ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပေါ်လစီများ ပြန်ပြောင်းရမည်

ပို့စ်တင်ချိန် - 5/05/2014 04:56:00 PM


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ကနဦးပေါ်လစီများ အကောင်အထည် ဖော်ဆောင်ပြီးသည့်နောက် ပေါ်လစီများကို ပြန်လည်ပြောင်းလဲရမည်ဟု အဆိုပါဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဦးသောင်းတင်က ပြောသည်။

“အရင်က ပေါ်လစီက တယ်လီဖုန်းတွေရအောင် လုပ်ပေးမယ်။ ဈေးသက်သာအောင် လုပ်ပေးမယ်။ ကျွန်တော့်အမြင် ဒီအပိုင်းကပြီးသွားပါပြီ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပေါ်လစီကို ပြန်ပြောင်းရပါမယ်။ Private Sector က မလုပ်နိုင်တဲ့ ကိစ္စမျိုးကို စဉ်းစားရပါတော့မယ်” ဟု ၎င်းက ဆိုသည်။

အရေးကြီးဆုံး အချက်အနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် မြန်မာအင်ဖိုတက်ခ်ကဲ့သို့သော ICT Park များကို တည်ဆောက်ပေးနိုင်ရန်အတွက် ပေါ်လစီသတ်မှတ် ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။ ဦးစားပေးအဆင့်အနေဖြင့် ပေါ်လစီအသစ်၌ ထည့်သွင်းထားခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရန် ဆွေးနွေးလျှက်ရှိသည်ဟု သိရသည်။

ဝန်ကြီးဌာနသည် Private Sector လုပ်ကိုင်နိုင်ခြင်းမရှိသည့် Nactional Broadband လုပ်ငန်းများ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အဆိုပါလုပ်ငန်းမျိုးကို စတင်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဝန်ကြီးဌာနသည် eGovernment လုပ်ငန်းမျိုးအပြင် Mobile Money ကဲ့သို့သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် Environment အသစ်များကို ဖန်တီးလုပ်ဆောင်ပေးရမည်ဟု သိရသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်း ပြည်ပအော်ပရေတာများကို ခန့်အပ်နိုင်ခဲ့သည်။ Private Sector လုပ်ကိုင်နိုင်ခြင်း မရှိသည့်လုပ်ငန်းများကို လုပ်ကိုင်မည်ဟုသော အထက်ပါဝန်ကြီးဌာနသည် အော်ပရေတာများ လုပ်ကိုင်ခြင်းမရှိသည့် အချို့သော ကျေးလက်ဒေသများကို သွားရောက်ဝန်ဆောင်မှုပေးရန် အစီအစဉ်များထားရှိသည်ဟု သိရသည်။

ထို့အပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ပြည်ပမှ Private Sector များနှင့် ပြည်တွင်း Private Sector များအကြား လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြားခံဝင်ရောက် ဆွေးနွေးပေးမှုများလည်း ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။


မြင့်ကျော်လှိုင်
Internet Journal