သံဝေဂယူကြရဲ့လား

ပို့စ်တင်ချိန် - 5/05/2014 04:26:00 PM



၂ဝ၁၄ သင်္ကြန်အပြီးမှာတော့ တစ်တိုင်းတစ်ပြည်လုံး လှုပ်ခတ်စေတဲ့ သတင်းကတော့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဆုံးပါးခြင်းပဲ ဖြစ်ပါ တယ်။ထောင် ထဲမှာ နှစ်ပေါင်း ၂ဝ ခန့် ထောင်သွင်း အကျဉ်းကျခံရတဲ့ သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး လည်း ဖြစ်ပါ တယ်။ ထောင်သွင်းအကျဉ်းကျနေစဉ်မှာပဲ ငါးနှစ်ထပ်တိုးလိုက်၊ သုံးနှစ်ထပ်တိုးလိုက်နဲ့ပဲ ထောင်ထဲမှာ ဆယ်စုနှစ်နှစ် ခုနီးပါး နေ ထိုင်ခဲ့ရသူဖြစ်ပါတယ်။

ပြစ်မှုနဲ့ ရှောင်တိမ်းနေသူတစ်ယောက်ကို တယ်လီဖုန်းဆက်သွယ်ပြော ဆိုမှုဆိုတာကစပြီး ထောင်ဒဏ်စတင်ကျခံခဲ့ရပါတယ်။ အဲဒီတုန်း က မြန်မာပြည်ရဲ့ ထိပ်သီးလူကြီး တစ်ယောက်ကိုယ်တိုင်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အပြင်မထွက် စတမ်းထောင်ဒဏ်ကျခံခဲ့ရပါတယ်။ အကြောင်း ပြချက် အမျိုးမျိုး၊ ပြစ်ဒဏ် အမျိုးမျိုးနဲ့ ထောင် ဒဏ်နှစ် ၂ဝ နီးပါး ကျခံခဲ့ရပါတယ်။

ဘယ်လိုအငြိုးမျိုး၊ ဘယ်လိုမနာလိုမှုမျိုး နဲ့ ဒီလောက် ရက်စက်ခဲ့ တယ်ဆိုတာတော့ မပြောတတ်လောက်အောင်ပါပဲ။ ဒါပေမဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ဈာပနကို လူပေါင်းတစ်သိန်းကျော်က လိုက်လံ ပို့ဆောင်ခဲ့ပါတယ်။ ဒီအချိန်မှာ ကျွန်တော်စဉ်းစားမိပါတယ်။ သူ့ကို အကြိမ်ကြိမ်ထောင်ထဲ ထည့်ခဲ့တဲ့လူတွေ။”သေကြည့်လိုက်” ကိုယ့်ရဲ့အသုဘကို ဘယ်နှယောက်များ လာကြမလဲ။ စိတ်ထဲလည်း ပြောမိပါတယ်။ ပြောလို့တော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ စိတ်ထဲ ကျလိကျလိဖြစ်နေလို့ ပြောရတာ။ ရိုင်းသွားရင် ခွင့်လွှတ်ပါ။

”ဆရာကြီးကို ထောင်သွင်းအကျဉ်းချခဲ့တဲ့ အဲဒီခေတ်က လူကြီး ကို သေစေချင်နေမိတယ်” ”ဒါမှပဲ ထောင်သွင်းအကျဉ်းကျခံရပေမယ့် အမှန်တရားအတွက် လူချစ်လူ ခင်ပေါများ သူနဲ့ အာဏာရပြီး ငါထင်တာလုပ်မယ်ဆိုပြီး ထင်ရာစိုင်းခဲ့သူ” ပြည်သူလူထုအလေးထား ချစ်မြတ်နိုးပုံ ဘယ်လောက်ကွာသလဲဆိုတာ ပြည်သူတွေ ကွက် ကွက်ကွင်းကွင်းသိမြင်စေချင်လို့ပါ။ ဒါမှ နောင်လာနောက်သား အတုယူ မမှားမှာလေ။ အားကျပြီး သေကြည့်စမ်းပါဗျာ။

ပိုက်နက်ကျူးလွန်သတဲ့လား

အင်မတန်ရယ်ရတဲ့ သတင်းတွေပါပဲဗျာ။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ဈေးတွေ၊ ရုံးခန်းတွေ၊ စာသင်ကျောင်းတွေသွား တာ ပိုင်နက်ကျူး လွန်မှုဖြစ်နိုင် သလားခင်ဗျာ။ ဆိုပါတော့ဗျာ။ လူတစ်ယောက်က သူကြည်ဖြူလို့ သူ့ အိမ်ကိုဖိတ်ပြီး လက်ခံတွေ့ဆုံတယ်။

လာရောက်တဲ့ဧည့်သည်နဲ့ မပြေလည်တဲ့အခါကျ အလည်လာ သူကို အိမ်ရှင်က ပိုင်နက်ကျူး လွန်မှုနဲ့ တရားစွဲသတဲ့။ ဖြစ်သင့်သလားဗျာ။ မင်္ဂလာဆောင်ဖိတ်လို့သွားတာ ပိုင်နက်ကျူးလွန်မှုလား။ အလှူ အိမ်ထမင်း သွားစားတာ ပိုင်နက်ကျူးလွန်မှုလား။ ထားပါတော့။ အခုဟာက ပိုရယ်ရ တယ်။ အများပြည်သူနဲ့သက်ဆိုင်တဲ့ ရုံးတွေ၊ ကျောင်းတွေသွားတာ ပိုင်နက်ကျူးလွန်မှုတဲ့။

ဆိုကြပါစို့ဗျာ။ ကျွန်တော်က တယ်လီ ဖုန်းဘေလ်ဆောင်ဖို့ ဖုန်းရုံးကိုသွားမယ်။ အဲ ဒီမှာဝန်ထမ်းနဲ့ စကားပြောရတာ မပြေလည်ဘူး။ ဒါနဲ့ပဲ တယ်လီဖုန်းရုံးက ကျွန်တော့်ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမှာလားဗျာ။ ဆိုပါစို့။ အိမ်အတွက် မီတာဆောင်ဖို့ မီတာရုံးသွားရင်ရော ပိုင်နက်ကျူးလွန်မှုလားဗျာ။

ပျင်းလို့ ရုပ်ရှင်ကြည့်ချင်လို့ ရုပ်ရှင်ရုံ သွားမယ်။ ခိုးဝင်တာလည်းမဟုတ်၊ လက်မှတ်ဝယ်ပြီး ဝင်ကြည့်မယ်ဗျာ။ ပိုင်နက်ကျူးလွန်မှုပဲလား။ ဒီအတိုင်းပဲ ကျောင်းသားမိဘက ကျောင်းကိုလိုက်သွားတာ ပိုင်နက် ကျူးလွန်မှုလားခင်ဗျာ။ ဒါဆိုရင် ကျွန်တော်တို့ပြည်သူတွေ ဘယ်ကိုသွားကြရမှာလဲ။ ကိုယ့်အိမ်မှာ ကိုယ်နေ ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့လာပြီး တရား စွဲကြမှာလား။ ဒီ ထက်ပိုပြီး ဒီတစ်မျိုးပဲဖြစ်ဖို့ ကျန်ပါ တော့တယ်ထင်လို့ပါ။

အားမကျဘူးလား၊ အားကျလိုက်တာ

မနေ့တစ်နေ့ကသတင်းကြောင့် အားကျစေချင်စိတ်နဲ့ မျက်ရည်များတောင် လည်မိပါရဲ့။ တောင်ကိုရီးယားနိုင်ငံမှာ ပေါ့ဗျာ။ ကျောင်းသူကျောင်းသားတွေ တင်ဆောင်လာတဲ့ ကူးတို့ နစ်မြုပ်သွားပါသတဲ့။

ဒါကို တောင်ကိုရီးယားဝန်ကြီးချုပ် ချွန်ဟောင်ဝန် က သူကိုင်တွယ်ပုံနှေးကွေး ခဲ့တယ်။ ဒီသေဆုံးမှုဟာ သူ့မှာ တာဝန်ရှိတယ်ဆိုပြီး ဝန်ကြီးချုပ် ရာထူး က နုတ်ထွက်သွားသတဲ့။ သေဆုံးမှုကိုတော့ စိတ်မကောင်းပါဘူးဗျာ။ အပြစ်မဲ့တဲ့သူတွေ အသက်ဆုံးခဲ့ရတာကိုး။ ဒါပေမဲ့ပေါ့လေ။ ကူးတို့ မှောက်တာနဲ့ ဝန်ကြီးချုပ် နဲ့ဆိုတာ အဝေးကြီးပဲ။ လုပ်ချင်ရင် တာဝန်ရှိသူတွေကို တန်းစီပြီး အရေးယူလို့ရသေးတယ်။ ဒါပေမဲ့ပေါ့ဗျာ။ သူ့ရဲ့ပေါ့လျော့မှု ကြောင့် ဒီလိုဖြစ်ရတာပါဆိုပြီး ရာထူးကနုတ် ထွက်သွားခဲ့တယ်။ သေဆုံးသူ နှစ်ရာခန့်နဲ့ ပျောက်ဆုံးနေသူပေါင်းရင် လေးရာကျော်ခဲ့ တာကိုး။ သြော်..။ ကျွန်တော်တို့ဆီမှာ နာဂစ်တဲ့။ အခြားသော ကမ်းပြို ကျမှု၊ သောက်သုံးရေ ရှားပါးမှု။ မပြောတော့ပါဘူး။ နာဂစ်မှာ လူဘယ်နှယောက်ပျက်စီးခဲ့ရလဲ။ အဲဒါနဲ့ နှိုင်းယှဉ်ရင် လူလေးရာကျော်
ဆိုတာ နည်းနည်းလေးပါပဲ။

ဒါပေမဲ့..ဘယ်သူကများ နုတ်ထွက်သွားဖူး သလဲခင်ဗျာ။ နိုင်ငံအတွက် စကားအမှားတွေ ပြောတယ်။ အမှားတွေလုပ်ကြတယ်။ ပြီးရင် ခပ်တည်တည် ပဲ။ ဘယ်သူမှနုတ် ထွက်တယ်ဆိုတာ မျိုးမရှိဘူး။ နယ်လှည့်ပြီး ပုဆိုးလှန်ပြ တဲ့လူကြီးလည်း ခပ်တည်တည်ပဲ။ လျှပ်စစ်ဓာတ်အားတွေ… ခပ်တည် တည်ပဲ။ အများကြီး။ အားလုံး ခပ်တည် တည်ပဲ။ တစ်ခါတလေလည်း ကြိတ်မနိုင်ခဲမရ ပြောမိတယ်။

”အားကျလိုက်ကြစမ်းပါ” နှစ်မျိုးပေါ့ဗျာ။ ပြောရတာတော့ မကောင်းပါဘူး။ ဒါ ပေမဲ့ ပြောမှဖြစ်မှာမို့ပါ။

၁။ သေကြည့်။
၂။ ရာထူးက နုတ်ထွက်ခွင့်ပြုပါ။

ရှေ့တစ်ပတ်ဗျာ..။

အကြည်တော်

Popular Myanmar News Journal