဲ့အညီ ကျင်းပတဲ့ အခမ်းအနားမှာ တော်ဝင်မိသားစုဝင်တွေ၊ ကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ယင်းလတ်နဲ့ အစိုးရအရာရှိတွေလည်း တက်ရောက်ပါတယ်။

ဟွာဟင်မြို့က ယာယီစံနန်းတော်မှာ ဘုရင်နဲ့ မိဖုရားတို့ ၂၀၁၃ ခုနှစ် ဇူလိုင်ကတည်းက စံမြန်းနေတာ ဖြစ်ပါတယ်။

ဘုရင်ကြီးဟာ နှစ်ပေါင်းများစွာ ကျန်းမာရေးဆိုးရွားနေတဲ့အတွက် ဘီးတပ်ထိုင်ခုံကို အသုံးပြုပြီး သွားလာနေရပါတယ်။

ချက်ကရီမင်းဆက် ၉ ဆက်မြောက် ဘုရင် ဘူမိဘောဟာ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်ကြီး ဖြစ်ပြီး နောင်တော် အာနန္ဒာမဟီဒိုးလ်ဘုရင် နတ်ရွာစံပြီးနောက် သက်တော် ၁၈ နှစ်အရွယ် ၁၉၅၀ ကတည်းက နန်းတက်ခဲ့ပါတယ်။

ထိုင်းပြည်သူတွေဟာ ဘုရင်ကြီးကို တိုင်းပြည်ရဲ့ ဖခင်တယောက်လို ချစ်ခင်လေးစားကြပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်ကို တရားဝင်အပ်နှင်းထားတဲ့ အာဏာ အလွန်နည်းပေမယ့် တော်ဝင်မိသားစုဆီက ဆိုခဲစေ၊ မြဲစေ မှတ်ချက်တွေဟာ ထိုင်း နိုင်ငံရေးအပေါ် သြဇာအလွန် လွှမ်းမိုးတတ်ပါတယ်။

DVB Burmese

မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း ကျရောက်မည်


ရန်ကုန်၊ မေ ၎

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းအတွင်း မေလ ၆ ရက်နေ့တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း အားကောင်းလျက် ရှိပြီး မုန်တိုင်းငယ် အဖြစ်သို့ ယင်းနေ့တွင် ရောက်ရှိကာ အိန္ဒိယနိုင်ငံ အနောက်တောင်ဘက် ကမ်းခြေကို ဖြတ်ကျော်မည် ဖြစ်၍ မေလ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

အဆိုပါ ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် (National Oceanic Atmospheric Administration) အဖွဲ့က မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု အဖြစ်မှ အပူပိုင်းမုန်တိုင်းနှင့် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ယင်းကြောင့် ဧပြီလမှ မေလအတွင်း (မိုးကြိုကာလ) သည် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မှု အများဆုံးကာလ ဖြစ်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောဆိုသည်။

The Voice Weekly


MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေး


MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

စာတိုပို့စနစ် (SMS) ဖြင့် လျှောက်ထားရခြင်းမဟုတ်ဘဲ လျှောက်လွှာဖြင့် သွားရောက်လျှောက်ထားရသော အဆိုပါ ဖုန်းအင်တာနက်စနစ်ကို လျှောက်လွှာတွင် အချက်အလက် ဖြည့်စွက်လျှောက်ထားပြီးသည်နှင့် လိုင်းတစ်ခါတည်း ဖွင့်ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသည့်နေရာမှ မေးမြန်းသိရှိရသည်။ “Mobile Care Center ကို လာတာနဲ့ အင်တာနက်လျှောက်ထားဖို့ဆိုရင် တိုကင်ပေးပါတယ်။ အဲဒီတိုကင်နံပါတ်အလိုက် ခေါ်ပေးပြီး ကိုယ့်အလှည့်ရောက်တာ နဲ့ လျှောက်လွှာမှာ ဖောင်ဖြည့်ပြီး တစ်ခါတည်းဖွင့်ပေးတာ ဖြစ်ပါတယ်” ဟု ယင်း MEC Tel Mobile Care Center မှ မေးမြန်းသိရှိရသည်။ MEC Tel

CDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ် ချိတ်ဆက်ခြင်းကို  ပန်းဆိုးတန်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Mobile Care Center တွင် စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

MEC Tel CDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ်ကို စာတိုက်ကြီးအနီးရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ၂.၅.၂၀၁၄ ရက်နေ့မှစ၍ MEC Tel CDMA 800MHz တယ်လီဖုန်း အင်တာနက်လျှောက်လွှာများ လက်ခံမည်မဟုတ်ကြောင်း စာတိုက်ကြီးအနီးရှိ တန်ဖိုးနည်း မိုဘိုင်းဖုန်း ကတ်ပျက်၊ ပျောက်လျှောက်ထား ရသော မြန်မာ့ဆက်သွယ်ရေးရုံးတွင် ကြေညာထားသည်။ ရုံးချုပ်အခြေစိုက် အဝေးဆက်သွယ်ရေးစခန်း၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Center တွင် လက်ခံဆောင်ရွက်ပေးနေကြောင်း ကြေညာထားခြင်းဖြစ်သည်။

MEC Tel CDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ် ချိတ်ဆက်ခြင်းအတွက် တစ်သောင်းကျပ်နှင့် လျှောက်လွှာအတွက် နှစ်ရာကျပ် စုစုပေါင်း တစ်သောင်းနှင့်နှစ်ရာကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် MEC Tel CDMA 800MHz ဖုန်းများကို ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်ကာ ၁၅၀၀ ကျပ်တန်ဖုန်းများအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထွန်းထွန်း
Internet Journal 

ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပေါ်လစီများ ပြန်ပြောင်းရမည်


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ကနဦးပေါ်လစီများ အကောင်အထည် ဖော်ဆောင်ပြီးသည့်နောက် ပေါ်လစီများကို ပြန်လည်ပြောင်းလဲရမည်ဟု အဆိုပါဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဦးသောင်းတင်က ပြောသည်။

“အရင်က ပေါ်လစီက တယ်လီဖုန်းတွေရအောင် လုပ်ပေးမယ်။ ဈေးသက်သာအောင် လုပ်ပေးမယ်။ ကျွန်တော့်အမြင် ဒီအပိုင်းကပြီးသွားပါပြီ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပေါ်လစီကို ပြန်ပြောင်းရပါမယ်။ Private Sector က မလုပ်နိုင်တဲ့ ကိစ္စမျိုးကို စဉ်းစားရပါတော့မယ်” ဟု ၎င်းက ဆိုသည်။

အရေးကြီးဆုံး အချက်အနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် မြန်မာအင်ဖိုတက်ခ်ကဲ့သို့သော ICT Park များကို တည်ဆောက်ပေးနိုင်ရန်အတွက် ပေါ်လစီသတ်မှတ် ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။ ဦးစားပေးအဆင့်အနေဖြင့် ပေါ်လစီအသစ်၌ ထည့်သွင်းထားခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရန် ဆွေးနွေးလျှက်ရှိသည်ဟု သိရသည်။

ဝန်ကြီးဌာနသည် Private Sector လုပ်ကိုင်နိုင်ခြင်းမရှိသည့် Nactional Broadband လုပ်ငန်းများ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အဆိုပါလုပ်ငန်းမျိုးကို စတင်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဝန်ကြီးဌာနသည် eGovernment လုပ်ငန်းမျိုးအပြင် Mobile Money ကဲ့သို့သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် Environment အသစ်များကို ဖန်တီးလုပ်ဆောင်ပေးရမည်ဟု သိရသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်း ပြည်ပအော်ပရေတာများကို ခန့်အပ်နိုင်ခဲ့သည်။ Private Sector လုပ်ကိုင်နိုင်ခြင်း မရှိသည့်လုပ်ငန်းများကို လုပ်ကိုင်မည်ဟုသော အထက်ပါဝန်ကြီးဌာနသည် အော်ပရေတာများ လုပ်ကိုင်ခြင်းမရှိသည့် အချို့သော ကျေးလက်ဒေသများကို သွားရောက်ဝန်ဆောင်မှုပေးရန် အစီအစဉ်များထားရှိသည်ဟု သိရသည်။

ထို့အပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ပြည်ပမှ Private Sector များနှင့် ပြည်တွင်း Private Sector များအကြား လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြားခံဝင်ရောက် ဆွေးနွေးပေးမှုများလည်း ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။


မြင့်ကျော်လှိုင်
Internet Journal

မိမိ၏ စီးပွားရေးကြောင့် ပန်းရိုင်းလေးများဘဝ နစ်မွန်းညှိုးနွမ်းရတော့မှာလား


ကျွန်ုပ်တို့ လူသားများ အသက်ရှင်ရပ်တည်နိုင်ရန် အရေးအကြီးဆုံးမှာ စားဝတ်နေရေးဖြစ်သည်။ အဆိုပါစားဝတ်နေရေး အဆင်ပြေဖို့အတွက် လူတိုင်း၊ လူတိုင်း အလုပ်လုပ်ကြရပါသည်။ မိမိတို့လုပ်ကိုင်သော အလုပ်အကိုင်များကို လုပ်ကိုင်ကြရင်း တစ်စတစ်စ အကျိုးဖြစ်ထွန်းရာမှ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာကြသလို အချို့လည်း အဘက်ဘက် က ကောင်းမွန်ပြည့်စုံသော အခြေအနေပေးများကြောင့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားကြသူတွေလည်း ရှိကြပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လုပ်ကိုင်အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများသည်မိမိနှင့်အတူ မိမိတို့၏ မိသားစုအတွက် အကျိုးအမြတ် ဖြစ်ထွန်းနေသလို မိမိပတ်ဝန်းကျင်နှင့်တကွ မိမိနိုင်ငံအတွက်ပါ အကျိုးရှိဖို့ အတွက်ကိုလည်း ထည့်သွင်းစဉ်းစား လုပ်ဆောင်ကြရမည်ဖြစ် သည်။

ယခု ရေးသားတင်ပြလိုသည်မှာ မိမိတို့လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း သည် မိမိနှင့် မိမိ မိသားစုအတွက်သာ အကျိုးရှိနေပြီး နိုင်ငံအတွက်အားထား ရသည့် ပန်းရိုင်းလေးများဖြစ်သည့် မျိုးဆက်သစ်များဘ၀ကိုညှိုး နွမ်းစေသော၊ နစ်မွန်းစေသော၊နစ်မွန်းနေသော စီးပွားရေးလုပ်ငန်းအကြောင်းဖြစ်ပါသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းမှာ မျိုးဆက်သစ် ပန်းရိုင်းကလေး များဖြစ်သော ကျောင်းသား၊ ကျောင်းသူလေးများ မသုံးမဖြစ်သုံးနေကြရသော ဗလာစာအုပ်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းအကြောင်း ဖြစ်သည်။ ထိုလုပ်ငန်းကို ယခုအခါ လုပ်ငန်းရှင်အများအပြားတို့ အပြိုင်အဆိုင် လုပ်ကိုင် ကြလျက်ရှိသည်။ အမြို့မြို့အနယ်နယ်ရှိ ဈေးကွက်များတွင် စက္ကူအကောင်း စား အချော၊ အကြမ်းအမျိုးအစားအစုံ ဗလာစာအုပ်များကိုကျောင်း သား၊ ကျောင်းသူတွေမြင်လျှင် ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိသည့် ဒီဇိုင်းအမျိုးမျိုးကို ဖန်တီးပြီး အရောင်အသွေးစုံတို့ဖြင့် ထုတ်လုပ်ထား သည်မှာ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသည်ကို ဆိုဖွယ်ရာမရှိ ကြိုဆိုကြရမည် ဖြစ်ပါသည်။ အကြောင်းမှာ စာရေး သူတို့ငယ်ငယ် မူလတန်းကျောင်းသားဘ၀က ယခုလောက် ခေတ်မမီ ဗလာစာအုပ် စက္ကူသား ကလည်းညံ့၊ ပုံနှိပ်အရည်အသွေးကလည်း မကောင်း၊ ဒီဇိုင်းကလည်း မဆန်းသစ်၊ သုံးတန်း၊ လေးတန်းရောက်မှ ကိုင်ကြရသည်။

ယခုခေတ်လို ဘောလ်ပင်မရှိသေး၊ ခွေးတံဆိပ်ခဲတံကိုသာ အကောင်းစား ထားသုံးစွဲခဲ့ကြရသည်။ ငါးတန်းရောက်မှ ပိုင်းလော့၊ ဟီးရိုး၊ ယူသ်ဖောင်တိန် တို့ကိုသုံးစွဲကြရသည်။ ဗလာစာအုပ်၏ စာရွက်သားများက ယခုခေတ်လို မကောင်း ဖောင်တိန်နှင့် ရေးလျှင် မင်တွေကပြန့် မျက်မှောက်ကာလနှင့်တော့ မယှဉ်နိုင်အကွာကြီးကွာခြားပါသည်။

သို့သော် စာရေးသူတို့ ငယ်ငယ်ကအသုံးပြုခဲ့ရသော ဗလာစာအုပ်များသည် မျက်မှောက်ကာလကဲ့သို့ စာရွက် အရည်အသွေး၊ ပုံနှိပ်အရည်အသွေး၊ ဒီဇိုင်း အရည်အသွေးများ ခေတ်မမှီခဲ့သော်လည်း မျက်မှောက်ကာလ ဗလာစာအုပ်များထက် အဆပေါင်းများစွာ တန်ဖိုးရှိခဲ့ပါသည်။

ထိုသို့ အဆပေါင်းများစွာ တန်ဖိုးရှိရသည့်အကြောင်းရင်းမှာ စာရေးသူတို့ ငယ်ငယ်က အသုံးပြုခဲ့ရသောဗလာ စာအုပ်အဖုံးတွင် နောက်ကျောဘက်၌ တစ်ကနေ့ နှစ်ဆယ့်လေး၊ တစ်ကနေ တစ်ဆယ့်ခြောက်အလီကို ရိုက်နှိပ် ထားသလို ဆရာ့ဝတ်၊ တပည့်ဝတ်၊မိဘဝတ်၊ သားသမီးဝတ်၊ မိတ်ဆွေဝတ်စသည်ဖြင့် သိင်္ဂါလောဝါ သုတ်တော်လာ ကျင့်ဝတ်များနှင့် အတူ ပြည်သူ့နီတိအဆိုအမိန့်များကို ရိုက်နှိပ်ထားသဖြင့် သူငယ်တန်း အရွယ်မှစ နှုတ်တိုက်အာဂုံရနေကြပါသည်။ အဓိပ္ပာယ်များကိုတော့ တိတိကျကျမသိ သည်လိုနှင့် နှစ်တန်း၊ သုံးတန်းအရွယ် ရောက်လာသည့် အခါဆရာ၊ ဆရာမများက ရှင်းလင်းသင်ပြတော့မှ အနက်အဓိပ္ပာယ်ကို သိလာကြရပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေးသော ဘ၀တွက်တာ မှတ်သားစရာတွေ ရရှိခဲ့ကြသည်။

မျက်မှောက်ကာလတွင် ဈေးကွက်များအတွင်း တွေ့မြင်နေရသော ဗလာ စာအုပ်များသည် အဖက်ဖက်မှ တိုးတက်လာသော်လည်း မျိုးဆက်သစ်များဖြစ် ကြသော ပန်းရိုင်းကလေးများအတွက် အဆိပ်အတောက်ဖြစ်စေသော ကိုရီးယားဝတ်စားဆင်ယင်မှုနှင့် စုံတွဲပုံတွေကို ဦးစားပေး ပုံနှိပ် ထုတ်လုပ်ရောင်းချနေကြသည့်အတွက် နုနယ်သေး သော ပန်းရိုင်းလေးများ အတုယူမှားနိုင်သည့် ရင်လေးဖွယ်ရာများ ဖြစ်နေပါသည်။

ယနေ့လူငယ် နောင်ဝယ်လူကြီးဟုဆိုသော စကားနှင့်အညီ အနာဂတ်မြန်မာနိုင်ငံတော်ကို ဦးဆောင်ကြရမည့် ယနေ့လူငယ်လေးများ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်ခံ ထိန်းသိမ်းရေး၊ ယဉ်ကျေး သိမ်မွေ့ရေး၊ ဘာသာသာသနာ ကို လေးစား တန်ဖိုးထားရေးစသည်ဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ် ထွန်းပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတော် သံဃနာယကအဖွဲ့ အဆင့်ဆင့်မှ ရဟန်း သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များက အားပေးမြှင့်တင်နေသော ကာလအခါ သမယတွင် ဗလာစာအုပ်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ဘက်စုံ ထူးချွန်သည့် လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်ရေးတွင် တစ်ထောင့်တစ်နေရာ မှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

MOI Webportal Myanmar 

ပင်လည်ဘူးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီး


ပင်လည်ဘူး မေ ၎

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် မေ ၂ ရက် ညနေ ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းများပြိုကျခြင်း၊ အမိုးလန်ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များ ကျိုးကျခြင်း များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် အင်ကုန်းကျေးရွာ မူလတန်းကျောင်းဆောင်ပြိုကျပြီး ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အမိုးများ ပျက်စီးကာ သွယ်တန်းဆဲ လျှပ်စစ်မီးတိုင်များ ကျိုးကျ ပျက်စီးခဲ့သည်။

အလားတူ ဆိုင်ယားကြီးကျေးရွာ အမက၊ မြို့မ(၁)အမကနှင့် မြို့မ(၂) အမကကျောင်းတို့၌ ကျောင်းဆောင် အမိုးများ ပျက်စီးပြီး မြို့နယ်ဘောလုံးကွင်း အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ သည်။ လေဘေး ဒဏ်သင့် ကျေးရွာ များသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင် ရွက် ပေးကာ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ ရပ်မိရပ်ဖ များနှင့် ကျေးရွာပြည်သူများက ပျက်စီးမှုများကို စုပေါင်းရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar 

ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထွက်ပြေးမှုများနောက်ပိုင်း ယာဉ်ပိုင်ရှင်များပါ တရားစွဲဆိုခံရနိုင်


ရန်ကုန် မေ ၎

ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းများ ထွက်ပြေးတိမ်းရှောင်မှုများတွင် နောက်ပိုင်း၌ ယာဉ်ပိုင်ရှင်များပါ တရားစွဲဆို အရေးယူမှုများ ရှိလာနိုင်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)တွင်မေ ၂ ရက်က ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောသည်။
“အုံနာခပေးပြီး ငှားရမ်းမောင်းတဲ့ ယာဉ်တော်တော်များများက ယာဉ်တိုက်မှုဖြစ်လာတဲ့အခါကျရင် လူသေတာနဲ့ ထွက်ပြေးတော့တာပဲ။ ဒါကြောင့် နောက်ပိုင်းကျရင် ယာဉ်ပိုင်ရှင်တွေရဲ့ အခန်းကဏ္ဍလည်း ပါလာမယ့် အနေအထားရှိတယ်။ ဥပဒေကြောင်းအရ ဆိုရင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေမှာ ပါပြီးသား ယာဉ်ပိုင်ဆိုင်တဲ့သူလည်း တာဝန်ရှိရမယ်”ဟု ၎င်းက ပြောသည်။
၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ(၃)တွင် မည်သည့် မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော မော်တော်ယာဉ် ဖြစ်လျှင်သော်လည်းကောင်း၊ မှတ်ပုံတင် သက်သေခံလက်မှတ် ခေတ္တရပ်စဲ ခံထားရသော သို့မဟုတ် ဖျက်သိမ်းထားသော၊ သို့မဟုတ် သက်တမ်း ကုန်ဆုံးပြီးသော မော်တော်ယာဉ်ကို ပြည်သူတို့နှင့် သက်ဆိုင်သော နေရာတစ်ခုခုတွင် မည်သူမျှ မမောင်းနှင်ရတို့အပြင် မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးဦးကလည်း မမောင်းနှင်စေရ၊ သို့မဟုတ် မောင်းနှင်ခွင့်မပြုရဟု ဖော်ပြထားသည်။
ထို့ပြင် ပုဒ်မ(၁၅)တွင် မည်သူမှ သတ်မှတ်သည့် နည်းလမ်းအတိုင်း မိမိအား ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် မထားလျှင် မော်တော်ယာဉ်ကို ပြည်သူတို့နှင့်ဆိုင်ရာ နေရာတစ်ခုခုတွင် မမောင်းနှင်ရ မော်တော်ယာဉ်ပိုင်ရှင်၊ သို့မဟုတ် ထိန်းသိမ်းသူမှ မော်တော်ယာဉ်ကို လိုင်စင်ထုတ်မပေးထားသူ တစ်ဦးအား မမောင်းနှင်စေရ၊ သို့မဟုတ် မောင်းနှင်ရန် ခွင့်မပြုဟု ပြဋ္ဌာန်းထားသည်။
အထက်ပါ ပုဒ်မနှစ်ခုအား ချိုးဖောက်ပါက ပုဒ်မ(၂၁)အရ အများဆုံး ထောင်ဒဏ်ခြောက်လအထိ ချမှတ် နိုင်သည့် အပြင် တစ်နှစ်အတွင်း ယခုလို ပြစ်မှုမျိုး ထပ်မံကျူးလွန်ပါကထောင်ဒဏ် တစ်နှစ်အထိ ချမှတ် နိုင်ကြောင်း အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

တရုတ်နိုင်ငံတွင် သေနတ်ရောင်းမှုဖြင့် သံသယရှိသူ ၃၀ ကျော်ကို ဖမ်းဆီး


တရုတ်ပြည်ရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ ရဲတွေက အွန်လိုင်းပေါ်ကနေ သေနတ်ရောင်းမှုနဲ့ သံသယရှိသူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လေသေနတ် ၁၀၈ လက်ကို သိမ်းဆည်းလိုက်ပါတယ်။

gunတရုတ်နိုင်ငံတလွှား အွန်လိုင်းပေါ် က ဈေးရောင်းမှုတွေကို ၂ လကြာ စုံစမ်းစစ်ဆေးအပြီး ခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

သေနတ်ရောင်းတဲ့ အင်တာနက်စာမျက်နှာကို ရဲတွေက လောလောဆယ် ပိတ်ချလိုက်တယ်လို့ ရှန်ဟိုင်းမြို့တော် စည်ပင်သာ ယာရေး နဲ့ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ရှီးဟွေ့ ဌာနခွဲက ဆိုပါတယ်။

အင်တာနက်ပေါ်ကနေ ကုန်သွယ်မှုလုပ်တဲ့ အဲဒီ အွန်လိုင်းစာမျက်နှာဟာ ၂၀၀၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ရောင်းဝယ်သူ အယောက် ၂၀ ကျော်နဲ့ နိုင်ငံတလွှားက မှတ်ပုံတင်ထားသူ အယောက် ၉ သောင်းနီးပါးရှိလို့ တရုတ်နိုင်ငံတွင်း အကြီးဆုံး လက်နက်ရောင်းတဲ့ အင်တာနက်စာမျက်နှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ္စတိုလေသနတ်ကနေ ရိုင်ဖယ်လေသနတ်ထိ တရားမ၀င် သေနတ်ပေါင်းစုံကို ခဲယမ်းမီးကျောက်တွေနဲ့အတူ အတွဲလိုက် အင်တာနက်ကနေ ရောင်းဝယ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လေသေနတ်တွေဟာ တကယ့်သေနတ်တွေနဲ့ ဆင်တူပြီး ကျည်အစစ်နဲ့ ပစ်ခတ်နိုင်တဲ့အပြင် ရာဇ၀တ်သားတွေရဲ့ လက်ထဲ ရောက်သွားရင် အပြင်းအထန်ဒဏ်ရာရအောင် ပစ်ခတ်နိုင်စွမ်း ရှိကြောင်း၊ ဒီအမှုကို ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။


DVB Burmese

အင်တာနက် ပေါ်က သိစရာ အချက်အချို့




၁။ ၅၆ ရာခိုင်နှုန်း အထက်သော Facebook တို့လို Social Network အသုံးပြုသူများဟာ သူတို့ရဲ့ ချစ်သူ၊ သူငယ်ချင်း၊ ပါတနာ များကို စုံစမ်း ထောက်လှမ်း ဖို့လည်း သုံးပါတယ်။

၂။ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ အွန်လိုင်း သူငယ်ချင်း အများဆုံး ရှိတဲ့ လူများ နေထိုင်ရာ ဖြစ်ပြီး နိုင်ငံသား တစ်ဦးကို အွန်လိုင်း သူငယ်ချင်း ၄၈၁ ဦး ပျမ်းမျှ ရှိပါတယ်။ ဂျပန် ကတော့ အနည်းဆုံး ဖြစ်ပြီး တစ်ဦးကို ၂၉ ယောက်သာ အွန်လိုင်း သူငယ်ချင်း ရှိပါတယ်။

၃။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းရှော့ပင် အလုပ် အများဆုံး နိုင်ငံ ဖြစ်ပြီး တစ်ပတ်ကို ၅ နာရီနှုန်း ပျမ်းမျှအားဖြင့် အွန်လိုင်း ရှော့ပင် ပြုလုပ်ကြ ပါတယ်။

၎။ တစ်နေ့ကို Google မှာ ရှာဖွေတဲ့ တောင်းဆို မှုပေါင်း ၁ ဘီလျံကျော် ရှိပါတယ်။

၅။ Youtube မှာ ဗီဒီယို ကြည့်ရှုသူ ကြည့်ရှုမှု အကြိမ် အရေ အတွက်ဟာ တစ်ရက်ကို ၄ ဘီလျံ ရှိပါတယ်။ တစ်မိနစ် တိုင်းမှာလည်း နာရီ ၆၀ ကျော် ရှည်လျားသော ဗီဒီိယိုများ တက်နေ ပါတယ်။

၆။ Twitter ပေါ်မှာ တစ်ရက်ကို သန်း ၂၅၀ ကျော် Tweet လုပ်ကြပြီး Facebooုk ပေါ်မှာ တစ်ရက်ကို Update ပေါင်း သန်း ၈၀၀ ကျော် တက်နေ ကြောင်း သိရ ပါတယ်။
.
Ref: techfact
အောင်ခမ်း (ရိုးရာလေး)

မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ



ဓာတ်ပုံ – .manager.co.th

ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆ၀မ်မြို့နယ်ထဲမှာ မဲဆောက်ကနေ စမွတ်စခွန်ကို သွားမယ့် မြန်မာအလုပ်သမားတွေ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာ အနည်းငယ်ရပြီး ၄ ဦး ဒဏ်ရာပြင်းထန်တယ်လို့  ထိုင်းရဲစခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။


နခွမ်ဆ၀မ်ခရိုင် ကလုတ်ဖရမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးပြောပြချက် အရ မေ ၄ ရက် မနက် ၄ နာရီလောက်က မြို့နယ် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ရုံးနားက ဖဟွန်ယိုးထင်း လမ်းမကြီင်္းပေါ်မှာ ယာဉ်မတော်တဆ ထိခိုက်မှုရှိကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ မှန်လုံ ကားအဖြူရောင် တိမ်းမှောက်တာ တွေ့ရပြီး လူပေါင်း ၁၇ ဦး ဒဏ်ရာရကာ ၄ ဦး ကတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဆ၀မ်ပချားရတ်ဆေးရုံ တင်ထားရတယ်လို့ ပြောပါတယ်။

ယာဉ်မောင်းသူ အသက် ၂၅ နှစ်ရွယ် ထိုင်းအမျိုးသားရဲ့ ပြောပြချက်အရ သူတို့အားလုံးဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး စမွတ်စခွန်းခရိုင်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ကာ အခင်း ဖြစ်ပွားရာနေရာအရောက် မှာ ရှေ့က ဖြတ်မောင်းတဲ့ ကားတစီးကို ရှောင်တိမ်းလိုက်တာကြောင့် အရှိန်နဲ့ လမ်းဘေးကို ထိုးကျပြီး တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေအားလုံး တရားဝင်သက်သေအထောက်အထားတွေ ရှိကြတယ်လို့ ကလုတ်ဖရမြို့နယ်ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

DVB Burmese b

အာဖဂန်မြေပြိုမှု ဒေါ်လာ ၂ သန်း အစိုးရကူမည်


အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က မြေပြိုမှုအတွင်း သေဆုံးသူအယောက် ၂၇၀၀ အထိ ရှိနိုင်တယ်လို့ အရာရှိတွေက ခန့်မှန်းထားပြီး အစိုးရက အမေရိကန်ဒေါ်လာ ၂ သိန်း တန်ဖိုးရှိတဲ့ အကူအညီတွေကို ပေးသွားမယ်လို့ ကြေညာပါတယ်။

afganအာဖဂန်စစ်တပ်က ရဟတ်ယာဉ်တွေက ရေ၊ ရိက္ခာ၊ ဆေးဝါးနဲ့ ယာယီတဲတွေကို မေ ၄ ရက်နေ့မှာ စတင် ဖြန့်ဝေပေးနေပါတယ်။

အကူအညီပေးရေးအဖွဲ့တွေနဲ့ နယ်ခံ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အဲဒီဒေသဆီကို မေ ၄ ရက်နေ့က စတင်ရောက်ရှိနေကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ကိစ္စကို အာဏာပိုင်တွေက လက်လျှော့လိုက်ကြပါပြီ။ ဘာဒါရှန်ခရိုင်မှာ မေ ၂ ရက်နေ့က ဖြစ်ခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၅၀၀ ရှိမယ်လို့ ကုလသမဂ္ဂက မေ ၄ ရက်နေ့မှာ ဆိုပေမယ့် နယ်ခံအရာရှိတွေက ၂၇၀၀ လောက်အထိ ရှိမယ်လို့ ဆိုပါတယ်။

နောက်ဆုံးစာရင်းကို အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်သလို မီတာ ၅၀ လောက် အထိ နက်တဲ့ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက်ကနေ အလောင်းတွေကို ထုတ်ဖို့က မဖြစ်နိုင်ဘူးလို့ အရာရှိတွေက ပြောပါတယ်။

နောက်ထပ် မြေပြိုမှာကိုလည်း အာဏာပိုင်တွေက စိုးရိမ်ရတဲ့အတွက်  အသက်ရှင် ကျန်ရစ်တဲ့ မိသားစု ၇၀၀နဲ့ လူဦးရေ ၄၀၀၀ ကို ဘေးကင်းတဲ့ နေရာကို ရွှေ့ပြောင်းပေးထား ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့က အကူအညီပေးမယ်လို့ ကမ်းလှမ်းပေမယ့် အာဖဂန်အစိုးရက ကယ်ဆယ်ရေးအဖွဲ့တွေလောက်နဲ့ လုံလောက်တယ်လို့ ပြောထားပါတယ်။

DVB Burmese

ဘူဒိုဇာဖြင့် လာဖြိုသဖြင့် မင်္ဂလာဒုံတွင် စည်ပင်နှင့် ကျူးကျော်များထိပ်တိုက်တွေ့ လူထု လူအင်အားများသဖြင့် စည်ပင်ပြန်ပြေး




မင်္ဂလာဒုံမြို့နယ်ဓမ္မပါလရပ်ကွက်မှ ကျူးကျော်အိမ်များကို မြို့နယ်စည်ပင်သာယာရေးက ဘူဒိုဇာဖြင့်လာရောက်ဖြိုဖျက်သောကြောင့် ရပ်ကွက်နေပြည် သူများနှင့် စည်ပင်ဝန်ထမ်းများ ထိပ်တိုက်တွေ့ခဲ့ကြောင်း သတင်းရရှိသည်။

တပ်ပိုင်မြေအတွင်း ကျူး ကျော်ပြီး ဂျိုးဖြူပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း တည်ဆောက်ထား သော ဓမ္မပါလရပ်ကွက်ရှိ နေအိမ် နှစ်အိမ်ကို မေလ ၃ ရက်တွင် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်း ၂၀ ကျော်ဖြင့် လာရောက်ဖြိုဖျက်ခဲ့သည်။ အဆိုပါ စည်ပင်အဖွဲ့သည် မေလ၄ ရက်တွင်လည်း ဂျိုးဖြူပိုက် လိုင်းနှင့် ပေ ၄၀ အတွင်းဆောက် လုပ်ထားသော အိမ်များကို ဘူဒို ဇာကားဖြင့် ဖယ်ရှားရန်ပြုလုပ်နေ စဉ် ကျူးကျော်ဆောက်လုပ်ထား သော
ပြည်သူများက တားဆီးရာ မှ စည်ပင်အဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျူးကျော်များနှင့်ထိပ် တိုက်တွေ့နေသောကြောင့် နေ အိမ်များဖယ်ရှားရန်လာသော စည်ပင်ဝန်ထမ်းများသည် ဆက် မလုပ်တော့ဘဲ လှည့်ပြန်သွားခဲ့ သည်။

‘‘အဲဒီနေရာက တပ်ပိုင်မြေ ပါ။ သူတို့ကနေ ကျူးကျော်ဝင် ရောက်နေတာ။ ကျွန်တော်တို့က စည်ပင်တာဝန်အရ ပိုက်လိုင်းနဲ့ မလွတ်လို့ဖယ်ရှားတာပါ။ သူတို့ တွေကို ဖယ်ရှားဖို့ရာ တိုင်တန်း တာတွေလည်းရှိပါတယ်။ ကျွန် တော်တို့ကတော့ ပေ ၄၀ အတွင်း မလွတ်တဲ့အိမ်တွေကို ဆက်ပြီး ဖယ်ရှားသွားမှာပါ’’ဟု ဓမ္မပါလ ရပ်ကွက်အတွင်းရှိ ဂျိုးဖြူပိုက် လိုင်းနှင့် ပေ ၄၀ အတွင်းမလွတ် သော အိမ်များဖယ်ရှားရန်လာ ရောက်သော မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင် မောင်မြင့်က ပြောသည်။

ဓမ္မပါလရပ်ကွက်အတွင်းရှိ နေအိမ်များသည် လွန်ခဲ့သောနှစ် ၂၀ ခန့်က စတင်နေထိုင်ခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်မြေမဟုတ်ဘဲ ပလပ်မြေပေါ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများကပြောသည်။
‘‘ကျွန်တော်တို့က ဒီအိမ်ကို လာမယ့်နှစ်မှာနေဖို့ ဆောက်ထား တာ။

မနေ့က အဖျက်ခံလိုက်ရ တယ်။ ဒီနေ့လည်း ပိုက်လိုင်းနဲ့ မလွတ်တဲ့အိမ်တွေကို ကားနဲ့လာ ထိုးတယ်။ အရင်ကလည်း ၂၅ ပေအတွင်း ဖယ်ရမယ်ဆိုလို့ တစ် ခါဖယ်ပြီးပြီ။ နောက်တစ်ခါ ပေ ၃၀ ဖြစ်သွားတယ်။ အခုနောက် ထပ် ပေ ၄၀ အတွင်းက အိမ်တွေ ဖယ်ရမယ်ဆိုပြီး လုပ်လာတာပဲ’’ ဟု ပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း ရောက်ရှိနေသောကြောင့် မေလ ၃ ရက်တွင် ဖျက်ဆီးခံရသော နေအိမ်ပိုင်ရှင် ဦးနွဲ့စိုးက ပြောသည်။

ပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း မလွတ်သောနေအိမ် ၂၈ အိမ်ရှိပြီး ကျန်ရှိသောနေအိမ် များမှာ ကျူးကျော်အိမ်များဖြစ် သောကြောင့် ဖယ်ရှားခံရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

အဆို ပါရပ်ကွက်ရှိ နေအိမ်များသည် မြေကွက်တစ်ကွက်အတွက် ယခင်က မြို့နယ်စည်ပင်ထံ တစ်လလျှင် ကျပ် ၆,၀၀၀ ပေးဆောင်နေသော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ပေးဆောင်ခြင်းမရှိတော့ကြောင်း အဆိုပါရပ်ကွက်
ပြည်သူများက ပြောသည်။

Author: ငြိမ်းချမ်း
7Day Daily

ခရီးသည်တင်မှန်လုံယာဉ်တိမ်းမှောက် နှစ်ဦးသေ ၂၂ ဦးဒဏ်ရာရ




မကွေးမီဒီယာ ၊ ပခုက္ကူ၊ မေ ၃

ပခုက္ကူဘက်မှ ကျောက်ထုသို့ လာသည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မေ ၁ရက် နံနက်က ပေ ၂ဝဝ ချောက်ထဲသို့ကျရာမှ ယာဉ်မောင်းအပါ နှစ်ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူ-ကျောက်ထုကားလမ်း မိုင် တိုင်အမှတ် ၆၂/၁ တွင် မေ ၁ရက် နံနက်၁ဝ နာရီ ၄၅ မိနစ်က ပခုက္ကူဘက်မှ ကျောက်ထု ဘက်သို့ တောင်ဆုံရွာ မြိုင်မြို့နယ်နေ ယာဉ် မောင်းဦးကြည်လင်းမောင်းနှင်လာသည့် ကျား မင်းခရီးသည်တင် မှန်လုံယာဉ်သည် ကားလမ်း အတက်တွင် မတက်နိုင်ဘဲ နောက်သို့ပြန်လိမ့် ရာမှ လမ်း၏ယာဘက်ရှိ ပေ ၂ဝဝ ခန့်နက်သော ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိ ရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်းဦးကြည်လင်းနှင့် လှိုင်မင်းထွေး၊ ကျောက် ထုမြို့နယ်နေသူတို့ အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ၂၂ ဦး ဒဏ်ရာများအသီးသီးရရှိခဲ့ရာ အမျိုးသမီးငါးဦး မှာ စိုးရိမ်ရသဖြင့် ပေါက်ပြည်သူ့ဆေးရုံမှ ပခုက္ကူ ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။
ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးကြည်လင်းအား ပေါက်မြို့နယ် မြို့မရဲစခန်း က ယာဉ်(ပ)၈/ ၂ဝ၁၄၊ ပုဒ်မ ၃၃၇/၃၃၈/ ၃ဝ၄-(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Yangon Media Group


သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များအဖွဲ့ ရေသန့်လှူ


ခွဲခြားမှုများ ကင်းရှင်းစွာ၊ အနာဂတ်လှအောင် ဖန်တီးပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ ဘဟာအီဘာသာ က ခေါင်းဆောင်တွေနဲ့ လူငယ် ၅၀ ကျော်လောက် ပါဝင်ပြီး မန္တလေးမြို့မှာ လှည့်လည် လှူဒါန်းနေတာပါ။

“အေးချမ်းဖို့၊ ပြီးတော့ လှူတာမှာ ရေဆိုတာ အမွန်မြတ်ဆုံးဖြစ်တဲ့အတွက် ရေလှူတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ရေသန့်ဘူး ၃ ထောင်လောက် လှူပြီးပါပြီ။ ၅ ထောင်လောက် လှူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” လို့ သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့ကို ဦးဆောင်သူ ဦးဇော်ဇော်လတ်က ဒီဗွီဘီကို ပြောပါတယ်။

အခုအချိန်မှာ တောင်သမန်အင်းကို ရောက်နေပြီး ညနေဘက်မှာတော့ မန္တလေးကျောက်ဝိုင်းဘက်မှာ ခရီးစဉ်ကို အဆုံးသတ်မယ်လို့ သိရပါတယ်။

သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့က မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က စဖွဲ့ခဲ့ပြီး ဘာသာပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ လှူဒါန်းမှုတွေနဲ့ သင်တန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

DVB Burmese

ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ



ကိုတိုးကြီး

ဟုမ္မလင်း၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှု မေလ ၄ရက် ညနေ ၆နာရီက ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နမ့်တောရွာမှာက အဆောက်အဦး အပျက်စီးများတယ်။ လောင်ဖောင်ကျေးရွာဘက်မှာက လူတစ်ဦးသေဆုံးပြီး၊ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု နမ့်တောကျေးရွာမှ ကိုအောင်ချိုက ပြောသည်။

အဆိုပါ မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် လောင်ဖောင်ကျေးရွာ ရွာဦးနတ်စင်ရှေ့အနီးရှိ သလ္လာအမှတ်(၁)ရပ်ကွက်နေ ကိုအောင်သူထွန်း၏ တွင်ခုံလုပ်ငန်း အလုပ်ရုံတဲပေါ်သို့ လုံးပတ်(၁ဝ) ပေ အရွယ်ရှိ သရက်ပင်ကြီးကျိုးခဲ့သဖြင့် တွင်ခုံလုပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ တွင်ခုံတွင် အလုပ်လုပ်သည့် အသက် ၁၄နှစ် အရွယ် မင်းမောင်စိုးမှာ နောက်စေ့ပေါက်၍ သေဆုံးသွားခဲ့ပြီး အခြားလုပ်သား သုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။

၎င်းလူသေဆုံးမှုကို မိုင်းကိုင်းနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂ဝ၁၄အရ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် နမ့်တောကျေးရွာရှိ လူနေအိမ် ငါးလုံး အမိုးများ ပျက်ဆီးခဲ့သည်။ ယင်းအပြင် နမ့်တော့ကျေးရွာ တိုက်နယ် ပြည်သူ့ဆေးရုံတွင် တပ်ဆင်ထားသော ဆိုလာပြား စင်ပြိုကျပျက်စီးခဲ့ပြီး မိုင်းကိုင်းရဲစခန်းဝင်း အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနေထိုင်သည့် လိုင်းခန်းအချို့ အမိုးများပြုတ်ထွက်ပျက်စီးခဲ့သည်။

Mizzima Burmese

မြန်မာနိုင်ငံသို့ တင်သွင်းမည့် လိင်စိတ်ကြွဆေး ၁ သန်းနီးပါး ဖမ်းဆီးရမိ


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် သောင်ရင်းမြစ်ကူးတို့ဆိပ်မှာ မြန်မာနိုင်ငံထဲကို တင်သွင်းမယ့် လိင်စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – manager.co.th

မဲဆောက်မြို့နယ် အကောက်ခွန် အရာရှိ နိုင်းဖုန်းထိပ်ဘိုဆပ် က သတင်းထောက်တွေ ကို ပြောကြားရာမှာ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်၊ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ မဲဆောက်မြို့မရဲစခန်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး နယ်ခြားဂိတ်တွေ စစ်ဆေးရာမှာ မဲဆောက်မြို့နယ် အမှတ် ၁၆ သောင်ရင်းမြစ် ကူးတို့ဆိပ်မှာ စိတ်နဲ့ အာရုဏ်နိုးထဆေးအပြင်းစား အဆင့် ၁ ဆေးတွေကို မေ ၄ ရက်နေ့က  ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီဆေးတွေမှာ  Ativan , Xanax ,  Razepam ,  Frisium နဲ့  Clobazam စတဲ့ ဆေးအမျိုးအစားတွေ ပါဝင်ပြီး စုစုပေါင်း အလုံးရေ ၉ သိန်း ၂ သောင်း ဖမ်းဆီးရမိကြောင်း၊ ပေါက်ဈေး ဆေး ၁ ပြားကို ၄ နဲ့ ၅ ဘတ်အထိ ရှိတဲ့အတွက် ကာလတန်ဖိုး ဘတ်သန်းချီရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီဆေးတွေဟာ ပါကစ္စတန်နိုင်ငံကနေ စင်ကာပူ၊ အဲဒီကမှ ထိုင်းနိုင်ငံ ချွန်းပုးရီးခရိုင် လဲမ်ချပန်လှေဆိပ်ကနေတဆင့် တာ့ခရိုင်ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီဘက် တင်သွင်းဖို့ ဖြစ်တယ်လို့  အကောက်ခွန်အရာရှိက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese

Eleven ဂျာနယ်တွင် ပါရှိသည့် "မြန်မာ- တရုတ် သဘာဝ ဓါတ်ငွေ့ အရန် ပိုက်လိုင်း ဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများ အ တွက် လျော်ကြေး မရသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်" နှင့် ပတ်သက်၍ SEAGP/ SEAOP ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်



(ရန်ကုန် - ဧပြီ ၃၀ )

ဧပြီ ၃၀ ရက်နေ့ နံနက်က ထွက်ရှိခဲ့သော အလဲဗန်း (eleven) သတင်းဂျာနယ်တွင် ပါရှိသည့် "မြန်မာ- တရုတ် သဘာဝ ဓါတ်ငွေ့ အရန် ပိုက်လိုင်း ဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများ အတွက် လျော်ကြေး မရသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်" ဆိုသည့် သတင်းနှင့် ပတ်သက်၍ ယနေ့ညနေ သုံးနာရီခွဲက ရန်ကုန်၊ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

ရှင်းလင်းပွဲတွင် SEAGP/SEAOP ကုမ္ပဏီ မှ Personal Relationship Manager ဖြစ်သူ Mr.Thang မှ လျော်ကြေးငွေ များနှင့် ပတ်သက်၍ ၄င်းတို့ ကုမ္ပဏီ အနေဖြင့် မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်းရှိ ပိုက်လိုင်း ဖြတ်သန်း ခဲ့သော အမြဲတမ်းသိမ်း မြေများအား ပေးအပ်ရသည့် လျော်ကြေးငွေပမာဏ အားလုံး အပြီးတိုင်ပေးချေပြီး ဖြစ်ကြောင်း၊ ယခုဖြတ်သန်း သွားသည့် KP130 မှ KP160 အထိ ပိုက်လိုင်းမှာ အရန်ပိုက်လိုင်း မဟုတ်ဘဲ အမြဲတမ်း သုံး ပင်မပိုက်လိုင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပိုက်လိုင်း တည်ဆောက်ရေးကို တာဝန်ယူသော ကန်ထရိုက် ကုမ္ပဏီမှာ အိန္ဒိယမှ PLL ဟုခေါ်သော ကုမ္ပဏီဟု သိရပြီး ၂၀၁၃ ခုနှစ် နှစ်လယ်တွင် ငဖဲမြို့ရှိ ဂုတ်ကြီးကျေးရွာတွင် လုပ်ငန်းဆောင်ရွက်စဉ် သတ်မှတ်မြေနေရာ ထက် အနည်းငယ် ကျော်လွန်မှုများ ရှိခဲ့သည်ဟု သိရကြောင်း၊ ထိုယာယီ သိမ်းမြေနေရာ အတွက် ကုမ္ပဏီ နှင့် စွမ်းအင်ဝန်ကြီးဌာန တို့သည် မြို့နယ် အစိုးရ နှင့် ဒေသခံများအား ညှိနှိုင်း၍ လျော်ကြေးငွေ ပေးချေ ရန် ဆောင်ရွက် ခဲ့သည်ဟု သိရကြောင်း ဆိုသည်။

သို့ရာတွင် တောင်သူ လယ်သမားများမှ လျော်ကြေးငွေ တောင်းဆိုရာတွင် ယာယီသိမ်းမြေ၏ လျော်ကြေးနှုန်းထား ထက်သာမက အမြဲတမ်း သိမ်းမြေ ၏ လျော်ကြေးနှုန်းထားထက်ပင် ကျော်လွန်ကာ မူလစံနှုန်းထက် ၁၀ ဆ ပင် များပြားနေခြင်းကြောင့် လျော်ကြေးငွေ ကိစ္စမှာ ညှိနှိုင်းဆဲ အဆင့်ပင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ညှိနှိုင်းနေမှုမှာ လျော်ကြေးငွေ အပေါ် ရှောင်ရှားလို၍ မဟုတ်ဘဲ ငွေပမာဏ များ၍သာ ယခုကဲ့သို့ ကြန့်ကြာနေခြင်း ဖြစ်ပြီး မကြာမီ ကာလအတွင်းမှာပင် တောင်သူများ အတွက် လျော်ကြေးငွေများ ပေး အပ်တော့မည် ဖြစ်ကြောင်း ပြန်ကြား ရှင်းလင်းပေးခဲ့သည်။

ထို့အပြင် ကုမ္ပဏီ အနေဖြင့် တောင်သူများ နှင့် ညှိနှိုင်းခဲ့သည့် ယာယီ သိမ်းမြေ အတွက် လျော်ကြေးမှာလည်း သဘောတူညီမှု ရခဲ့သည်မှာ ကာလ အတော်ကြာပြီဟု သိထားကြောင်း၊ မကွေးတိုင်းရှိ အစိုးရဌာနတွင်လည်း အတည်ပြုပြီး ဖြစ်ကြောင်း တောင်သူများအား ငွေသားဖြင့် ပေးလျော်မှု ပြုလုပ်လို၍ သာ အစိုးရ ကုမ္ပဏီများ ညှိနှိုင်း၍ ပေးချေဖို့ ဆောင်ရွက်နေပြီဖြစ်ပြီး မကြာမီ တောင်သူများ လက်ဝယ်သို့ လျော်ကြေးငွေ များ ပေးအပ်တော့မည် ဟု ကြေညာပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း မှာလည်း တောင်သူများ အနေဖြင့် လျော်ကြေးငွေ ကိစ္စနှင့် ပတ်သက်၍ စိတ်အေးစေလိုသောကြောင့်ဟု Mr.Thang က အကျယ်တ၀င့် ရှင်းလင်းပြောကြားသွားခဲ့သည်။

KTZO
Popular Myanmar News Journal

နာဂစ်မှာ ဘာကြောင့် လူတွေသိန်းချီသေခဲ့ရတာလဲ



သမိုင်းအမှန် ဖြစ်အောင်ရယ်မှီငြမ်းကိုးကားစရာဖြစ်အောင်ရယ် ဓမ္မဓိဋ္ဌာန်ကျကျရေးပေးပါ မျှော်နေစောင့် နေမယ်ဆရာ။Facebook မိတ်ဆွေတွေရဲ့ Comment လေးတွေ ပါ။ စိတ်ချပါ။

ကျွန်တော် ဖြည်းဖြည်းချင်းရေးသွားမှာပါ။ ဓမ္မဓိဋ္ဌာန်ကျကျရေးပေးပါလို့ ပြော လာတဲ့အတွက် ပထမဆုံး နာဂစ်ဟာဘာကြောင့် ဒီလောက်အပျက်အစီးများ ရ သလဲဆိုတာလေးနဲ့ပတ်သက်တဲ့လေ့လာထားမှုလေးတွေကို စပြောပြချင် ပါတယ်။ ဒါလေးတွေမပြောမီ ဒီဆုတောင်းလေးကိုတော့ တောင်းခွင့်ပြုပါ။

(၁) မှန်ကန်သောစကား၊
(၂) အကျိုးရှိတဲ့စကား၊
(၃) အဓိပ္ပာယ်ရှိတဲ့စကား၊
(၄) မိမိကိုယ်ကိုလည်းကောင်း၊ မိမိရဲ့မိသားစုဝင်တွေကိုလည်းကောင်း၊ မိမိရဲ့လူမျိုးနဲ့နိုင်ငံကိုလည်းကောင်း ဂုဏ်ကို မြှင့်တင်ပေးနိုင်သော စကား ပြောနိုင်သော ကိုယ် ဖြစ်ရပါလို၏။

ပထမဆုံးပြောပြချင်တာကတော့ ဘာကြောင့် နာဂစ်ဟာ ဒီလောက် အပျက်အစီး၊ အသေအပျောက်များခဲ့ရတာလဲ ဆိုတဲ့မေး ခွန်းနဲ့ပတ် သက်လို့ပဲ ဖြစ်ပါတယ်။ နာဂစ် မုန်တိုင်း ဟိုင်းကြီးကျွန်းကို ဝင်တော့မယ့် (၂-၅-၂ဝဝ၈) ရက် မနက်ပိုင်းမှာ နာဂစ်မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းကို မဝင်မီ ပင်လယ်ပြင်ပေါ်မှာ ဆက်လက်မရွေ့ဘဲ ရပ်နေခဲ့တာ ၄ နာရီ လောက်ကြာပါတယ်။

မိုးလေဝသမှာတော့ ဒါကို Stationary ဖြစ်သွား တယ်လို့ ခေါ်ပါတယ်။ ပင်လယ်ပြင် မုန်တိုင်းတွေဟာ သွားနေရာက အဲဒီလို ရပ်သွားခဲ့ရင် ဒါဟာသွားနေကျလမ်းကြောင်းက ကွေ့တော့မယ် ပြောင်းတော့မယ်ဆိုတဲ့ သဘောပါပဲ။ မော်တော်ကားတွေ ကွေ့တော့မယ်ဆိုရင် အရှိန်လျှော့ပေးရ သလိုပါပဲ။

အဲဒီနောက်တော့ လမ်းကြောင်း ပြောင်းသွားခဲ့တော့တာပါပဲ။ သွားနေကျ ရခိုင်ကမ်းရိုးတန်းဘက်ကို မသွားတော့ဘဲ၊ တစ်ခါဖူးမျှ မလာဖူးတဲ့ လမ်းကြောင်းဖြစ်တဲ့ မြစ်ဝ ကျွန်းပေါ်ဒေသကို ဝင်ခဲ့တော့တာပါပဲ။ ဒီမှာ ပိုဆိုးသွားစေခဲ့တာကတော့ နာဂစ်မုန်တိုင်းဟာ ပင်လယ်ရေပြင်ပေါ်မှာ ၄ နာရီလောက် ရပ်နေခဲ့လေတော့ ရေငွေ့ ရရှိမှုတွေ (moisture supply) တွေ ကောင်းလာပြီး အားမွေးသွားသလို ဖြစ်သွားကာ အင်အား
ဟာ ရုတ်ချည်းဆိုသလိုမြင့်တက်သွားစေခဲ့တာပဲဖြစ်ပါတယ်။

Category I (74-95 mph) ကနေ Category IV (131-155 mph) ကို တက်လာစေခဲ့ပါတယ်။ အဲဒီလို အင်အားမြင့်တက်လာခဲ့ပြီးမှ မြစ်ဝ ကျွန်းပေါ်ကို ဝင်ခဲ့တာကြောင့်အပျက်အစီးကို ပိုဆိုးဝါး သွားစေခဲ့ တာ ဖြစ်ပါတယ်။ နောက်ပြီး ဦးတည်ရာဘက်ဟာ အရှေ့မြောက် ကိုသွားရမယ့်အစား အရှေ့ဘက်ကိုပဲ သွားခဲ့တဲ့ အတွက် ကမ်းရိုးတန်းနဲ့ အပြိုင် ဦးတည်ရာအတိုင်း သွားခဲ့လေတော့ ကမ်းလျှောက်မုန် တိုင်း ဖြစ်သွားခဲ့ရတာကလည်း မုန်တိုင်းကို ကုန်းတွင်းပိုင်းကို မြန်မြန် မဝင်၊ မြန်မြန် အား မလျော့စေနိုင်ခဲ့တာကလည်း အန္တရာယ်ကို ပိုဆိုးဝါးသွားစေခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ကိုယ့်ကိုယ် ကိုယ်မေးခွန်းတစ်ခု အမြဲမေးမိပါတယ်။ နာဂစ်ဟာ အခုလို မြစ်ဝကျွန်းပေါ်ကို မဝင်ခဲ့ဘဲနဲ့ သူသွားနေကျ လမ်းကြောင်း အတိုင်း ရခိုင် ကမ်းရိုးတန်းကိုသာ ဝင်သွားခဲ့ရင် ဒီလောက် အသေအပျောက်၊ အပျက်အစီးများပါ့မလား ၊ ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ ဒီလောက် မသေနိုင်ဘူးလို့။ ဟုတ်တယ်လေဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၃ နှစ် (၁၈၇၇ မှ ၂ဝဝ၈ အထိကာလ)အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၃ ကြိမ်ဝင်ခဲ့ဖူးရာမှာ ကျန်တဲ့ ၈၂ ကြိမ်က ရခိုင်ကိုဝင်ခဲ့တာပဲ။ အများဆုံး သေခဲ့တာဆိုလို့ ၁၉၆၈ ခုနှစ် မေလက ဝင်ခဲ့တဲ့ စစ်တွေမုန်တိုင်းပဲ ရှိပါတယ်။

အဲဒီတုန်းက လူ ၁ဝ၃၈ ဦးပဲ သေဆုံးခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်က ချောင်း သာ၊ ငွေဆောင်ကမ်းခြေတွေကို ဝင်မွှေသွားခဲ့တဲ့ ဂွမြို့နားက ကမ်းခြေ ဖြတ် ဝင်သွားခဲ့တဲ့ ဆိုင် ကလုန်း မာလာ(Malar) မုန်တိုင်းဆိုရင် လေတိုက်နှုန်း 140 mph တောင်ရှိခဲ့တာပဲ။ နာဂစ်နဲ့ဘာထူးလို့လဲ။ လူတစ်ယောက် မျှတောင် မသေခဲ့ပါဘူး။ (အဲဒီ လူ တစ်ယောက်မှ မသေခဲ့တဲ့ မုန်တိုင်း မာလာတုန်းကလည်း ဒီ ဦးထွန်းလွင်ကြီးပဲ ဦးစီးခဲ့တာပါပဲဗျာ)

ခင်ဗျား စဉ်းစားဗျာ။ ဒီနာဂစ်မုန်တိုင်းပဲ ရခိုင်ကမ်းခြေကိုဝင်တော့ ဒီလောက်မသေဘူး။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းကို ဝင်တော့တစ် သိန်းကျော် သေတယ်။ ဒါဖြင့် ဒီေ လာက်သေရတာဟာ နာဂစ်က အဓိကလား။ မြစ်ဝကျွန်းပေါ်က အဓိကလား။

ဓမ္မဓိဋ္ဌာန်ကျကျ ရေးပေးပါဆိုလို့ ပြောရပါတယ်။ ဒါကိုတော့ စိတ်ချစေချင် ပါတယ်။ ကျွန်တော် ဟာ သုတေသီ စိတ်ဓာတ်နဲ့ အမှန်တရားကိုသာ ရှာဖွေသူပါ။ အစိုးရကို ကြိုက်အောင် မြှောက် လည်းရေးမှာ မဟုတ် သလို ကြောက်လို့လည်း ရှောင်ရေးမှာ မဟုတ်ပါဘူး။ ဒါဖြင့် မြစ်ဝ ကျွန်းပေါ်က ဘာဖြစ်နေလို့လည်း။ ကျွန်တော့်ရဲ့ သုံးသပ်ချက်လေး
ကတော့ ဒါကြောင့် ပါပဲဗျာ။

The Elements of Vulnerability of the Deltaic area are also high
due to

(1) Very low lying area.

မြစ်ဝကျွန်းပေါ်ဒေသဟာ မြေအလွန်နိမ့်ပါတယ်။ ကောင်းကင်မြေတိုင်း DEMS တိုင်းတာချက်တွေနဲ့တိုင်းကြည့်လိုက်တော့ ဘယ်..ဒီနေရာက ရေ ၅ မီတာလောက် တက် လာရင်ကို မြစ်ဝ ကျွန်းပေါ်တစ်ခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ရေအောက်ရောက်သွားပြီ။ ၅ မီတာ ဆိုတာ ၁၇ ပေလောက် ရှိတာ။ နာဂစ်တုန်းက ကွင်းဆင်း တိုင်း တာချက်အရ သဘာဝဒီရေအထက် ပိုတက်ခဲ့တဲ့ မုန်တိုင်းဒီရေလှိုင်းအမြင့်က ၂၂ ပေ အထိ ရှိခဲ့ပါတယ်။

(၂)most populous area of the country

မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ အထူထပ် အသိပ်သည်းဆုံးဒေသ။ ပွဲခင်းထဲ ခဲပစ်လိုက်သလိုပေါ့ဗျာ။ ပစ်မလွဲဆိုတာ ဒီဒေသမျိုးပေါ့။

(၃) many tributaries in Deltaic areas (seven river mouths)

မြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ကြောင်းစနစ်ကလည်း ရှုပ်သလား မပြောနဲ့။ မြစ်ချည်းက ၁၇ စင်း။ မြစ်ဝက ချည်းပဲ ၇ ပေါက်။ ဝင်လာတဲ့ ပင်လယ်ရေတွေ မျက်စိလည် သွားနိုင်တယ်။

၎) No storm shelters and high ground

နာဂစ်ဖြစ်တုန်းက မုန်တိုင်းခို အ ဆောက်အအ (Storm Shelter) ဆိုတာ ကြားတောင် မကြားဖူးဘူး။ အသက်ကယ်ကုန်းဆိုတာ ဘာမျှမရှိဘူး။ နာဂစ်ဖြစ်တုန်းက မိသားစု ၅ ဦးရှိတဲ့ တစ်ဦးတည်း ကျန်ရစ်တော့တဲ့ အိမ်ထောင်ဦး စီးတစ်ယောက်က ကျွန်တော်တို့အဖွဲ့ ကွင်းဆင်းတော့ ပြောပြပါတယ်။ နာဂစ်သတိပေးချက်ကို ကြိုသိလို့ သူကြို တင် ကာကွယ်တဲ့ အနေနဲ့ အဲဒီနေ့က ပင်လယ်ကို မထွက်တော့ပါဘူးတဲ့။ အိမ်မှာပဲ နေပါတယ်တဲ့။ ရေတွေ တက်လာတော့ သူတို့မိသားစု ၅ ဦးအိမ်အောက် ထက် ကနေ အပေါ်ထပ်ကိုပြောင်းပါတယ်။ ရေတွေ ထပ်တက်လာတော့ ထုပ်တန်းပေါ်ကို တက်ပါတယ်။ အဲဒီကနေ ထပ်တက်လာတော့ အိမ်အမိုးသွပ် ကိုလှန်ပြီး၊ ခေါင်မိုးပေါ်တက် ပါ တယ်။ အဲဒီကနေ ထပ်တက်လာတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ပါတော့တယ်တဲ့။ ပြေးစရာမြေကို မရှိခဲ့ပါဘူးဗျာ။

(၅) No hazard maps and risk assessment had done yet

သဘာဝဘေးကာကွယ်စောင့် ရှောက်ရေးအတွက် အရေးပါလှတဲ့ မြေယာ အသုံးချမှုအတွက် Risk Map, hazard Map ဘာတစ်ခုမျှ လုပ်ထားတာ မရှိခဲ့ပါဘူး။ ဒီတော့ လူတွေက ရွာလေးတွေတည်ပြီး ရေလုပ်ငန်းနဲ့နီးတဲ့ ကမ်းစပ်တစ်လျှောက် ရွာတည်နေကြတော့ ပင်လယ်ကတက် လာမယ့်ရေလှိုင်းတွေကို ထွက်ကြိုနေကြသလိုပါပဲ။ ဒီရေ လှိုင်းတွေက အရင်တုန်းကမှ လူတစ်ယောက်တွေ့ဖို့အရေး အတော်လေး အထဲရောက်အောင် ကြိုးပမ်းနေရသေးတယ်။ အခုတော့ အေးဆေးပဲပေါ့။

(၆)No past experience and extremely hard to convince local people

မြစ်ဝကျွန်းပေါ်သားတွေဟာ ပင်လယ်မှာမွေး၊ ပင်လယ်ထဲမှာ အသက်မွေးဝမ်းကျောင်း နေခဲ့ကြပေမယ့် ဘာမုန်တိုင်းအတွေ့အကြုံမှ မရှိခဲ့ကြပါဘူး။ ၂ဝဝ၈ မတိုင်မီအ ထိ မြန်မာပြည်ကို မုန်တိုင်း ၈၂ ကြိမ် ဝင်ခဲ့ဖူးရာမှာ အားလုံးရခိုင်ကိုချည်းဝင်ခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ဒေသကို ဆိုင်ကလုန်းအဆင့် မုန်တိုင်း တစ်ခါမျှ မဝင်ခဲ့ဖူးပါဘူး။

(၇) Risk knowledge on the disaster especially on storm surge is very low

မုန်တိုင်းဒီရေဆိုတဲ့ စကားကို မြစ်ဝကျွန်းပေါ် နာဂစ်ဒေသကလူတွေ ကြားတောင် မကြားခဲ့ဖူးပါဘူး။

(၈) Poor mobility mostly water ways along small canals by boats

ရွှေ့ပြောင်းပြေးလွှားဖို့ အလွန်ခက်ပါတယ်။ ရေလမ်းပဲရှိပါတယ်။ စက်လှေပေါ်မှာ ရှိသမျှပစ္စည်းတွေ၊ မိသားစုတွေ အကုန်တင်ပြီးပြေး ရင်တောင် ရေက ရေဆန်ဖြစ်မယ်။ ခရီးတွင်သလား မပြောနဲ့။ နောက် ကမျောလာတဲ့ ဗေဒါကတောင် လမ်းတောင်းရလိမ့်မယ်။

(၉) The non-linear interactions between the wind induced waves and the topography and high tides of the area is extremely high.

မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဟာ ရေအနက်တိမ်တယ်၊ ဒီရေအတက်အကျ ခွင်ကြီးတယ်။ မြစ်များတည်ရှိမှု စနစ်က ရှုပ်ထွေးတယ်။ ဒါကြောင့် မုန်တိုင်းကြောင့် ပင်လယ်ထဲ ကရေတွေ တိုးဝင်လာရင် ဒီအချက်တွေက ရှုပ်ထွေးတဲ့ အပြန်အလှန် သက်ရောက်မှုတွေ (non-linear interactions) ကို ဖြစ်စေပြီး အတိုင်းအဆမဲ့ ရေလှိုင်းကြီးတွေ (exceptionally high waves) ကို ဖြစ်စေနိုင်ပါတယ်။ နာဂစ်မှာဖြစ်လည်း ဖြစ်ခဲ့ပါတယ်။

(၁ဝ) Extensive loss of Mangrove forests.

သဘာဝ ဘေးအတားအဆီးတွေဖြစ်တဲ့ သဘာဝ ဒီရေတောတွေ ကလည်း ပြုန်းတီးလို့ကုန်ပြီ။ ထင်းလုပ်ဖို့၊ သစ် လုပ်ဖို့၊ အိမ်ဆောက်ဖို့၊ လယ်ကွင်းဖော် ဖို့၊ လူနေရပ်ကွက် တိုးချဲ့ဖို့၊ ငါးမွေးဖို့၊ ပုစွန်မွေးဖို့၊ ဆီအုန်းပင်တွေစိုက်ဖို့၊ မီး သွေးဖုတ်ဖို့။ ……. ပြုန်းတီးလိုက်တာ ဘိုကလေးမှာဆိုရင် ဒီရေတောကို မကျန်တော့ပါဘူး။ ကဲ.. ကိုယ်စီး တဲ့မြင်း၊ အထီးအမ တော့ ကွဲလောက်ပြီထင်ပါတယ်။

ဒါတွေကို သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးမှာ Vulnerability လို့ခေါ်ပါတယ်။ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်မှုအခြေအနေ လို့ ခေါ်ရင်ရမယ် ထင်ပါတယ်။ ဒီတော့ ခင်ဗျားတို့ ကြည့်။ မြစ်ဝ ကျွန်းပေါ်ဒေသဟာ Vulnerability ဘယ်လောက် မြင့်တယ်ဆိုတာ။ တစ်နည်းပြောရရင် အလွန် Risk ကြီးတဲ့ဒေသဗျ။ တကယ့်ကို
Glass House ပဲဗျ။

သဘာဝဘေး အန္တရာယ်ကာကွယ် စောင့်ရှောက်ရေးမှာ သတ်မှတ်ထားတာ တစ်ခုရှိတယ်ဗျ။ အဲဒါကတော့ Disaster = Hazard X Vulnerability လို့ ခေါ် ပါတယ်။ နာဂစ်ကလည်း Category IV ဆိုတော့ Hazard တန်ဖိုးကလည်းကြီး၊ မြစ်ဝကျွန်းပေါ်ဒေသဆိုတော့ Vulnerabilty တန်ဖိုးကလည်းကြီး။ ဒီတော့ဗျာ။ စတုတ္ထ တန်း နဲ့တောင် ပြိုင်စရာမလိုပါ ဘူး။ အဲဒီနှစ်ခုမြှောက်လို့ ရတဲ့ Disaster ကလည်း ကြီးပြီပေါ့။ ကမ္ဘာပေါ်မှာ ပျက်စီးမှုအကြီးမားဆုံး မုန်တိုင်း ၃ဝ မှာ ကမ္ဘာ့အဆင့် နံပါတ် ၈ ချိတ် သွားခဲ့ရတော့တာပေါ့။ မြန်မာ့အားကစားကတော့ မသိဘူးဗျာ။ မြန်မာ့မုန် တိုင်းကတော့ ကမ္ဘာကို လွှားသွားခဲ့တာတော့ အမှန်ပါပဲဗျာ။

မောင်ထွန်းလွင်(မိုးလေဝသ)

Popular Myanmar News Journal