ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ

photo credit: Arakan News Online


အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ် သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့်ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးသောင်းလွင်ကပြော သည်။

‘‘တစ်ယောက်ကို သုံးသိန်းပဲ ရတာ။ ဘာမှလည်းရတာမဟုတ် ဘူး။ အဲဒါတောင်အကြွေး၊ ရန် ကုန်ရောက်မှ ပေးမယ်ဆိုပြီး သယ်လာတာ’’ ဟု ဒုတိယရဲမှူး သောင်းလွင်ကပြောသည်။

ဘင်္ဂါလီများကို ခေါ်သွင်း လာသူ နှစ်ဦးမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွင် ရဲမှူးကြီး အဆင့်ဖြင့် လေး စားလောက်ဖွယ် တာဝန်ထမ်း ဆောင်ခဲ့သူ အငြိမ်းစားရဲအရာရှိ ကြီးနှစ်ဦး၏ သားနှင့် သမီးဖြစ်ပြီး ယခုကဲ့သို့ ဘင်္ဂါလီများကို အခ ကြေးငွေယူ၍ သယ်ဆောင်ပေး သည့် လုပ်ရပ်အပေါ် အံ့သြမိ ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဘင်္ဂါလီ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားရှစ်ဦးကို ကျောက် တော်မြို့မှ ဇွန်လ ၁၆ ရက် ည တွင် စတင်ခေါ်ထုတ်လာခဲ့ပြီး ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့ ပဲပဒုံးစစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ဒီစစ်ဆေးရေးဂိတ်မှာ စစ် တပ်ရော၊ ရဲရော၊ အကောက်ခွန်ရော၊ လ၀ကတွေရောအကုန်ပေါင်းစစ် ဆေးတာ။ အဲဒီနေရာက ကျော် လို့ကိုမရတာ။ အမှုအကြောင်း တော့  ကျွန်တော်တို့ မသိပါဘူး။ သူတို့အဖေဖြစ်တဲ့ ရဲမှူးကြီးနှစ် ယောက်ကတော့ တိုင်းပြည်အ တွက် တကယ်ကို တာဝန်ကျေခဲ့ တာပါ’’ဟု အမှတ်(၄) နယ်ခြား စောင့်လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။

အဆိုပါအငြိမ်းစားရဲမှူးကြီး နှစ်ဦးအနက် တစ်ဦးမှာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ လူကြီးရောဂါဖြင့် ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီကိုးဦးကို အမ်းမြို့နယ် ဆေးရုံတွင် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား ကာ အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူ နောက်ထပ်အမျိုး သမီးတစ်ဦးကိုလည်း အမ်းမြို့နယ်ရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးလျက်ရှိသည်။

7day daily

အိန္ဒိယတွင် ငါးမျှားနေသူကို လှေပေါ်ထိတက်ပြီး ကျားဆွဲခဲ့


Photo- AP
အိန္ဒိယနိုင်ငံ၊ ကျားထိန်းသိမ်းရေး ဘေးမဲ့ဥယျာဉ် တစ်ခုတွင် ငါးမျှားနေသူ တစ်ဦးအား ကျားတစ်ကောင်က လှေပေါ်ထိ ခုန်တက်လာကာ သတ်ဖြတ် ဆွဲယူသွားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆွန်ဒါဘန်စ် ကျားထိန်းသိမ်းရေး စခန်းတွင် ဆူရှီလ်မက်ဂ်ျဟီသည် သားနှင့်သမီးတို့ကို ခေါ်ယူကာ လှေတစ်စင်းဖြင့် ချောင်းထဲတွင် ငါးဖမ်းထွက်ခဲ့သည်။ ဇွန်လ(၂၆)ရက်နေ့က ဖြစ်ရပ်တွင် ဆူရှီလ်သည် ဘေးမဲ့စခန်းအတွင်းရှိ ကန့်သတ်ထားသော ဧရိယာထဲသို့ လှေကို မောင်းနှင်ဝင်ရောက်ကာ ငါးဖမ်းခဲ့သည်။

အနောက်ဘင်္ဂလား ပြည်နယ်ရှိ ဘေးမဲ့စခန်းထဲတွင် ငါးမျှားနေစဉ် ကျားတစ်ကောင်သည် လှေအနီးမှ ရေထဲမှ ရုတ်တရက် ပေါ်လာကာ ဖခင်ဖြစ်သူကို ခုန်အပ်ပြီး ရွှံ့ထဲသို့ ဆွဲချကာ ပျောက်ကွယ်သွားကြောင်း ဆူရှီလ်၏ သားဖြစ်သူ ဂျိုတစ်ရှ် မက်ဂ်ျဟီက သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် တောထဲတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းထိ ဆူရှီလ်၏ အလောင်းကို ရှာမတွေ့သေးချေ။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဒေသတွင် ရှိသော ကျားထိန်းသိမ်းရေး နယ်မြေကို (၈)ပေ အမြင့်ရှိသည့် တံတိုင်းခတ်ထားသော်လည်း  အိန္ဒိယကရော၊ ဘင်္ဂလားဒေ့ရှ်ကပါ သီးခြားလုံခြုံရေး စောင့်ကြပ်မှု မရှိချေ။ အနီးအနားရှိ ရွာသားများသည် ကန့်သတ်ထားသော နေရာများသို့ ဝင်ရောက်၍ ငါးဖမ်းခြင်း၊ ပျားဖွပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

“နယ်နိမိတ် အပိုင်းအခြားကို စပြီးချိုးဖျက်တာ ကျားတွေမဟုတ်ဘူး။ လူတွေပဲ”ဟု ဆွန်ဒါဘန်စ် စခန်းမှ လက်ထောက် ကွင်းဆင်း ညွှန်ကြားရေးမှူး ကီရှော်မန်ကာက ပြောကြားခဲ့သည်။ “ကန့်သတ်နေရာကို မသွားကြဖို့ ငါးဖမ်းသူတွေကို ကျွန်တော်တို့ သတိပေးထားခဲ့တယ်။ ဒါပေမဲ့ လူတွေက ညွှန်ကြားချက်တွေကို ဘယ်တော့မှ မလိုက်နာဘူး”ဟုလည်း ၎င်းက ဆိုသည်။

ဆွန်ဒါဘန်စ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ဘင်္ဂလားကျားများကို ထိန်းသိမ်းမွေးမြူထားသည်။ သာမန်အားဖြင့် အဆိုပါ စခန်းမှ ကျားများသည် ကန့်သတ်ဧရိယာကို ကျော်လွန်လာမှု မရှိသလောက် ရှားပါးပြီး အကယ်၍ လူ့ပတ်ဝန်းကျင်အနီးထိ ရောက်ရှိလာပါကလည်း လူများကို အန္တရာယ် ပြုရန်ထက် ဆိတ်များကိုသာ ဖမ်းယူသွားတတ်ကြောင်း သိရှိရသည်။

_NDTV
7day daily

ဆန္ဒစွဲတွေနဲ့ ကမ္ဘာ့ဖလားပွဲ နွှဲဆင်တဲ့လူ


ဘရာဇီးနိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ဖလားပွဲအား ဘရာဇီးပြည်သူများ ရုပ်သံမှ ကြည့်ရှုနေစဉ် (Photo:AFP)


Written by: မောင်စံပေါ

(၁)
“လူဆိုတာ လောင်းကစားသတ္တဝါတဲ့”

“သူငယ်ချင်း မင်းဝါသနာပါတာနဲ့ တခြားလူတွေ ဆွဲမထည့်နဲ့လေကွာ”

“ငါတို့လူမျိုးကွာ။ ခွေးချင်းကိုက်လည်း ငေးတာပဲ။ ကြက်ခွပ်တော့လည်း ကြည့်တာပဲ။ လင်မယား ရန်ဖြစ်ရင်လည်း ဝင်စပ်စုကြတာပဲ”

“အဲဒါနဲ့ပဲ မင်းပြောသလို ဖြစ်ရရောလား”

“ဟော အခု ကမ္ဘာ့ဖလားပွဲကွာ”

(၂)
ကမ္ဘာ့ဖလားပွဲဆိုတော့ ဘာငြင်းရမှန်း မသိတော့ပါဘူး။ အားကစားဂျာနယ်ဆိုတာ လက်ဖျားနဲ့တောင် မတို့ခဲ့တဲ့ကောင်။ အခုတော့ လက်ဖက်ရည်ဖိုးတွေက ဂျာနယ်ဖိုး ဖြစ်ကုန်ပြီ။ စာဖတ်ရတာ မျက်စိညောင်းတယ် ဆိုတဲ့ကောင်။ အလဲဗင်းကထုတ်တဲ့ ကမ္ဘာ့ဖလားဘုတ်အုပ်ကြီး တကိုင်ကိုင်နဲ့။ ကျောင်းနေစဉ်က စာကျက်အင်မတန် ပျင်းခဲ့တဲ့ကောင်။ ကမ္ဘာ့ဖလား ရာဇဝင်သာ စာမေးပွဲ ဖြေရမယ်ဆိုရင် ဂုဏ်ထူးနဲ့ အောင်တော့မှာ။ တစ်လနေလို့ တစ်ခါမှတောင် ရုပ်မြင်သံကြား မကြည့်လို့ ကိုရီးယားကားတွေကတောင် လက်မှိုင်ချရတဲ့ကောင်။ တီဗွီအဟောင်းကြီး ဖုန်သုတ်၊ ခလုတ်တွေစစ်ဆေးနဲ့ အလုပ်ရှုပ်ခဲ့ပြီ။ စကိုင်းနက် ဂုဏ်ပြုလက်ဆောင်ရတာတောင် တစ်ဝက်ဈေးနဲ့ ရောင်းစားခဲ့တဲ့ကောင်။ ထိုင်းရုပ်သံလိုင်းက အလကားပြတယ်ဆိုလို့ ပွဲတွေအားလုံး ကြည့်ရအောင် စလောင်းလေးဈေးပေါပေါနဲ့ ရအောင်ရှာပြီး နှစ်လစာ ဝယ်တပ်ခဲ့ပြီ။ ညစာစားတာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ကောင်။ ဘောလုံးပွဲကြည့်ရင်း မြည်းစရာ လက်ဖက်အကြော်စုံ၊ မုန့်ကော်ဖီ ရိက္ခာပြည့်စုံစွာ ကြိုတင်သိုမှီးခဲ့ပြီ။ နိုင်ငံရေးဆိုတာ ဝါသနာ မပါတဲ့ကောင်။ ဘောလုံးနိုင်ငံရေးဆိုပြီး အခုနေသာ ရွေးကောက်ပွဲရှိရင် ကမ္ဘာ့ဖလားနဲ့ မဲဆွယ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒီလိုနဲ့ ကမ္ဘာ့ဖလားပွဲဆီ ချီတက်ခဲ့ပါတော့တယ်။

(၃)
“ဟယ် နေမာလေးက ချစ်စရာလေးတော့”

ကြီးတော်လည်း အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နား ကပ်နေပြီမို့ တရားနဲ့ မွေ့လျော်နေတာ ဟုတ်လှပြီ အောက်မေ့တာ ကမ္ဘာ့ဖလား ရှိလို့ဆိုပြီး တရားစခန်းက ခွင့်ယူထားသတဲ့ဗျာ။

“ဟုတ်တယ်လေဟယ်။ လူကသာ တရားထိုင်နေတာ စိတ်က ဘောလုံးပွဲထဲ ရောက်နေမှာ။ အဲဒီတော့ တစ်ခါတည်း သံယောဇဉ်ဖြတ်လိုက်တော့ အေးရောပေါ့”

သူပြောတဲ့ သံယောဇဉ်ဆိုတာ ဘောလုံးပွဲ သံယောဇဉ် မဟုတ်ဘူး။ တရားစခန်းကို ပြောတာ။

လောင်းလို့ပဲကြည့်ကြည့်၊ ကြည့်ကောင်းအောင်ပဲ လောင်းလောင်း၊ အပေါင်းအသင်းတွေတော့ ဘောလုံးမှန်တာ များကုန်ပြီ။ ဆန့်ကျင်ဘက် အားပေးရင်း စကားများကြတဲ့၊ မျက်နှာချင်း မဆိုင်တော့တဲ့ လင်မယားတွေလည်း ရှိခဲ့ပြီ။ နဂိုကတည်းက စည်ကားနေတဲ့ အပေါင်ဆိုင်တွေမှာ လူပိုတိုးလာပြီ။ ဘောပွဲရှုံးလို့၊ လောင်းကြေးရှုံးလို့ သတ်သေတယ်ဆိုတဲ့ သတင်းလည်း စဖတ်ရပြီ . . . . .

“နင်လောင်းချင်ရင် ဖွင့်ပွဲနေ့ ဘရာဇီးဘက်ကလောင်း၊ အိမ်ရှင်ဖွင့်ပွဲ ပစ်မလွဲတဲ့။ ဖွင့်ပွဲနေ့မှာ အိမ်ရှင်က သာစမြဲ၊ နိုင်စမြဲဟဲ့”

ကမ္ဘာ့ဖလားအကြောင်း စာတွေ အရည်ကျိုသောက်ထားတဲ့ လူကိုများ ဆရာလာလုပ်နေသေး။ ဓမ္မကထိက ဆရာမကြီးက လောင်းဖို့တောင် အသင်းရွေးပေးခဲ့သေးရဲ့။

(၄)
“အဲဒီ ဂိုးသမားကွာ။ လက်တွေအများကြီးနဲ့ နတ်များစုတိစိတ်ကျပြီး မက္ကဆီကိုမှာ လူဖြစ်သလား မသိပါဘူး”

ဘရာဇီး တစ်ဂိုးမှ မရလို့ မချင့်မရဲနဲ့ ပြောနေတဲ့ ပရိသတ်တစ်ယောက်ရဲ့ ရင်ဖွင့်သံ။ ဖွင့်ပွဲနေ့မှာ ၂ဝ၁၄ ကမ္ဘာ့ဖလားရဲ့ ပထမဦးဆုံးဂိုးကို ခရိုအေးရှားကို လက်ဆောင်ပေးပြီးမှ သုံးဂိုးပြန်သွင်း အနိုင်ရခဲ့တဲ့ ဘရာဇီးရဲ့ တိုက်စစ်ကိုယုံပြီး ပုံခဲ့ဟန်တူရဲ့။

“ဘာပဲဖြစ်ဖြစ် နောက်ဆုံးပွဲမှာ ဘရာဇီးပဲနိုင်မှာ ယုံကြည်ပေမယ့် ဂိုးတော့အများကြီး မပြတ်တန်ကောင်းဘူးလေ။ ကင်မရွန်းလေးကို အားပေးဦးမှ လုပ်ခဲ့တာ” အားပေးရကျိုး နပ်သွားတယ်ထင်ရဲ့။ ၁ဝ ရက်လောက် ဝမ်းချုပ်နေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။

(၅)
“စပိန်ကိုများ ခပ်ပေါ့ပေါ့ ထင်နေလား။ လက်ရှိချန်ပီယံကွ။ ကမ္ဘာ့ဖလားရော ဥရောပဖလားရော ရတယ်ဆိုတာ အလကားရတာ မဟုတ်ဘူး။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကလည်း ရေးချင်ရာရေး၊ အမှတ်တွေ ပေးချင်သလိုပေးနဲ့ ထုတ်ပြန်ထားတာ မဟုတ်ဘူးကွ။ ကြည့်နေ နယ်သာလန်ကို စပိန်က တိန်တိန်မြည်အောင် ဆော်သွားလိမ့်မယ်”

အိမ်တိုင်ချွတ်လောင်းလို့ ရတယ်ဆိုတဲ့ လူကြီး။ ပွဲအပြီးမှာ ဂိန်လို့တောင် မအော်နိုင်ဘဲ နေစရာအိမ်ပျောက်လို့ လမ်းဘေးရောက်သွားပြီလား၊ ကျူးကျော်ဖြစ်နေပြီလားပဲ။

(၆)
“အမေရိကန်က နိုင်ငံရေး၊ စစ်ရေးမှာသာ စူပါပါဝါတာပါကွာ။ ဘောလုံးမှာ ဘာလာလုပ်လို့ ရမှာလဲ။ နောက်ပြီး သူတို့ အဓိက အားပေးတာ ဘတ်စကက်ဘောကွ၊ ကြစုသီးလိုဟာကြီးနဲ့ ကန်တဲ့ဘောကွ။ ဂါနာက မာသကွ။ ငါတို့ကတော့ ဂါနာမှဂါနာပဲ”

ဒီနှစ် ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးဂိုးကို အမေရိကန်က သွင်းခဲ့တယ်။ ဂါနာပြာသွားတယ်။ ဂါနာဆရာ နာသွားတယ်။

(၇)
“ကမ္ဘာ့ဖလားတိုင်းမှာ မရဏအုပ်စုဆိုတာ ရှိစမြဲကွ။ ဒီနှစ်တော့ အုပ်စု(ဃ)ပေါ့ကွာ။ ကော်စတာရီကာကိုတော့ ဖယ်ထားလိုက်ပေါ့။ အီတလီရယ်၊ အင်္ဂလန်ရယ်၊ ဥရုဂွေးရယ် လုရမှာကွ”

ဘောလုံးဂုရုကြီး ပြောတာဆိုတော့ လေးစားရသပေါ့။ လေးစားလို့မှ မဆုံးသေးဘူး။ စတာနဲ့ နိုင်မယ်ဆိုတဲ့ ဥရုဂွေးက ကော်စတာရီကာကို သုံးဂိုးတစ်ဂိုးနဲ့ ပြတ်ပြတ်သားသား ရှုံးပြလိုက်တယ်။ သရေကျမယ်ဆိုတဲ့ပွဲမှာ အီတလီက အင်္ဂလန်ကို နိုင်သွားပါရော။

“ဘယ်လိုလဲ ဂုရုကြီး။ ကြည့်လုပ်ဦး”

“ရပါတယ်ကွာ။ အင်္ဂလန်က ဘောလုံးဘိုးအေ တိုင်းပြည်ကွာ။ ဖီးနစ်ငှက်လို မီးပုံထဲက ပျံထွက်ပြဦးမှာ”

အီတလီတိုက်စစ်မှူး ကျောနံပါတ်(၉) ဘာလိုတယ်လီကလည်း နောက်တစ်ပွဲမှာ ကော်စတာရီကာကို အနိုင်ကစားပြီး အင်္ဂလန်အတွက် ရှင်သန်ခွင့်ပေးဦးမှာတဲ့။ အဲဒီအတွက် ဆုအနေနဲ့တော့ အယ်လီဇဘက်ဘုရင်မကြီးဆီက အနမ်းတစ်ပွင့်ပဲ လိုချင်တယ်တဲ့။

ဖြစ်ရပုံများရယ်။ တောင်ဝှေးကို ထူမယ်ဆိုတဲ့ ဖိုးသူတော်ကြီးပါ ဘုန်းဘုန်းလဲပါရော။ တောင်ဝှေးလည်း ဆန့်ဆန့်ကြီး ကျန်တော့တာ ပရီးမီးယားလိဂ် အထင်ကြီးစိတ်နဲ့ မျက်စိမှိတ် လိုက်သွားမိတာ ရာဇာမင်းနဲ့အတူ ချောက်ထဲကျရပါရော။

(၈)
“နိုင်ငံရေးတွေ၊ ဘာသာရေးတွေ ဖယ်ထားကွ။ အားကစားက အားကစားပဲ”

မင်းကြိုက်တာ မင်းအားပေးပေါ့ သူငယ်ချင်းရာ။ ငါလည်း ငါကြိုက်တာ ငါပြောတာပဲ ဥစ္စာ”

ဘောပွဲကြည့်နေတဲ့ သူငယ်ချင်းနှစ်ယောက် စကားအချေအတင် ဖြစ်ကြတယ်။ မက်ဆီရဲ့ ပရိသတ် သူငယ်ချင်းနဲ့ အရှတိုက်သားချင်း ရိုင်းပင်းရမယ်ဆိုတဲ့ နောက်တစ်ယောက်။

ဂိုးမရှိ သရေနဲ့ လေလွင့်ချိန် ရောက်လာတယ်။ မိနစ် ၉ဝ ကျော်ပြီး ပွဲပြီးခါနီးလာပြီ။ ဒီအချိန်မှာမှ ဂိုးဝင်သွားရင်ဆိုပြီး အာရှတိုက်သား အားပေးတဲ့ သူငယ်ချင်း စိတ်ပူပန်နေဆဲမှာ မက်ဆီရဲ့ မှော်ဝင်ဂိုး ရသွားတယ်။ သိပ်မကြာခင်မှာ ပွဲသိမ်းခရာ တုပ်ပါရော။

“တွေ့လား။ ကမ္ဘာ့အကောင်းဆုံးဆိုတာ အလကားရတဲ့ဘွဲ့ မဟုတ်ဘူးဆိုတာ မင်းအဘတွေလို ပိုက်ဆံပေးဝယ်ထားတာ မဟုတ်ဘူး။ တကယ်အရည်အချင်းရှိလို့ ရတာ”

(၉)
“ဘောလုံးဆိုတာ အလုံးကြီးကွ”

သူပြောမှလား။

“ဗေဒင်ဟောတိုင်း မှန်မယ်ဆိုရင်ကွာ ဗေဒင်ဆရာတွေ သူဌေးဖြစ်ပြီပေါ့။ အပိုင်တွက်ပြီး အပိုင်ပွဲတွေ အပိုင်လောင်းရုံပဲ။ ဗေဒင်ဟောတာက လျှာထွက်အောင်ဟောမှ ပြောမှ။ ပြီးတော့ရတာက ဘာမှဟုတ်တာ မဟုတ်ဘူး”

သူဌေးဖြစ်ဖို့ ကံကပါဦးမှကိုး။ ဗေဒင်ပညာကို စနစ်တကျ လေ့လာပြီး ကျွမ်းကျင်စွာ တတ်မြောက်တဲ့ ပါရဂူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေလည်း ပုထုဇဉ်တွေဆိုတော့ အစွဲတွေနဲ့ပေါ့။ အနုသယတွေ ရှိသပေါ့။ ဝိပ္ပလ္လာသတွေ ဖုံးတာရှိပေမပေါ့။

(၁၀)
“လောင်း လောင်း လောင်းလိုက်ပါ
မွဲအောင်လောင်းလိုက်ကွာ
ကြည့်ကြည့်ကြည့်ကြတာ
တစ်မြို့လုံးတစ်ရွာလုံးပါ”

လောင်းလို့ပဲကြည့်ကြည့်၊ ကြည့်ကောင်းအောင်ပဲ လောင်းလောင်း၊ အပေါင်းအသင်းတွေတော့ ဘောလုံးမှန်တာ များကုန်ပြီ။ ဆန့်ကျင်ဘက် အားပေးရင်း စကားများကြတဲ့၊ မျက်နှာချင်း မဆိုင်တော့တဲ့ လင်မယားတွေလည်း ရှိခဲ့ပြီ။ နဂိုကတည်းက စည်ကားနေတဲ့ အပေါင်ဆိုင်တွေမှာ လူပိုတိုးလာပြီ။

ဘောပွဲရှုံးလို့၊ လောင်းကြေးရှုံးလို့ သတ်သေတယ်ဆိုတဲ့ သတင်းလည်း စဖတ်ရပြီ။

(၁၁)
ကမ္ဘာ့ဖလားပွဲကြီးကတော့ မပြီးသေးပါ။ ဆေးခန်းရောက် ဆေးရုံတက်ရတဲ့သူတွေ ပေါလာပြီ။ အိပ်ရေးပျက်၊ နေမကောင်း၊ အလုပ်ပျက်အကိုင်ပျက်၊ စီးပွားပျက်တဲ့လူတွေ များခဲ့ပြီ။ ရှားရှားပါးပါး စီးပွားတက်တဲ့သူတွေလည်း ရှိပါသတဲ့။

(၁၆) သင်းထွက်သွားပြီး (၁၆) သင်းတက်သွားပြီ။ အုပ်စုအဆင့်ကနေ နုတ်ထွက်လိုက်တာ ခပ်ကောင်းကောင်း ဖြစ်မယ်ထင်ရဲ့။

ဆက်ပြီး မခံစားနိုင်တော့ဘူး
အားအင်ကုန် ကြေးပြားပြတ်
တစ်ခန်းရပ် တစ်ဇာတ်သိမ်းရင်
တစ်ပူငြိမ်းမယ်လား
ကမ္ဘာ့ဖလားရေ
ငါ့ကိုထားခဲ့တော့

သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ ကမ္ဘာ့ဖလား ဘောလုံးလောင်းကစားဘေးမှ ကင်းဝေးကြပါစေကုန်သတည်း။

News Eleven

ရုပ်ရှင်အကြိုခံစားခြင်း - မာယာနန်းတော်


ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာနေ့မှ သော ကြာနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတဲ့ မာယာနန်းတော် (Cruel Palace - War of Flowers) အမည်ရ ကိုရီးယားနန်းတွင်း ဒရာမာဇာတ်လမ်းတွဲအကြောင်း ပြောပြချင်ပါတယ်။

မာယာနန်းတော် ဒရာမာ ဇာတ်လမ်းတွဲဟာ ရှင်ဘုရင်ရဲ့ အ ချစ်နဲ့ အာဏာရရှိဖို့ ကြိုးစားရင်း ကောက်ကျစ်စဉ်းလဲတဲ့ အကြံ ဉာဏ်တွေကိုသုံးတဲ့ ကိုရီးယား နန်းတွင်းထဲက မိဖုရားငယ်လေး တွေရဲ့ တိုက်ပွဲကို သရုပ်ဖော်ထား ပါတယ်။ ဒီဇာတ်လမ်းဟာ ရုပ်ရည် ချောမောလှပပေမယ့် ကောက် ကျစ်စဉ်းလဲတဲ့ ဂျိုမိဖုရားငယ် (ယမ်ဂျောင်) ရဲ့ ဇာတ်ရုပ်ကို အဓိ က ပုံဖော်ထားတာဖြစ်ပါတယ်။

ကိုရီးယားနန်းတွင်း အမတ် ဂျိုရဲ့ တရားမ၀င်ဇနီးကနေ မွေး ဖွားလာတဲ့ ဂျိုဆိုယောင်လို့ခေါ်တဲ့ မိန်းမချောလေးဟာ ငယ်စဉ်က တည်းက အရွယ်ရောက်ချိန်ထိ အမြှောင်မယားကနေ မွေးတဲ့ အ ဆင့်အတမ်းနိမ့်သူအဖြစ် အနှိမ်ခံ ခဲ့ရပါတယ်။ ဂျိုဆိုယောင်ရဲ့ ချစ် သူ နမ်ဟော့ရဲ့ မိခင်ကလည်း နမ်ဟော့နဲ့ ဂျိုဆိုယောင်ကို လုံးဝ သဘောမတူခဲ့ပါဘူး။ နာကျည်း မှု၊ ခံပြင်းမှုတွေများတဲ့ ဂျိုဆို ယောင်ဟာ ဉာဏ်များတဲ့ အမတ် ကြီး ကင်ဂျာဂျင်ရဲ့ မွေးစားသမီး ကင်ယမ်ဂျောင်အဖြစ်နေဖို့ သဘောတူလိုက်ပြီး ဘုရင့်မိဖုရား ငယ်အဖြစ် ဆက်သခြင်းကို လက်ခံခဲ့ပါတယ်။

အဲဒီအချိန်က ကိုရီးယားဘုရင်အင်ဂျိုဟာ နန်းချခံရပြီး မန်ချူးဘုရင်ရဲ့ သစ္စာတော်ခံရုပ်သေးရုပ် ဘုရင်အဖြစ် နေရတဲ့သူ ဖြစ်ပါတယ်။ စစ်ရှုံးဘုရင် အင်ဂျိုဟာ အိမ်ရှေ့စံမင်းသားအပါအ၀င် သားတော်ကြီးနှစ်ပါးနဲ့ အိမ်ရှေ့စံမိဖုရားတို့ကို မန်ချူးတို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကို လက်ခံခဲ့ရပါတယ်။ အဲဒီလို အရာရာ ရှုံးနိမ့်နေတဲ့ ဘုရင့်ထံပါးကို ဂျိုဆိုယောင် ရောက်လာခဲ့ပါတယ်။

နန်းတော်ထဲမှာ သြဇာအာ ဏာ အကြီးဆုံး မိန်းမဖြစ်ဖို့ဆိုရင် သားယောက်ျားလေးမွေးပြီး မိဖုရားကြီးနေရာကို ရမှဖြစ်မယ်လို့ ယမ်ဂျောင်တစ်ယောက် မှတ်ယူခဲ့ပါတယ်။ ယမ်ဂျောင်ခေါ် ဂျိုမိဖုရားငယ်ဟာ ရှင်ဘုရင် အင်ဂျိုကို သူ့အလှ၊ သူ့မာယာတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး သားတော်တစ်ပါးကို မရရတဲ့နည်းနဲ့ မွေးဖွားပေးခဲ့ပါတယ်။

ဂျိုမိဖုရားငယ်တစ်ယောက် သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ စိတ်ထားအလွန်ကောင်းတဲ့ အိမ်ရှေ့စံမင်းသားကို ဘယ်လိုလုပ်မလဲ။ ထက်မြက်တဲ့ အိမ်ရှေ့စံမိဖုရားနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ ငယ်ချစ်ဦး နမ်ဟော့နဲ့ အချစ်ဇာတ်လမ်းကရောဘယ်လိုလဲ။ ဘုရင်ကြီး အင်ဂျိုအနေနဲ့  သူအရမ်းချစ်ရတဲ့ ဂျိုမိဖုရားငယ်ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ဘယ်လိုသိမလဲ။ မကောင်းမှုပြုသူအတွက် နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကို တီဗီဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားရအောင်ပါ။ ဒီဇာတ်လမ်းတွဲမှာ ဂျိုမိဖုရားငယ် ခေါ် ကင်ယမ်ဂျောင်အဖြစ် ကင်ဟွန်းဂျူ၊ ဘုရင်အင်ဂျိုအဖြစ် လီဒေါ့ဟွာ၊ အိမ်ရှေ့စံမင်းသား အဖြစ် ဂျောင်ဆောင်းဝမ်၊ အိမ်ရှေ့စံမိဖုရားအဖြစ် ဆောင်းဆွန် မီ၊ အမတ်ကြီး ကင်ဂျာဂျင်အဖြစ် ဂျောင်ဆောင်းမိုနဲ့ နမ်ဟော့အဖြစ် ဂျန်းထယ်ဆူတို့ ပါဝင်ထားပါတယ်။ မာယာနန်းတော်ဇာတ်လမ်းတွဲကို ၂၀၁၃ မတ်လမှာ jTBC ရုပ်သံလိုင်းကနေ အပိုင်းပေါင်း ၅၀ ထုတ်လွှင့်ပြသခဲ့ပါတယ်။

7day daily

အထည် ၃၇ ထည် ခိုးယူသည့် အမျိုးသမီးနှစ်ဦးကို စီစီတီဗီမှ ခြေရာခံမိ



အထည်ဆိုင်မှ ကျပ်ခုနစ် သိန်းကျော်တန်ဖိုးရှိအထည် ၃၇ ထည်ကို ခိုးယူခဲ့သည့် အမျိုးသမီးနှစ်ဦးကို စီစီတီဗီကင်မရာမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့၊ မြို့မတောင်ရပ်ကွက် ရှိ ရွှေကိန္နရီစတိုးဆိုင်တွင် ဇွန်လ ၁၈ ရက် နံနက်က တစ်ရပ်တည်း နေ အမျိုးသမီးတစ်ဦးနှင့် မိတ္ထီ လာမြို့နေ အမျိုးသမီးကြီးတစ်ဦး ရောက်လာပြီး အ၀တ်အထည် များဝယ်ကာ ပြန်ထွက်သွားကြ သည်။

ထို့နောက် ဆိုင်တွင်းရှိ အ ၀တ်အထည်များကို စစ်ဆေးရာ ပါတိတ်လုံချည်များ လျော့နေ သည်ကို တွေ့ရသောကြောင့် ဆိုင်၌ တပ်ဆင်ထားသော စီစီတီ ဗီကင်မရာ ကိုးလုံးကို ပြန်လည် စစ်ဆေး ကြည့်ရှုခဲ့သည်။

ထိုသို့စစ်ဆေးရာ ကင်မရာ နံပါတ် ၄ နှင့် ၆ ရှိ မှတ်တမ်းများ အရ ESTILO စပို့ရှပ်အင်္ကျီကိုး ထည်၊ ဂျော်ဒါးနိုးအင်္ကျီ တစ် ထည်၊ ESTILO အင်္ကျီငါးထည်၊ D2 အင်္ကျီလက်ရှည်ငါးထည်၊ ပါ တိတ်လုံချည် ၁၅ ထည် စုစုပေါင်း တန်ဖိုး ကျပ် ခုနစ်သိန်းကျော်ဖိုး ခန့် ခိုးယူသွားသည်ကို တွေ့ရှိရသည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆိုင်ရှင်က အမျိုးသမီးနှစ်ဦး ကို အရေးယူပေးရန် ဇွန်လ ၂၅ ရက်တွင် တိုင်ကြားရာ ၎င်းတို့နှစ်ဦးကို ရေနံချောင်းမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ၂၀၁၃ ခုနှစ်အ တွင်းက လမ်းထိပ်တွင် စီစီတီဗီ ကင်မရာ တပ်ထားသည့် မန္တလေးမြို့မှ ကုမ္ပဏီတစ်ခု၏ဂိုဒေါင်ကို ၀င်ဖောက်ကာ လူသတ်ခဲ့သည့်အမှုမှ လူသတ်တရားခံများကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် မြို့နယ်ရဲစခန်းများတွင်လည်း အမှု လာဖွင့်သူ၊ အချုပ်သားအခန်းနှင့် မသင်္ကာသူကိုစစ်ဆေးသည့်အခန်းများတွင် စီစီတီဗီကင်မရာများ တပ်ဆင်ထားသည်။

7day daily

ပရိသတ်ရှေ့မှောက် လက်တွဲပြီးပြန်လာမယ့် No နဲ့ Bambino



အမျိုးသမီးအဖွဲ့များ ခေတ်စားခဲ့သည့်ခေတ်ဦးက ပရိ သတ်အားပေးမှုရခဲ့သော No နှင့်  Bambino နှစ်ဖွဲ့ပေါင်းကာ အယ်လ်ဘမ်တစ်ခွေထွက်ရန် စီစဉ်နေကြောင်း No အဖွဲ့မှ ရည်မွန်က ပြောသည်။

‘‘Bambino၊ No နှစ်ဖွဲ့ ပေါင်းပြီးဆိုထားတဲ့ သီချင်းလည်း ပါမယ်။ တစ်ဖွဲ့စီသတ်သတ်ဆို ထားတာလည်းပါမယ်။ သီချင်းက ဘယ်နှပုဒ်လုပ်ဖြစ်မလဲဆိုတာ သေချာမစီစဉ်ရသေးဘူး။ အစ်မ ရေးထားတဲ့သီချင်းတွေတော့စပြီး လုပ်နေပြီပေါ့။ တခြားသီချင်းရေး ဆရာဆီကလည်း ဝယ်ပြီးလုပ်ဖို့ ရှိပါတယ်’’ဟု ရည်မွန်က ပြော သည်။

ပရိသတ်နှင့် ပြန်လည်ထိ တွေ့ရန်ပေါင်းကူးပေးမည့် ယင်း ခွေတွင် ဂီတပုံစံပြောင်းလဲမည် မဟုတ်ဘဲ အဖွဲ့နှစ်ဖွဲ့သီဆိုနေကျ ဂီတပုံစံမျိုးကိုသာ သီဆိုသွားမည် ဖြစ်ပြီး ယခုနှစ်မကုန်မီ ထွက်ရှိ နိုင်ရန်    တိုင်ပင်ထားကြောင်း ရည်မွန်က ပြောသည်။

‘‘သီချင်းလည်းမလုပ်ဖြစ် တာကြာပြီဆိုတော့ ဟိုတစ်လော က ဖေ့စ်ဘွတ်ခ်မှာ စကားပြော ရင်း သီချင်းလုပ်ကြရအောင်လို့ ပြောဖြစ်ကြတော့ အခုလုပ်ဖြစ် သွားတာပါ’’ဟု Bambino အဖွဲ့ မှ သီရိက ပြောသည်။

No နှင့် Bambino အဖွဲ့နှစ် ဖွဲ့ပေါင်းစည်းကာ အခွေထုတ်ရန် စီစဉ်နေသော်လည်း နှစ်ဖွဲ့ပေါင်း ပြီး အဖွဲ့သစ်ဖွဲ့ရန် အစီအစဉ်မရှိ ဟု ၎င်းတို့က ဆိုသည်။

7day daily

အစွန်းရောက်မှုကသာ နောက်ကြောင်းပြန်တာပါ


မြန်မာပြည်ဟာ အနာဂတ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် တည့် တည့်လျှောက်လှမ်းပြီး နိုင်ငံသား တို့ တိုးတက်ဖွံ့ဖြိုးလာမယ့်လမ်း ကြောင်းပေါ်ကို သွားနေပြီလား။ ဒါမှမဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ လမ်းကြောင်းပေါ်ကိုတက်ဖို့  တာစူ နေသလား။ အခုလက်ရှိနိုင်ငံရေးအခြေအနေက အကောင်းဘက်ကို ရောက်စပြုနေပြီဖြစ်လို့ နောက်ကြောင်းပြန်သွားစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ ပြောနေသူများလည်းရှိပါတယ်။ နောက်ကြောင်းပြန်သွားနိုင်တယ်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်း စစ်တပ်ကအာဏာပြန်သိမ်းတာကို ဆိုလိုတာပါ။


နောက်ကြောင်းပြန်တို့၊ ဂငယ်ကွေ့တို့ဆိုတာ လှန့်လုံးတွေလို့ ပြောလိုပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာပြည်မှာ စစ်တပ်က အာဏာထပ်သိမ်းစရာမလိုတော့ပါ။ ဘာကြောင့်ပါလဲ။ ရပ်ကျေးကနေ သမ္မတအထိ ရာထူးတွေ၊ နေရာတွေကို စစ်တပ်ကပဲ ယူထားတာမဟုတ်လား။ အဲ.. နောက်တစ်ခုကလည်း ဌာနဆိုင်ရာဆိုတာတွေမှာလည်း  များ သောအားဖြင့် တပ်ကထွက်ထားတဲ့သူတွေက နေရာကောင်းတွေကိုယူထားပြန်ပါတယ်။ လက်ရှိ အာဏာရနေတာကလည်း ပြည်ခိုင်ဖြိုးဆိုတော့ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နေတဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းသော ပါတီခေါင်းဆောင်တွေဟာ တပ်မတော်ကအငြိမ်းစားယူထားတဲ့ အရာရှိကြီးတွေမဟုတ်ဘူးလား။ နောက်တစ်ချက်ကတော့ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း အော်တိုမက်တစ်လာထိုင်နေတယ်ဆိုတော့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါတွေအပြင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံတစ်ခုလုံးကလည်း လက်ရှိတပ်မတော်ခေါင်းဆောင်တွေနဲ့ အငြိမ်းစားယူထားတဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် ရည်စူးပြီး ရေးဆွဲထားတာ  ဖြစ်နေပြန်ပါ တယ်။ ဒါကြောင့်မို့ နောက် ကြောင်းပြန်ဖို့ဆိုတာ တကယ်က တော့မလိုဘူး။ စစ်တပ်က နောက် တစ်ခါ အာဏာသိမ်းဖို့မလိုဘူး လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

 ဟုတ်ပါတယ်။ နိုင်ငံရေး အာဏာအရတော့နောက် ကြောင်းပြန်လှည့်ဖို့ နည်းပါးပါတယ်။ ဂငယ်ကွေ့လည်း ကွေ့ဖို့ မလိုပါဘူး။ဒါပေမဲ့ အခုလက်ရှိမှာ ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ဥပဒေတွေထဲမှာတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခေတ်နောက်ပြန်ဆွဲဖို့ ဥပဒေအကြောင်းအချက်တွေ မြင်နေရပါတယ်။ အဲဒါကတော့ ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေပဲဖြစ်ပါတယ်။ ဒီဥပဒေက ဗုဒ္ဓဘာသာဝင်တွေကိုပဲ အသားပေးမယ့်အနေအထားမျိုး  မြင်နေရပါတယ်။ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားမှာကို စိုးရိမ်တဲ့အတွက် ပြဋ္ဌာန်းလိုတဲ့ ဥပဒေလို့ ရှုမြင်ပါတယ်။

အခုမြန်မာနိုင်ငံမှာ မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာအမျိုး သမီးတွေ ဘာသာခြားနဲ့ လက် ထပ်ထိမ်းမြားတဲ့ အရေအတွက် က ကြောက်ခမန်းလိလိမြင့်တက် လာနေလို့ ဒီဥပဒေကို ပြဋ္ဌာန်းလို တာလား။ ဒါမှမဟုတ် ဘာသာ ခြားနိုင်ငံသားတွေ ဗုဒ္ဓဘာသာကူး ပြောင်းလာအောင် ဥပဒေကို အကြောင်းပြုပြီး ဖိအားပေးလိုတဲ့ သဘောလား။  ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်၊ မရောက် စဉ်းစားတာမျိုး ရှိခဲ့သလား။ ဒီဥပဒေကြောင့် အနာဂတ်မှာ မိမိနိုင်ငံတွင်း တခြားသောနိုင်ငံရေးအရ ဂယက်ထတာမျိုး ဖြစ်လာနိုင်တာကို ထည့်သွင်းတွက်ချက်ခဲ့ပါသလား။ ဥပမာဆိုရရင် တစ်ချိန်တုန်းက ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည် ပြုတဲ့အချိန်နဲ့ ခရစ်ယာန်လူများစု ဖြစ်တဲ့ ကချင်လူမျိုးတွေ သူပုန်ထ ခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါလို့ ပြောလိုပါတယ်။

ဘာသာတရားကို ကိုးကွယ် တယ်ဆိုတာ ယုံကြည်မှုပါ။ လူ သားတိုင်းဟာ မိမိနှစ်သက်ရာကို မိမိယုံကြည်ခွင့်ရှိပါတယ်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဟီဘရူး၊ နတ် အစရှိတဲ့ ဘာသာတရားတွေကို လူတွေဟာ သူတို့နှစ်သက်သလို ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ဆည်းကပ်ခွင့်ရှိပါ တယ်။ ဘယ်ဘာသာမှ မကိုး ကွယ်တဲ့ ဘာသာမဲ့တွေလည်း ရှိနိုင်ပါသေးတယ်။ အဲဒါအပြင် ကနေ့ ခရစ်ယာန်ဘာသာဝင်တစ် ဦးဟာ မနက်ဖြန်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်နိုင်သလို ဗုဒ္ဓဘာ သာကိုလည်း ကူးပြောင်းသွားနိုင် ပါတယ်။ မနေ့က သူယုံကြည်တာ ကို ကနေ့မှာ မယုံကြည်တော့ဘူး ဆိုတာ ကာယကံရှင်ရဲ့ ရွေးချယ် ခွင့်ပဲဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ရွေးချယ်မှုမပါဘဲနဲ့ ဘာသာတစ် ခုခုကို ကူးပြောင်းဖို့ ဖိအားပေး တာ၊ ခြိမ်းခြောက်တာဟာ ဥပဒေ ကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာ ပဲဖြစ်ပါတယ်။

မွတ်စလင် တိုင်းပြည်မှာ မွတ်စလင်နဲ့ လက်ထပ်ရင် အစ္စလာမ်ဘာသာကို ကူးပြောင်းရမယ့် ဘာသာရေးဆိုင်ရာ ဥပဒေမျိုးတွေရှိနေလို့ တို့တိုင်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဦးနဲ့ လက်ထပ်ရင် ဗုဒ္ဓဘာသာကို ကူးပြောင်းယုံကြည်ရမယ်လို့လုပ်လိုတဲ့ ဆန္ဒမျိုးရှိနေတာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ သူများလုပ်တိုင်း လိုက်လုပ်ဖို့ မလိုဘူးလို့ မြင်ပါတယ်။ မြန်မာပြည်မှာ  ရှေးဘုရင်များလက်ထက်ကစလို့ လူတိုင်းကို သူတို့ယုံကြည်ရာ ဘာသာရေးအတိုင်း ကိုးကွယ်ခွင့်ပြုထားပါတယ်။ ဓားမိုးပြီး ဘာသာမပြောင်းခိုင်းခဲ့ပါဘူး။ ဆိုလိုတာက မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပြည့်အဝရှိခဲ့ပါတယ်။

ဘာသာကူးပြောင်းမှု ဆိုင်ရာဥပဒေကို မပြဋ္ဌာန်းရသေးပေမယ့် အခုပဲကျိုက်ထိုဘက်မှာ  ဆရာတော်တစ်ပါးဘွဲ့အမည်နဲ့ ဆိုင်းဘုတ်တစ်ခုထောင်ထားတာကို တွေ့ရပါတယ်။  ဘာသာခြားနဲ့ လက်ထပ်ရင် ဒဏ်ငွေသိန်း ၅၀ ဆောင်ရမတဲ့။ ဘာသာခြားဈေး ဆိုင်မှာ ဈေးဝယ်ရင် ဒဏ်ငွေငါး သိန်းတဲ့။ ဘာသာခြားအတွက် နာမည်ခံပြီး မြေတွေ၊ အိမ်တွေ ဝယ်မပေးရဘူးတဲ့။ အခြေခံဥပဒေ အရ နိုင်ငံသားဆိုရင် ဘယ်ဘာ သာပဲ ကိုးကွယ်ကိုးကွယ် မြန်မာ ပြည်ကြိုက်တဲ့နေရာမှာ နေခွင့်ရှိ ပါတယ်။ အိမ်မြေဝယ်ယူခွင့်၊ ပိုင် ဆိုင်ခွင့်ရှိပါတယ်။ ဥပဒေတောင် မပြဋ္ဌာန်းရသေးခင်မှာဖြစ်နေတဲ့ ကိစ္စတွေပါ။ ဥပဒေသာ ပြဋ္ဌာန်း လိုက်ခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ  မစဉ်းစားရဲလောက် အောင်ပါပဲ။ ဘာသာရေးဆိုင်ရာ ရဲတွေ၊ ဘာတွေများ ပေါ်လာဦး မလားဆိုတာ မသိနိုင်ပါ။ ဘာသာ ခြားနဲ့ ရည်းစားထားတဲ့သူတွေကို ဖမ်းပြီး ဒဏ်ငွေတပ်မယ့် သဘော မျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဂျာမနီမှာ တစ်ချိန်ကဖြစ်ခဲ့ တာတွေကို သင်ခန်းစာယူဖို့ ပြော လိုပါတယ်။ ဟစ်တလာ လက် ထက်မှာ ဂျာမန်အမျိုးသား၊ အမျိုး သမီး ဂျူးတွေနဲ့ လက်မထပ်ရ၊ ဂျူးဆိုင်တွေမှာ ဈေးမဝယ်ရ၊ ဂျူး တွေနဲ့ စီးပွားရေးဖက်စပ်မလုပ်ရဆိုတာ ဥပဒေပြုခဲ့ပါတယ်။ နောက်ပိုင်း ဘာဖြစ်သလဲ။ ဂျူးတွေကိုအစုလိုက် အပြုံလိုက်အကျဉ်းစခန်းပို့၊ အစုလိုက် အပြုံလိုက် သုတ်သင်သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား။ ဒီအဖြစ် အပျက်တွေဟာ ဘာမှမကြာသေးပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ပဲ ရှိပါသေးတယ်။ နောက်ဆုံးတော့ အမျိုးသားရေး အစွန်းရောက်မှုကြောင့် ဖက်ဆစ်တွေဖြစ်ခဲ့ကြတာ မမေ့သင့်ပါ။ တစ်ချက်တည်း စကားစပ်မိလို့ပြောရရင် ဟစ်တလာ အာဏာရလာတာဟာ အဲဒီအချိန် ဂျာမနီရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ ပီအာရ်မဲစနစ်ကြောင့်ပါ။ မြန်မာပြည်လို အခုမှ ဒီမိုကရေစီကို တစ်ကနေပြန်စနေရတဲ့ တိုင်းပြည်မှာ လူတိုင်းအတွက် နားလည်လွယ်တဲ့ ရွေးကောက်ပွဲစနစ်ကို ပစ်ပယ်ပြီး ဘာကြောင့် ပီအာရ်စနစ်ကို အသုံးပြုချင်ကြတာလဲ။ ပီအာရ်စနစ်ဟာ ဒီမိုကရေစီကျင့်စဉ် အသား ကျသွားတဲ့ နိုင်ငံများမှာသာ ကျင့်သုံးပါတယ်။

 ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းမယ့်ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂနဲ့  လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို မြင်တဲ့အတွက် မလုပ်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ တကယ်တမ်းကျတော့ ဘာကြောင့် မြန်မာပြည်မှာ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းသင့်တာလဲဆိုတာနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါကမှ တိတိကျကျဖြေရှင်း ပြောကြားနိုင်စွမ်းမရှိပါ။ အမျိုးဘာသာစောင့်ရှောက်ရေးဆိုတာနဲ့ပဲလုံးသုပ်ထားပါတယ်။ အခု လတ်တလောမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်အသင်းတော်များက ဘာသာကူးပြောင်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းမှာကို ကန့်ကွက်ထားပါတယ်။

ဘာသာရေးယုံကြည်မှု ကူး ပြောင်းတာဟာ သက်ဆိုင်ရာ လူ ပုဂ္ဂိုလ်တစ်ဦးရဲ့ လွတ်လပ်ခွင့်သာ ဖြစ်ပါတယ်။ ဘယ်အရာရှိ၊ ဘယ် အာဏာပိုင်က ထောက်ခံပေးမှ၊ အသိအမှတ်ပြုမှ ကူးပြောင်းခွင့် ရတာမဟုတ်ဘူးလို့ မြင်ပါတယ်။  အကယ်၍ မြန်မာပြည်မှာ အာ ဏာပိုင်အသိအမှတ်ပြုမှ၊ ထောက် ခံပေးမှဆိုတဲ့ အခြေအနေဖြစ်လာ ရင် အဲဒါကို အကြောင်းပြုပြီး လူ အာဏာပိုင်တွေနဲ့ သံဃာအာဏာ ပိုင်တွေအကြားမှာ လာဘ်ပေး လာဘ်ယူ မသမာမှုတွေကို မလွဲ မသွေမြင်ကြရတော့မှာပါ။

မြန်မာပြည်ဟာ နိုင်ငံရေး အာဏာအရ နောက်ပြန်မသွား နိုင်ပေမယ့် ဘာသာရေးယုံကြည် မှု ကူးပြောင်းခြင်း ဥပဒေကြောင့် စီးပွားရေး ထိခိုက်လာနိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး ကို လည်ပတ်နေအောင် ဆောင် ရွက်နေသူတွေဟာ နိုင်ငံသားတွေ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသားတွေ ထဲမှာ ဗုဒ္ဓဘာသာလည်းပါပါ တယ်။  မွတ်စလင်လည်း ပါပါ တယ်။ ခရစ်ယာန်လည်းပါပါ တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်သူ တွေ စီးပွားရေးအရ ချေမှုန်းခံရ မယ်ဆိုရင် သူတို့သက်သက်ကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ တိုင်း ပြည်ရဲ့ လည်ပတ်နေတဲ့ စီးပွား ရေး  ယန္တရားကြီးတစ်ခုလုံးကို ထိခိုက်တာနဲ့  အတူတူပဲဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေးထိ ခိုက်တာနဲ့ လူထုအတွင်းမှာ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လည်း နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်ပါတယ်။ အဲဒီလို ထိခိုက်လာတာဟာ တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက် နောက်ပြန်သွား တာနဲ့အတူတူပဲလို့ ပြောပါရစေ။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းတော့ နောက်ဆက်တွဲအနေ နဲ့ တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေ ဆီက ပိုင်ဆိုင်မှုတွေကို ပြည်သူ ပိုင်ဆိုပြီး သိမ်းပါတယ်။ နာမည် ကတော့လှပါတယ်။ ပြည်သူပိုင် တဲ့။ ဒါပေမဲ့ အဲဒီလို ပြည်သူပိုင် သိမ်းလိုက်တာဟာ တိုင်းပြည် တစ်ခုလုံးရဲ့ မှန်မှန်လည်ပတ်နေ တဲ့ စီးပွားရေးဖြစ်စဉ်ကို ဖျက်ချ လိုက်သလို ဖြစ်ခဲ့တဲ့အတွက် ရေ ရှည်မှာ တိုင်းပြည်ပဲမွဲသွားခဲ့တာ အဖတ်တင်ပါတယ်။ အဲဒီလို ပြည်သူပိုင်သိမ်းလိုက်တဲ့အထဲမှာ မွတ်စလင်ပိုင်တာရော၊ ခရစ် ယာန်ပိုင်တာရော၊ ဗုဒ္ဓဘာသာပိုင် တာရော အကုန်ပါပါတယ်။အခု လည်း ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းလိုတဲ့ နောက်ကွယ်မှာ အဲဒီလို သဘောထားမျိုးပါနေတာကို တစ်စွန်းတစ်စမြင်နေရပါတယ်။ သဘောချင်းတူနေတယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ တချို့ကတော့ ဒီလိုပြောပါတယ်။ ဘာသာဆိုင်ရာကူးပြောင်းမှုဥပဒေဟာ အနောက်တံခါးကျိုးပေါက်သွားခဲ့လို့ အဲဒါကို ပြန်လည်ကာကွယ်ဖို့ လိုတာလို့ဆိုပါတယ်။ အကြောင်းပြပါတယ်။ အဲဒီလိုဆိုရင် အရှေ့တံခါးကကော လုံလို့လား မေးစရာဖြစ်လာပါတယ်။ အရှေ့ တံခါးလုံ၊ မလုံကိုတော့ ရှမ်းပြည်သားတွေနဲ့ မန္တလေးသားတွေပိုသိပါတယ်။

နိုင်ငံရေးအရ ငါတို့သာ အမြဲနိုင်ရမယ်ဆိုတာကြောင့် ညစ်ပတ်တာမျိုးကသာ နောက် ကြောင်းပြန်တာကို ဖြစ်စေပါတယ်။ တိုင်းပြည်ကို ပိုနစ်နာစေပါတယ်။ အလားတူပါပဲ ဒီမိုကရေစီလို့ပြောနေပြီး လူတွေရဲ့ အခွင့်အရေးကို ကာကွယ်ရမယ့်အစား အခွင့်အရေးကိုချိုးဖောက်ဖို့အတွက် (သို့မဟုတ်)သွယ်ဝိုက်ပြီး ချိုးဖောက်ဖို့အတွက် ပြဋ္ဌာန်းမယ့် ဘယ်လိုဥပဒေမျိုးကိုမှ မထောက်ခံပါ။ လက်မခံပါ။ ကန့်ကွက်ပါတယ်။အမျိုးသားရေး၊ ဘာသာရေးအစွန်းရောက်မှုကို တွန်းအားပေးတဲ့ ဘယ်လိုဥပဒေမျိုးကိုမှ ပြဋ္ဌာန်းမှာကို မထောက်ခံပါ။ ဆန့်ကျင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုတွေသာလျှင် တိုင်းပြည်ကို ဆင်းရဲတွင်းထဲမှာဆက်နေစေပြီး နောက်ကြောင်းပြန်သွားစေမယ့် အခြေခံအကြောင်းတရားတွေ ဖြစ်ပါကြောင်း။

7day daily

၂၆ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ဖတ်ရှုပါ။



၂၅ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ



ကျွဲသေက ပေးသော သင်ခန်းစာ


 ဖိုးတေလှေကလေးကို အိမ်အပြန် ဖြစ်ပေမယ့် ရေဆန်ကို ခပ်မှန်မှန်လှော်သည်။ နေ၀င်တော့မည်၊ မကြာခင် မှောင်လာ တော့မယ့် အရိပ်အရောင်ကို ဖိုးတေကမှုဟန်မရှိ၊ လှော်တက်ကို မသယ်ချင်သလို လေးလေး တွဲတွဲပဲ ခတ်လာ၏။

ဈေးကအပြန် သူ့လှေစထွက်ကတည်းက ဖိုးတေ စိတ်ဓာတ်ကျ လာ၏။ ကိုင်းပေါ်ချိန် ဖိုးတေစိုက်ပျိုးပြုစုခဲ့ တဲ့ ခရမ်းခေါင်သီးတွေ တစ်လှေကြီးရောင်းခဲ့ရလို့မှ အငယ်ကလေး နို့မျက်လို့တိုက်ဖို့ နို့မှုန့်ဘူးဝယ်ဖို့ ပိုထွက်မလာဘူး။ မိုးမကျ ခင် တဲလည်း ဓနိမိုးရအုံးမယ်။

ဒီတစ်ခေါက်လည်း ဖောက်သည်ဒေါ်တူးမ ဈေး မကောင်းလို့ဆိုပြီး ဈေးလျော့လိုက်ပြန်ပြီ။ဖိုးတေ သူ့ကိုင်းထွက် ခရမ်းခေါင်သီးတွေကို ဖောက်သည်ဒေါ်တူးမဆီ အကြိမ် ပေါင်းများစွာ နှစ်စဉ်ရောင်းချရသည်။

ဒေါ်တူးမကတော့ ဖိုးတေတို့ရွာက ခရမ်း ခေါင်သီးစိုက်တဲ့ သူတွေရဲ့ ထွက်သမျှဝယ် လိုတာ၊ ဈေးကတော့ ဒေါ်တူးမပါးစပ်ထဲရှိတဲ့ ဈေးပဲ ဈေးကျလို့၊ဖောက်သည်တွေ မလားသေးလို့ အမျိုးမျိုးပြောပြီး အမြဲဈေး နှိမ်နေတယ်။ ဖိုးတေ ခရမ်းခေါင်သီးလှေ ဆိုက်တယ်ဆိုရင်ပဲ တခြားရောင်းချပြီး ပြန်လာတဲ့ ခရမ်းခေါင်သီးသည်တွေက “သူပေး သမျှ ရောင်းသာရောင်းကိုယ့်လူ မဟုတ် အပုတ်ခံရမှာမို့လား” တိုးတိုးသတိပေး တတ်တယ်။

လည်စင်းခံဖို့ သေဖော်ညှိသလိုပါပဲ။ ကျုပ်တို့ရောင်းတဲ့ ခရမ်းခေါင်သီး တွေကို ဖောက်သည်ပြန်ပေးတော့ ကျုပ်တို့ပေးတဲ့ဈေးထက် ထက်ဝက်ပိုပေးတာ။ပါး စပ်စိုက်ပြီး ဖောက်သည်တွေဆီက ငွေယူပြီးကျုပ်တို့ကို ပြန်ပေးတာ။ တစ်ခါတလေ ဈေးဦးမပေါက်သေးလို့ဆိုပြီး ဆွမ်းခံချိန်အထိစောင့်ရတယ်။

ဖိုးတေ ကိုင်းတစ်ရာသီ ခရမ်းစိုက်နိုင်ဖို့ ငွေတိုးယူရတယ်။ မြေနေရာချပေးတဲ့ အဖွဲ့ကို နေရာကောင်းရဖို့ ငွေပေးရတယ်။ ခရမ်းခေါင် သီးစိုက်ပြီးထဲက ဖိုးတေရော၊ ဖိုးတေ မိန်းမပါ ရေထမ်းလောင်းရတာ၊ ဖက်ဖက် မောနေတာပဲ။ အသီးကြီးဖို့ မြေသြဇာကျွေးရတယ်။

ဆေးဖြန်းရ၊ ပေါင်းသင်ရ နားရ တယ်မရှိဘူး။ ခရမ်းသီးပေါ်ပြန်တော့ လည်း ဖောက်သည်ဒေါ်တူးမဆီရောင်းတာ ဈေးကောင်းမရ။ ဖိုးတေတို့လို ကိုင်းစိုက် စားသူတွေကတော့ ဆင်းရဲတွင်းနက်နေဦး မှာပဲ။ တစ်လောကတော့ ရွာကို မြို့ကလူကြီးတွေ ရောက်လာတယ်။

ဆင်းရဲမှုပပျောက် ရေးလို့ ပြောတာပဲ။ ဖိုးတေတို့ ဘ၀တွေ ကတော့ သေမှပဲ ဆင်းရဲမှုပျောက်မယ်။ ငွေချေးလည်း အကြွေးနစ် သထက်နစ်မယ်။ ဖိုးတေတော့ မျှော်တာက နေစရာတွေ ဆောက်ပေးမယ်၊ ကလေးတွေ ပညာရေး၊ မိသားစု ကျန်းမာရေး တာဝန်ယူ ပံ့ပိုးပေးရင်ပဲ အဆင်ပြေလှပါပြီ။

ပါးစပ်လှုပ်ဖို့အတွက် လက် လှုပ်ရမှာပဲ။ဖိုးတေတို့ ကိုင်းတစ်ရာသီ ပင်ပန်း ခဲ့သမျှ ဖောက်သည်ဒေါ်တူးမကနာရီပိုင်း နှင့်ကျုပ်တို့နဲ့ တန်းတူရတယ်။

ဒေါ်တူးမ လည်ပင်းက ဆွဲကြိုးကြီးက တဖြည်းဖြည်း ကြီးလာတယ်။ ရွှေလက်ကောက်တွေက တတောင်ဆစ်ရောက်နေပြီ။ ဖိုးတေတို့ ကိုင်းစိုက်သမားတွေက ငွေးတိုးချေး ပြန်ဆပ် လိုက်၊ ပြန်ယူလိုက်နဲ့ လုံးချာလည်နေတာ ပဲ၊ ဒီကြားထဲ ဖိုးတေမိန်းမကလည်း တစ်ယောက်ပြီးတစ်ယောက်မွေးနေတော့ အခု အငယ်တစ်ကောင် နို့မျက်ချဲ့နေတယ်။ ခရမ်းစိုက်ပြီး ခရမ်းသီးရောင်းရတဲ့ ခရမ်းသီးသည်ရဲ့ မိန်းမဘ၀ကလည်း မဆန်းပါဘူး၊ ကလေးငယ်မို့လို့၊ ကိုယ်ဝန်ဆောင် မို့လို့ နားမနေရပါဘူး။

အိမ်မှုကိစ္စအပြင် နောက်နေ့ခရမ်းသီးရောင်းဖို့ ခရမ်းသီးခူးရ၊ကလေးတွေအတွက်ဝေယျာဝစ္စလုပ်ရ၊ တစ်ခါတလေဆန်အိုးထဲ လက်သီးဆုပ်မြုတ် အောင် ဆန်မရှိလို့ ချေးရ၊ ငှားရနဲ့ ဂျင်ဂျင်လည်နေပြီ။

ဖောက်သည်ဒေါ်တူးမလို ရွှေ ဆွဲကြိုး၊ ရွှေလက်ကောက်ဝတ်ချင်မှာပဲ၊ သူလည်း မိန်းမပဲလေ ၀တ်ချင်စားချင်မှာပေါ့။ကိုင်းတစ်ရာသီ မြတ်ရင် လက်စွပ်ကလေး၊ လက်ကောက်ကလေးလုပ်ပေးမယ်လို့ ဖိုး တေစိတ်ကူးခဲ့ပေမယ့် အိပ်မက်သာဖြစ်ခဲ့ တယ်။

မကျန်းမာလို့ ဆေးကုစရိတ်၊ ကလေးတွေ ကျောင်းစရိတ်၊ မိသားစု စားစရိတ်နဲ့ ချာချာလည်နေခဲ့ရတယ်။ ဒီတစ်ခါတော့ မြို့က သားဖွားဆရာမလာလို့ ဖိုးတေမိန်းမကို သားဆက်ခြားလုပ်ပေးမယ်လို့ သိရ တော့ ဖိုးတေ၀မ်းသာသွားမိတယ်။ သား သမီးဟာ ရတနာဆိုပေမယ့် ဖိုးတေတို့လို ဆင်းရဲသားအဖို့တော့ ရတာနာတာပါပဲ။

အေးလေ အကျိုးပေးမကောင်းခဲ့တာကို၊ အခုတော့ ဖိုးတေတို့ဘ၀ နှစ်ဆသုံးဆ တိုး စိုက်ရဦးမှာပေါ့။ဖိုးတေ ရေဆန်ကို လှေလှော်ရင်း ဘ၀ပုံရိပ်တွေ စဉ်းစားနေ၏။ နေ၀င်တော့မည် ဖြစ်၍ ငှက်များ အိပ်တန်းပြန်နေတာ မြင်ရမှမှောင်စပြုလာပြီ။ ဖိုးတေ လှေကလေးကို ကမ်းစပ်ကပ်လှော်ခတ်လာ၏။ တိတ်ဆိတ်နေတဲ့ နေ၀င်ရီတရော ဖိုးတေလှေကလေး လှော်ခတ်လာတုန်း မျက်နှာချင်း ဆိုင်က စက်လှေတစ်စင်း ခုတ်မောင်းလာသံကြားရ၍ ဖိုးတေရုတ်တရက် ကမ်းစပ်ကပ်လိုက်ပြီးသစ်ပင်ကြီးအောက်တိုးဝင်လိုက်ကာ လှော် တက်ဖြင့် လှေကို ထိန်းထားလိုက်၏။

စက်လှေက ဖြည်းဖြည်းမောင်းလာပြီး ဖိုးတေလှေနှင့် မနီးမဝေးတွင် စက်လှေပေါ်က လူသုံး ဦးက ကျွဲလိုလို၊ နွားလိုလိုတစ်ကောင်ကို ရေထဲပစ်ချလိုက်ပြီး စက်လှေကို ပြန်ကွေ့ ကာ အရှိန်ပြင်းပြင်းနဲ့ မောင်းသွားတော့ ချောင်းရေပြင်ဟာ လှိုင်းဂရက်တွေ ထပြီး ကျန်ခဲ့၏။ လှိုင်းဒဏ်ကို သက်သာအောင် ဖိုးတေလှေကို တက်မနှင့် ထိန်းထား၍ စက်လှေက တိုက်ခွဲသွားတဲ့ ဒိုက်တစ်ဖုတ်က သူ့လှေဦးကို လာတိုက်တော့ လှေ ကသောင်း ကနင်းဖြစ်သွားတော့ ဖိုးတေ မနည်းထိန်းယူလိုက်ရတယ်။

ဖိုးတေ အိမ်ကို ရောက်ချင် သော်လည်း စက်လှေပေါ်ကပစ်ချလိုက်တဲ့အသေကောင်ကို စိတ်ဝင်စားနေ၍ လှေကိုတဖြည်းဖြည်းကပ်သွားပြီး “ဟာ ကျွဲပေါက် အသေတစ်ကောင်ပါလား”” ဖိုးတေအသံ ထွက်လာ၏။ ခုနက စက်လှေက လူမသိ အောင် ပစ်ချသွားသလား မသိဘူး။

ကမူးရူးတိုးလှည့်ပြန်သွားတော့ လူသိမှာစိုးလို့ ထင်တယ် ဖိုးတေရင်တွင်းက စကားဖြစ်သည်။ စက်လှေသံလည်း ဝေးသွားပြီး၊ လူရိပ် လူရောင်မတွေ့ရ၊ ကမ်းစပ်ခြုံပုတ်ဘေးက ညငှက်တွေလန့်လန့်ထပျံကြသည်။ဒီလို အလန့်တကြား ပျံတဲ့အခါ ဂီဂစ်နဲ့လည်း အသံဆိုးကြီး တွေနဲ့အော်သေးတယ်။ ခေါင်းပေါ်နားဖြတ်ပြီး အတောင်တဖြတ်ဖြတ်ရိုက်သွားကြသေးတယ်။

ကမ်းစပ်မှာရှိတဲ့ ပုစဉ်းရင်ကွဲတို့၊ ပုရစ်တို့က မြည်ကြအော်ကြပါလေရော။ ပုစဉ်းရင်ကွဲအသံက ဖိုးတေအဖို့ စိတ်ဆင်းရဲစရာကောင်းလှ၏။ ဖိုးတေအခြေအနေကို စောင့်ကြည့် ရင်း ထူးခြားမှုမရှိတော့ ရေနှင့် မျှောပါသွားတဲ့ ကျွဲသေတစ်ကောင်နောက်မီအောင် အားစိုက်ပြီး သူ့လှေကလေးလှော်လိုက်၏။

ကျွဲသေပေါက်နားရောက်တော့ လှေကလေးကို လှော်တက်ဖြင့် ထိန်းကာ ကျွဲပေါက်ခြေ ထောက်ကို လှေပေါ်မှအသင့်ပါလာသော လှေထိန်းကြိုးဖြင့် ချည်လိုက်ပြီး ကမ်းစပ်အနီး ညောင်ခြေထောက်ပင်ကြီးဆီသို့ လှော်ခဲ့၏။

ကမ်းစပ်ရောက်တော့ လှေကို ညောင်ခြေထောက်ပင်ကြီး၏ အမြစ်တွေကြား ခေါင်းစိုက်ကပ်ထားလိုပြီး လှေပေါ်မှ ဆင်းလိုက်၏။

ကျွဲပေါက်ခြေထောက်နှစ်ချောင်းကို ဆွဲတင်ကာ ကမ်းပေါ်သို့ ဆွဲတင်လိုက်၏။ ဖိုးတေပင်ပန်းလွန်း၍ ကမ်းစပ်တွင် ထိုင်လိုက်၏။

ကျွဲသေပေါက်ကြည့်ရင်း မျှော်လင့်ချက်ရောင်ခြည်တွေ တစ်သီတစ်တန်း ကြီးဝင်လာ၏။“အင်းဒီကျွဲပေါက်ကလေးကို ဖျက်ပြီး အသားရောင်းလိုက်ရရင်တော့ ခရမ်း ခေါင်သီးရှုံးတာလည်း ကျေမယ်။ တဲလေး လည်း ဓနိမိုးနိုင်မယ်၊ အကြီးကောင် ကျောင်းထုတ်ပြီး ခရမ်းစိုက်ခင်းကိုရေလောင်းခိုင်းဖို့ စိတ်ကူးနေတာ အခုတော့ ဒီကောင်ကျောင်းဆက်တက်နိုင်ပြီ။ မိန်းမအတွက် ပါတိတ် ၀မ်းဆက်ဝယ်ပေးနိုင်အုံးမယ်။

အတွေးတွေနဲ့ ဖိုးတေပျော်နေ၏။ သေလုအောင် ပင်ပန်းခံပြီး ရှာထားရတာမို့ သုံးခါနီးတော့ နှမြောတွန့်ဆုတ်ဆုတ်နဲ့ သုံးရတာမျိုး မဟုတ်တော့ ဒီတစ်ခါတော့ ပထမဦးဆုံးအဖြစ် ပျော်ပျော်ရွှင်ရွှင် ရက်ရက်ရောရော သုံးရ တော့မယ်။ ဒီကျွဲပေါက်ကလေးရဖို့က ဖိုး တေပင်ပန်းကြီးစွာ မလုပ်ရ။ အိမ်အပြန် ရေဆန်ကို လှော်ပြန်ရတာပဲ ရှိတယ်။

ဒါလည်းဖိုးတေအဖို့ သမားရိုးကျအလုပ်ပါပဲ။ ချက်ချင်း သွက်လပ်စွာထလိုက်ပြီးလှေပေါ်တွင် အသင့်ဆောင်ထားသော ဓားချွန်ဖြင့် ကျွဲပေါက်ကလေးကို ဖျက်လိုက်တယ်။ ဒီပညာကိုတော့ သင်စရာမလို။ လူပျိုပေါက်ကတည်းက တတ်သည်။ ဖိုးတေတို့အိမ်နီးချင်း ကိုပေစိက ကျွဲခြံက ကျွဲမကြာခဏသေတော့ အမဲဖျက်ဖူးသည်။

လက်ခစား အသားရသည်။ ကျွဲပေါက်ကလေး၏ကျွဲသားရည်ကို ခွာလိုက်၏။ ဦးခေါင်းပိုင်းပချိတ်အောက်ရောင်နေတာတွေ့ရသည်။ အသားညိုမဲနေ၏။ စက်လှေသမားအဖွဲ့ကျွဲပေါက်ကို ဒီနေရာ ရိုက်သတ်တာဖြစ်မယ်။ ဒဏ်ရာက လည်ပင်းစပ်အထိ ရောင် နေတာပါလား။

ဧကန္တစောစောက စက်လှေကလူတွေကျွဲပေါက်ကလေး သူတို့စိုက်ထားတဲ့ ကိုင်းခင်းထဲ ၀င်စားလို့ ၀ိုင်းရိုက်လိုက်ကြတာတူ တယ်။ ပိုင်ရှင်သိမှာစိုးလို့ ကိစ္စပြတ် စက်လှေပေါ်တင်ပြီး ဝေးတဲ့နေရာ ချောင်းထဲလာမျှောတာနဲ့ တူတယ်။ အေးလေ ဘာပဲဖြစ်ဖြစ် ဖိုးတေအဖို့တော့ မုတ်ဆိတ်ပျားစွဲတာပဲ။

ဖိုးတေ အတွေးနှင့် ပျော်နေ၏။ ဦး ခေါင်းနှင့် ခြေဆစ်လက်ဆစ်တွေ ဖြတ်ပြီး ကျွဲပေါက်ကလေးအသားတွေကို လက်ဆမှန်းပြီး တစ်ပိဿာတွဲ သာသာထိုး နွယ်ကြိုးတွေနှင့် တွဲလိုက်၏။ ကျွဲသားတွဲ နှစ်ဆယ်တွဲလောက်ရသည်။

ခြေထောက်၊ ခေါင်း၊ ကလီစာတချို့နှင့် ကျွဲသားရည်ပါမကျန် ချောင်းရိုးအတိုင်း မျှောလိုက်၏။ ကျွဲသား တွေကို ခရမ်းသီးထည့်လာသော၊ ဆာလာ အိတ်နဲ့ထည့်လိုက်ပြီး လှေပေါ်တင်လိုက် သည်။ ဖိုးတွေတစ်ကိုယ်လုံး ချွေးတွေ၊ သွေးတွေ ပေကျံနေတာတွေကို ချောင်းရေနှင့် တ၀ကြီးချိုးလိုက်၏။

ဖိုးတေ သူ့လှေ ကလေးကို ကမ်းစပ်မှခွာကာ ချောင်းလယ် သို့ လှော်ခတ်ခဲ့၏။ လှေဝမ်းထဲက ကျွဲသားတွေကို တ၀ကြီးကြည့်ပြီးတစ်ခါမှ ထွက်မလာဘူးတဲ့ ခွန်အားတွေနဲ့ လှေကလေးကိုအိမ် အရောက်လှော်သွားခဲ့၏။

ဖိုးတေ မိန်းမနှင့်ကလေးတွေတောင် အိပ်ပျော်နေကြပြီ။ဖိုးတေလည်း ပင်ပန်းတာနှင့် ကွပ်ပျစ်ပေါ်တွင် တရေးအိပ်ခဲ့၏။ နံနက် ရွာဦးကျောင်းက တုံးခေါက်သံကြားတော့ အိပ်ရာထပြီး သူ့မိန်းမခူးထားသော ခရမ်းခေါင်သီးအိတ်တွေ လှေပေါ်ထမ်းတင်ပြီး ထွက်ခဲ့၏။

ဒီအဖြစ်သနစ်ကို ဖိုးတေမိန်းမ ဘာမျှမသိ။ ကျွဲသေသားကို လှေပေါ်တင်ပြီး ချောင်း ကမ်းတစ်လျှောက် ဟိုတစ်စုဒီတစ်စု တဲ တိုက်တွေကို ဘကြီးခြံက ကျွဲပေါက်ကလေးမြေကိုက်လို့သေတယ်ဆိုပြီး မုသားပြော ကာ ရောင်းချသွား၏။ ဈေးမှာဝယ်စားရင် ကျွဲသားတစ်ပိဿာ သုံးထောင်လောက်ပေးရတယ်။

အခုတစ်ပိဿာ နှစ်ထောင်နဲ့ရောင်းတာ ဈေးကလည်းချို၊ အသားကလည်း သာသာထိုးဆိုတော့ ငါတစ်တွဲ၊ သူတစ်တွဲ နှင့် ပြိုက်ကနဲ ကုန်သွား၏။ ဖိုးတေတော့ ငွေလေးသောင်းလောက် မျက်မျက်ကလေး ရလိုက်ပြီ။ဒီတစ်ခေါက် ဖိုးတေခရမ်းသီးတွေ ဖောက်သည်ဒေါ်တူးမဆီအရောက် လှော် ခတ်ပို့ခဲ့သည်။ ဈေးတောင်မမေး၊ ဒေါ်တူးမပေးသမျှ ဈေးနဲ့ ရောင့်ရဲတင်းတိမ်းမိခဲ့၏။

ပြီးတော့ သူ့ခြေထောက်တွေ ဈေးထဲကို အလိုလိုရောက်သွား၏။ တဲမိုးရန်အတွက် ဓနိ၊ မိုးရာသီတွင် အသုံးပြုရန် ပလပ်စတစ် ၊ကျောင်းသားတွေဖို့အ၀တ်အစား၊ နို့မျက် ချဲ့ကလေးအတွက် နို့မှုန့်ဘူးနှစ်ဘူး၊ မိန်းမ ဖို့ ပါတိတ်ဝမ်းဆက်နှင့် သူ့အတွက်တော့ ဈေးပေါတဲ့ ဂျာစီစွပ်ကျယ်၊ လုံချည်ကြမ်း တစ်ထည်နှင့် ဆန်၊ ဆီ၊ ဆား ၀ယ်လိုက်၏။

လှေဆိပ်ကနေအပြန် ဒီတစ်ခေါက် ရေဆန်မှာ လှေလှော်ရတာ မြန်တယ်ထင်နေတယ်။အပြန်လမ်းမှာဖြင့် မိန်းမနှင့် သူ့သားလေး တွေအတွက် ၀ယ်လာတဲ့ပစ္စည်းတွေ ပေး လိုက်ရင် ဘယ်လောက်တောင် ပျော်မှန်း မသိတွေး၍ ပီတိတွေ လျှံနေ၏။ ဒီတစ် ခေါက် ဖိုးတေ ခါတိုင်းထက်စော၍ ရောက်သွား၏။ ဖိုးတေတို့ မိသားစု မိုးမမြင်၊ လေမမြင် ပျော်နေကြ၏။

နောက်တစ်ပတ်ဆယ်ရက်လောက် ရှိတော့ ကမ်းစပ်က ဖိုးတေ ကျွဲသားရောင်း ချခဲ့တဲ့ တဲတချို့ ကျွဲနွားတွေ တစ်ကောင်စနှစ်ကောင်စ သေကုန်ကြ၏။ နောက်တဲတိုင်းမှာ ကျွဲလေးငါးကောင် ဆက်တိုက်သေသွား၏။ ကျေးရွာလူကြီးနှင့် ရွာမိရွာဖတွေ အလုပ်ရှုပ်ကုန်ကြပြီ။

သက်ဆိုင်ရာ သတင်းပို့တော့ တိရစ္ဆာန် ဆေးကုဆရာဝန်မောင်တင်ထွေးရောက်လာတော့ သေတဲ့ကျွဲတွေစစ်ဆေးကြည့်၊ အကျိုး အကြောင်း ဆက်စပ်မေးတော့ “ကျွဲနွားလည်ချောင်းကွဲရောဂါ”တဲ့ ကာကွယ်ဆေးမထိုးရင် ကျန်တဲ့ကျွဲနွားတွေ ဆက်ကူးမယ်တဲ့။

ရောဂါဇစ်မြစ် ဘယ်လိုဖြစ်သလဲ စုံ စမ်းလိုက်တော့ လွန်ခဲ့တဲ့ တစ်ပတ်ဆယ် ရက်လောက်က ပိုးထိလို့သေတဲ့ ကျွဲ ဖိုးတေရောင်းချကြောင်း သိလိုက်ရ၍ ရွာကလူကြီးတွေ ဖိုးတေကို စစ်ဆေးကြသည်။ ဖိုးတေမနေသာခရမ်းသီးရောင်းကအပြန် စက်လှေပေါ်က ပစ်ချတဲ့ ကျွဲ ဖျက်ရောင်းချကြောင်းသိရသည်။

အမှန်မှာ စည်းကမ်းမဲ့သော ကျေးရွာများမှ ရောဂါနှင့် သေတဲ့ကျွဲကို မြေမမြုပ်ချင်လို့ လူအလစ်မှာ စက်လှေနဲ့တင် ချောင်းထဲ မျှောချတာဖြစ်၏။ ရေစုန်တစ်လျှောက်ကျေးရွာတွေ ခံကြပေးအုံးတော့။ ရောဂါ အကြောင်း ဘာမှ ရေရေရာရာ မသိသော ဖိုးတေ အချောင်ရပြီးဆိုပြီး ကျွဲသေကို ဖျက်ပြီး ရောင်းချခြင်းဖြစ်ကြောင်း၊ ဖိုးတေ အတ္တ၊ ဖိုးတေ လောဘ၊ ဖိုးတေ၏ မိုက်မဲ မှုကြောင့် အခုတော့ ကျွဲလေးငါးခြောက် ကောင် ဆုံးရှုံးသွား၏။

ဖိုးတေ မိုးမမြင် လေမမြင် မပျော်နိုင်တော့။ အခုတော့ သူ အမှားကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျနေတော့၏။ကျေးရွာလူကြီးနှင့် တိုင်ပင်ကာ ကျွဲ နွားလည်ချောင်းကွဲရောဂါအကြောင်း ရွာ သားများ သိရှိရန် ဟောပြောဖို့ တာဝန်ရှိ လာ၏။ သို့အတွက်ကြောင့် ဆရာ မောင်တင်ထွေး ကျွဲနွား လည်ချောင်းကွဲရောဂါ အကြောင်းရှင်းပြ၏။

“လည်ချောင်းကွဲရောဂါဟာ ရောဂါ စဖြစ်ပြီး (၂-၈) ရက်ခန့်အကြာမှာ အဖျား ကြီးမယ်၊ အစာပျက်မယ်၊ နှာခေါင်းမှ နှာ ရည်ကျမယ်၊ လည်ပင်း၊ ပါးချိတ်၊ မေး အောက်ပိုင်းတွေ ရောင်နေတာတွေ့ရမယ်။ ဒီအချိန်မှာ အသက်ရှုကြပ်ပြီး အသံမြည်ပါမယ်။ မျက်လုံးရောင်ပြီး မျက်ရည်များ ကျနေပါမည်။ လမ်းလျှောက်ရာတွင် ခြေထောက်များ တောင့်၍ ယိုင်နေမည်။ ရောဂါစတင် ၀င်ရောက်ပြီး (၃-၈) ရက်မှာ သေဆုံးနိုင် ပါတယ်။

နွားထက် ကျွဲက ဒီရောဂါ ပိုဖြစ်နိုင်ပါတယ်၊ သေတဲ့ တိရစ္ဆာန်ကို တွင်းနက်နက်တူးပြီး မြေမြုပ်ပစ်ရမယ်။ ဒါမှကျန်တဲ့နွားတွေ ကူးစက်မှု ကင်းမယ်။မသိလို့ဘဲ ဖြစ်စေ၊ မြေကျင်းတူးရမှာစိုးလို့ ချောင်းထဲ မြစ်ထဲ မျှောလိုက်ရင်တော့ တောက်လျှောက်ကူးစက်မှာ ဖြစ်ပါတယ်” ရောဂါအကြောင်းဆရာမောင်တင်ထွေး ရှင်းပြလိုက်၍ ရွာသားတွေကတော့ “တောက် လုပ်ရက်လိုက်တာ ဖိုးတေရယ် မင့်ကလေး နို့မှုန့်လေးဝယ်ဖို့နဲ့ မင်းမိန်းမ ပါတိတ်ဝယ်ဖို့ ဒီလိုလုပ်ရသလား၊ ငါတို့ ကျွဲတွေ သေကုန်ပြီ” တောက်တခေါက်ခေါက် ဖြစ်နေကြ၍ “ဒီကောင်ကိုရောဂါဖြစ်တဲ့ ကျွဲဖျက်ရောင်းချမှုနဲ့ ရဲစခန်းတိုင်ရမယ်”ပြောတဲ့ သူကပြောနှင့် ဖိုးတေ မျက်နှာငယ်နှင့် “ကျုပ်တောင်းပန်ပါတယ်ဗျာ”လို့ပဲ အထပ်ထပ်ပြောနေ၏။

ထိုအခါ ရွာလူကြီးက “ကျုပ်တောင်းပန်ပါတယ်ဗျာ။ ဖိုးတေလည်း နားမလည်လို့ကူးစက်ရောဂါမှန်းမသိလို့ ကျွဲပေါက်ကလေးကို ဖျက်ရောင်းမိခဲ့ပြီ။ တစ်ရွာထဲနေတရေထဲသောက်တွေပဲ ထင်းခွေမကြုံရင် ရေခပ်ကြုံတာပဲ အမျိုးတွေလည်း မကင်းကြပါဘူး။ ရဲစခန်းတော့မတိုင်ကြပါနဲ့၊ နောင်မလုပ်ဖို့ ၀န်ခံကတိလုပ်ပြီး ရွာလယ်လမ်း ပြင်ဖို့နဲ့ ဘုန်းကြီးကျောင်းဝိုင်း အမှိုက်ရှင်း ဖို့ တာဝန်ပေး
လိုက်ပါ့မယ်” ဖိုးတေလည်း တရှုတ်ရှုတ်ငိုရင်း “ကျွန်တော်မှားသွားပါ တယ်ဗျာ၊ ရွာလူကြီးပေးတဲ့ တာဝန်လည်း တာဝန်ကျေအောင် လုပ်ဆောင်ပါမယ်”ဟု ကတိပေးလိုက်သည်။

“ဒါကြောင့် ပြောတာဗျာ့ မရှိတာထက် မသိတာခက်တယ်ဆိုတာ၊ အခုကျွဲ သေက ကိုဖိုးတေကို သင်ခန်းစာပေးလိုက်ပြီ၊ ကျန်တဲ့ကျေးရွာ သားတွေလည်း သိကုန်ကြပြီ၊ ကျွန်တော်ပြောချင်တာက နောင်များကျွဲနွားတွေ သေရင် သက်ဆိုင်ရာကို အကြောင်းကြားဗျာ။ မြစ်ထဲချောင်းထဲမပစ်ကြပါနဲ့၊ ကျင်းနက်နက်တူးပြီး မြေမြုပ်ပစ်ကြပါ။” ဆရာမောင်ထွေးပြောသွား၏။ ဖိုးတေအဖို့တော့ ဒီရွာတစ်ရွာလုံး ပြောစမတ် ကျန်ရစ်နေဦးတော့မှာပါလား။

- ထွန်းလှိုင်(မြိုင်)
The Farmer Media

အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှစ်စီးချိတ်မိရာမှ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


ကျောက်တံခါး ဇွန် ၂၇

 ဇွန် ၂၀ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်၊ ရန်ကုန် မန္တလေး ပုံမှန်လမ်း၊ မိုင်တိုင် ၁၁၉/၁ နှင့် ၂ ကြား ကျောက်တံခါး မြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သံချောင်းများ တင်ဆောင်လျက် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၂၂ ဘီး အနက်ရောင် ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားခဲ့စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် (စုံစမ်းဆဲ) စားအုန်းဆီပီပါများ တင်ဆောင်လာသည့် ၂၂ ဘီး အဖြူရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးမှဝင်ရောက် ချိတ်မိခဲ့၍ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယာဉ်မောင်းနှစ်ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မနရမှူး (ကျောက်တံခါး) ရဲမှူး၊ကျောက် တံခါးမြို့မရဲစခန်းမှ စခန်းမှူး၊ ဦးစီးတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ်ယာဉ်သုံးစီးနှင့် ရွာသူ၊ ရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

လူ၊ တိရစ္ဆာန်များထိခိုက် သေဆုံးမှုမရှိဘဲ မီးလောင်မှုကြောင့် အနက်ရောင်ယာဉ်မှာ ကိုယ်ထည်အင်ဂျင်နှင့် သံချောင်းများသာ ကျန်ရှိပြီး ယာဉ်၏ကျန် အစိတ်အပိုင်း အားလုံး မီးလောင်ဆုံးရှုံးခဲ့၍ ခန့်မှန်းကျပ်ငွေသိန်း ၁၅၀ ခန့်ရှိပြီး စားသုံးဆီပါများ တင်ဆောင်လာသော၂၂ ဘီး အဖြူရောင် ယာဉ်မှာ လည်းဘော်ဒီ၊ ဖရိန်နှင့် အင်ဂျင်သံထည်များသာ ကျန်ရှိပြီးယာဉ်ပေါ်ပါစား သုံးဆီများနှင့် ကျန်ယာဉ် အစိတ်အပိုင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ခန့်မှန်းငွေကျပ် သိန်း၂၅၀ ခန့်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးစလုံးအား အရေးယူ ပေးရန် ရဲအုပ်သန်းဝင်းအောင်မှ တရားလိုပြုတိုင်တန်းသဖြင့် ဇွန် ၂၁ ရက်နံနက် ၅ နာရီ ၁၅မိနစ်က ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၄ ပြစ်မှု ပုဒ်မ၂၈၅/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်ကာအမှုအား ရဲအုပ်သန်းဝင်းအောင်မှ စစ်ဆေး၍ တရားခံယာဉ်မောင်းနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar

ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှု မွန်းလွဲတစ်နာရီခွဲအထိ အမှုမဖွင့်ရသေး


ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့ ဆူးလေဘက်သွားမည့် ယာဉ်ကြောတွင် ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက်၊ နံနက် ၁၀နာရီခွဲခန့်က ဖြစ်ပွားစဉ် (ဓာတ်ပုံ- ရဲဟိန်း၊မဇ္ဈိမ)

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်း လွှတ်တော်ရုံးအရှေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ဆူးလေးဘက်သို့ သွားသည့်ယာဉ်ကြော၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက် နံနက် ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲ တစ်နာရီခွဲသည်အထိ အမှုဖွင့်နိုင်ခြင်း မရှိသေးဟု ဒဂုံမြို့မ ရဲစခန်းက တာဝန်ကျရဲတပ်သား တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ဆီက စခန်းမှူးနဲ့တာဝန်မှူး ဖြစ်တဲ့နေရာကို သွားပြီးစစ်ဆေးနေပါတယ်။ သူတို့ ပြန်မရောက်သေးတော့ အမှုမဖွင့်ရသေးပါဘူး။ ယာဉ်တိုက်မှုကြောင့် လူသေတာတော့မရှိပါ
ဘူး"ဟု ဒဂုံမြို့မရဲစခန်းက တာဝန်ကျရဲတပ်သားတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ လင်ခရူဆာဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်တစ်စီးသည် အရှိန်လွန်ကာ ရှင်စောပုမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသည့် ယာဉ်ရှစ်စီးကိုဆင့်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မီးပွိုင့်တွင်ရပ်ထားသည့်ကိုယ်ပိုင်ယာဉ်ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်ဆီသွားခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဒဂုံမြို့မရဲစခန်းက ယာဉ်မဆင်ခြင်မောင်းနှင်သူ လင်ခရူဆာ ဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်မောင်းကို စစ်ဆေးလျှက်ရှိသည်ဟု အထက်ပါရဲစခန်းကသိရသည်။

ဖြိုးဝေလင်း
Mizzima - News in Burmese

လက်ပံတောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ


 သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ ရဲတပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် လ/၁၉၄၉၁၃ ရဲတပ်သား ထွန်းတင် ဆိုသူဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးကင်းအမှတ် 8MCC နေရာရှိ ဘား တိုက်ရှေ့တွင်ထိုင်နေစဉ် အမျိုးသမီးတစ်ဦး၏ ဓားဖြင့်ထိုးမှုကို ခံရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရ သည်။

ယခုအမှုကို ဓားထိုးခံရသည့် ရဲတပ်သားထွန်းတင်၏ဇနီး ဒေါ်ချောပုက တရားလိုပြု တိုင်တန်းထားခြင်းဖြစ် ပြီး လတ်တလောတွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသလျက် ရှိသည်။ လက်ဝဲဘက် ရင်အုံနေရာ၌ တစ်လက်မခန့် ထိုးသွင်းဒဏ်ရာဖြစ်သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေ အနေမရှိဟု မှုခင်းဆေးဌာနမှ မှတ်တမ်းတွင် တွေ့ရသည်။

၎င်းဓားထိုးမှုဖြစ်စဉ်သည် ဇွန်လ ၂၄ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့သော်လည်း ယင်းမာ ပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းဖြစ်စဉ်အား တင်ပြမှုပျက်ကွက်/ နောက်ကျခဲ့သည်ဟုဆိုကာ သတင်းတင် ပြရန် တာဝန်ရှိသူများကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဖြေရှင်းချက်များ တောင်းခံထားသည်။

အဆိုပါအမှုကို ဆားလင်းကြီးမြို့မ ရဲစခန်းက(ပ) ၉၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၄ အရ အမှုဖွင့်ထားခဲ့ခြင်း ဖြစ် သည်။

ကိုတိုးကြီး
Mizzima - News in Burmese

ထိုင်းမှာ ယာယီနေထိုင် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးမယ်

 ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်း စစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင်ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ ဘက်က ကုန်ကျခံရ မှာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှူရေးနဲ့ လုပ်အားခ တရားမျှတမှု ရှိရေးတို့ အတွက် လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း ထိုင်း အစိုးရက ပြောပါတယ်။

အခု မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။

BBC Burmese

ကြပ်ကြပ် သတိထား


 ကျွန်မတို့ ကလေးဘဝက အမှားလုပ်မိတဲ့ အခါ ဒါမှ မဟုတ် ကြောက် ရကောင်းမှန်း မသိ အန္တရာယ်ရှိတဲ့ အလုပ်မျိုး လုပ်မိတဲ့အခါ လူကြီးတွေက ဒဏ်ပေးရင် ကြိမ်းမောင်း လေ့ရှိတဲ့စကား ‘ကြပ်ကြပ်သတိထား’တဲ့။ အခု ဒီအသက်အရွယ် ရောက်မှ အိမ်ထဲက အိမ်ပြင်ထွက်ခါနီး၊ ရန်ကုန်မြို့ထဲ သွားခါနီး ကိုယ့်ကိုယ်ကိုယ် သတိပေး မိနေတယ်။ သတိထား၊ ကြပ်ကြပ်သတိထားလို့။

မြန်မာဓလေ့ အခေါ်အဝေါ် တွေထဲမှာ  အထက်အရပ်ကို အညာ။ အောက်အရပ်ကိုအကြေ။ မန္တလေးမြို့ အနီးအနားမှာနေသူ တွေကို အညာသူအညာသားပေါ့။ မန္တလေးအောက် ရန်ကုန်ဒေသ သားတွေက အောက်သားပေါ့။ အဲဒီလိုဒေသကိုခွဲပြီးခေါ်ကြတယ်။‘ဒဂျဲ’ဆိုတဲ့ရွာငယ်လေးကိုတော့ စာဖတ်သူများ ကြားဖူးမယ်မထင် ပါ။ မျက်စိထဲမြင်သာအောင်ပြောရရင်တော့ မန္တလေးအထက် ပုဂံညောင်ဦးနယ်ကပါ။ ဘုရားမီး ပူဇော်တော့ ဖယောင်းတိုင်။ ညအခါ မိသားစုထမင်းလက်ဆုံစားတော့ အလင်းရောင်မှိန် ဖျော့ဖျော့ရေနံဆီမီးခွက်။ ကားလမ်း မပေါက်၊ တယ်လီဖုန်းတိုင်မရှိ၊ လျှပ်စစ်မီးမသိတဲ့အရပ်။ လျှပ်စစ်နဲ့သုံးရတဲ့ ပစ္စည်းဘာဆိုဘာမှမရှိ။

ဒါပေမဲ့ အဲဒီရွာကအညာသူ လေးတစ်ယောက်ကတော့ ဓာတ် လိုက်လို့ဆုံးရှာတယ်။ ရွာမှာတော့မဟုတ်။ ရန်ကုန်မြို့လူစည်ကား ရာလှည်းတန်းဈေးထဲမှာ။ သူ့ အသက်က (၂၃)နှစ်။ ဧည့်စာရင်း နဲ့နေရတာက ကွမ်းရွဲလမ်းအမှတ် (၂၃)။ သူ့ကိုသင်္ဂြိုဟ်လိုက်ရတာ ဇွန်လ ၂၃ ရက်။ မမေ့နဲ့နော်လို့ များမှတ်ရလွယ်အောင် အမှတ် အသားလုပ်ခဲ့လေရော့သလား။ တာဝန်ရှိသူတွေရဲ့ပေါ့လျော့မှု၊ ပြည်သူလူထုရဲ့အချိန်မရွေးကျ ရောက်နိုင်တဲ့ ကြမ္မာဆိုးမို့ မမေ့နဲ့ ဆိုပြီး သတိပေးသွားလေသလား မသိ။

ခေတ်ဆိုး၊ စနစ်ဆိုးအောက် မှာ အညာသူ၊ အညာသားများ တမာတောကိုစွန့်ခွာခဲ့ကြရတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီ။ ဆင်းရဲလို့ ကျောင်းမသွားနိုင်။ ကျောင်းမနေတော့ပညာမတတ်။ ပညာမတက်တော့ဆင်းရဲ။ မုန့်လုံးစက္ကူကပ်။ နိုင်ငံတစ်ဝန်းသစ် တောတွေပြုန်းတီးတော့ ရာသီ ဥတုကမမှန်။ လယ်ယာကိုင်း ကျွန်းတွေက အရင်လိုစားဝတ်နေ ရေးကိုဖြေရှင်းမပေးနိုင်။ အဲဒီ တော့ ဘယ်အလုပ်က ထမင်းနပ် မှန်မလဲ၊ ထမင်းဝမယ့်အလုပ်ပြောင်း လုပ်ကြရတာရွာရှိလူကုန်။

အလုပ်မလုပ်နိုင်တဲ့ အိုကြီး အိုမတွေနဲ့ ကလေးဘုစုခရုတွေပဲ ချန်ထားခဲ့။ လုပ်နိုင်သူ ကျား၊ မ မှန်သမျှ ရန်ကုန်ဆင်း။ အိမ်တစ် အိမ်ကို ဆန့်သလောက်နေ၊ အိမ် လခမျှခံ။ ကျောတစ်နေရာစာရ ရင်နေပျော်ပြီ။ ယောက်ျားတွေ ဆိုက်ကားနင်း၊ မိန်းမတွေဈေး ရောင်း။

  ရှာနိုင်သမျှရှာဖွေ။တတ် နိုင်သမျှ အနေအစားချွေတာပြီးစု။ပိုသမျှရွာကိုပြန်ပို့။ အဲဒီလို အညာ သူ၊အညာသားတွေ ဂုဏ်တုဂုဏ် ပြိုင်မရှိ၊ အပျော်အပါးမသိ ရိုးသား စွာ တစ်ဝမ်းတစ်ခါးအတွက် မနား  မနေအလုပ်လုပ်တဲ့သူတွေ။

ဖြစ်မှဖြစ်ရလေ။ ရိုးသားတဲ့ ပြည်သူတစ်ယောက်တော့ ရေ တိမ်နစ်ရှာပြီ။ တာဝန်ရှိသူလူတစ် စုရဲ့ပေါ့လျော့မှုကြောင့် အညာသူ မလေးသေရရှာတယ်။ သမီးဖြစ် သူရဲ့သတင်းဆိုးကိုကြားကြားချင်းငိုကြီးချက်မနဲ့ ရောက်ချလာတဲ့ မှီခိုသူမိဘများ။ ဒီမိဘကြီးများ နေပူစပ်ခါးမှာမဝရေစာနေ့တွက် ကလေးနဲ့ ပဲနုတ်၊ နှမ်းနုတ်အလုပ် တွေလုပ်နေရတာ မကြည့်ရက် တော့လို့ ‘ကျုပ်ရန်ကုန်ဆင်းပြီး ဈေးရောင်းကျွေးမယ်’ဆိုတဲ့သမီး။ ရန်ကုန်ရောက်တာတစ်နှစ်ပဲရှိ သေးသတဲ့။ သမီးအလိမ္မာကြီး အခုတော့ ကိုယ်ကျိုးနည်းပါပေါ့လား။ သေချင်တဲ့ကျားမို့ တော ပြောင်းတာလားသမီးရယ်တဲ့။

ရိုးသားတဲ့မိသားစု။  မိဘတွေခမျာ ယူကျုံးမရဖြစ်ပြီး ငိုယိုပူဆွေးနေတဲ့မြင်ကွင်းဟာ ဘေးကကြည့် နေသူတွေတောင် မျက်ရည်မဆ ည်နိုင်ဖြစ်ကြရတယ်။ ဟုတ်တယ် လေ။ ဒီလိုဖြစ်မယ်မှန်းသိရင် ရန်ကုန်ကိုဘယ်လွှတ်ပါ့မလဲ။ ထမင်းကြမ်းယပ်ခတ်စားရစေဦး တော့ မိသားစုမရှိအတူ၊ ရှိအတူ ရွာမှာ ဥမကွဲသိုက်မပျက်နေမှာ ပေါ့။ အခုတော့ ရင်ကျိုးရပြီ။

တကယ်ဆိုရင် အခုပြတ်ကျ တဲ့ဓာတ်ကြိုးဟာ အခုမှပြတ်ကျ တာမဟုတ်ဘူးတဲ့။ အရင်တစ် ကြိမ်တုန်းက ကျဖူးသေးသတဲ့။ အဲဒီတုန်းကတော့ အခုလိုလူ မသေဘဲ အိမ်ရှင်တွေဓာတ်လိုက် ခံရသတဲ့။ လျှပ်စစ်ရုံးကလူတွေ ချက်ချင်းရောက်လာပြီး ဆေးဖိုး ဝါးခလေးမစို့မပို့ပေးပြီး ကျေနပ် အောင်နှုတ်ပိတ်ခဲ့ကြဖူးတယ်။ တကယ်ဆိုရင် အဲဒီအချိန်ကတည်းက စနစ်တကျစစ်ဆေးသွယ်တန်း ပေးခဲ့မယ်ဆိုရင် အခုလိုဝမ်းနည်း စရာကိစ္စတွေဘယ်ဖြစ်တာ့မလဲ။ အခုတော့ မိုးရွာချိန်ကြီးပြတ်ကျ လိုက်တာ ဈေးရောင်းနေတဲ့ အညာသူလေးအပြင် နောက်တစ် ဦးပါပွဲချင်းပြီး နှစ်ဦးသေပါလေ ရော။ အရေးပေါ်ကိုရောက်သွား တာနှစ်ယောက်။

အခုတစ်လော ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ အဲဒီ လိုဓာတ်တိုင်တွေမကြာခဏရှော့ခ်ဖြစ်ပြီး မီးပွင့်တာမြင်ဖူးတယ်။ ပြတ်ကျတာလည်းတွေ့ဖူးတယ်။ ရှင်းပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဝန်ထမ်းတွေအလုပ်ကိုသေချာမလုပ်ဘူးဆိုတဲ့သက် သေပေါ့။ အရင်တုန်းက လူဦးရေ နည်းစဉ် သုံးတဲ့ကြိုးရဲ့ခံနိုင်အား။ အခု မိသားစုတွေများ မီးသုံးစွဲမှု ပမာဏများလာတဲ့အခါသုံးရမယ့်ကြိုးရဲ့ခံနိုင်အား ခြားနားချက်ကို သိရမယ်။ လဲသင့်ရင်လဲပေးရမယ်။ဌာနအနေနဲ့လဲပေးဖို့ ဘတ်ဂျက် အခက်အခဲရှိရင် သုံးစွဲသူပြည်သူ ကို သေချာနားလည်အောင်ရှင်း ပြ။ ပြည်သူပါပူးပေါင်းပါဝင်ကျခံ ချင်အောင် အန္တရာယ်ရှိပုံကို ရှင်း ပြနိုင်ရမယ်။ ဘယ်သူ့မှာတာဝန် အရှိဆုံးလဲ။

အန္တရာယ်ရှိမှန်းသိလို့ သက် ဆိုင်ရာဌာနက ရှင်းပြထားပါလျက်နဲ့ ပြည်သူကခေါင်းမာစွာငြင်းနေရင်တော့ထား။ အခုလိုအပြစ်မဲ့ပြည်သူတွေ အသက်ဆုံး ရှုံးရတာ အစိုးရလည်း ဘယ် ကောင်းတော့မလဲ။ သားသမီး မကောင်း မိဘခေါင်း။ တပည့် မကောင်း ဆရာ့ခေါင်းလို့ဆိုရိုး စကားရှိတာကိုး။ ဒီလိုပြည်သူ့ဝန် ဆောင်တဲ့ ဌာနတွေရဲ့ပေါ့လျော့ မှုဟာ အစိုးရရဲ့ပေါ့လျော့မှုပါပဲ။

အဲဒီလိုပြည်သူတွေနေ့စဉ်နဲ့ အမျှ အန္တရာယ်ကြားထဲနေထိုင် သွားလာနေရတာကိုတော့ အန္တ ရာယ် ကင်းအောင်လုပ်မပေး တတ်ဘူး။ ပြည်သူကိုပါဝါပြဖို့ကျ တော့ တော်ချက်။ ဘက်စုံထူးချွန် အဆင့်။ ကိုယ့်အိမ်မှာလာတပ် ထားတဲ့မီတာကို ထိန်းသိမ်းစောင့် ရှောက်ခ သူတို့ကယူတယ်။ ဘာ ဆိုင်လဲ။ မီတာဘောက်ပျက်စီးဖို့ ဝေးလို့ ပိတ်ထားတဲ့ချိပ်ကိုခွာ ကြည့်မိရင်တောင် ထောင်ချဦး မှာ။ မီတာခတိုးကောက်တာကျ တော့ ပြည်သူက အတွန့်တက်လို့ မရ။ မီတာဆောင်တဲ့ရက်ချိန်းများ တစ်ရက်မကျော်နဲ့ မီးဖြတ်မယ်ဆို တာက တစ်မျိုး။ ဒဏ်ရိုက်တာက တစ်မျိုး။

လမ်းဘေးဓာတ်တိုင် ကားနဲ့ ဝင်တိုက်ကြည့်ပါလား။ လူအများ နားလည်အောင်ဘယ်တုန်းကမှ မကြေညာဖူးတဲ့ ပုဒ်မတွေနဲ့အမှု ဖွင့်၊ ဒဏ်တွေရိုက်၊ စရိတ်စကတွေ နင့်နေအောင်တောင်းပြီး တိုက်မိသူ သေချင်စော်နံသွား အောင် အရစ်ရှည်ပြလိမ့်မယ်။ အခုဓာတ်ကြိုးပြတ်ကျလို့ လူတွေ သေတော့ နာရေးစရိတ်ကလေး ပေးပြီးနှစ်သိမ့်တယ်။ လူကြီးမင်း များတရားမျှတကြပါရဲ့လား။ နာရေးစရိတ်လောက်ကတော့ ကိုကျော်သူတို့အသင်းကို အကြောင်းကြားရင်လည်း စရိတ်ငြိမ်းကူညီမှာပါပဲ။

  အခု အညာသူလေးတို့ အဖြစ်ကိုကြည့်ပြီး မိုးရွာရင် ဓာတ် တိုင်အောက်လမ်းလျှောက်ရမှာ ကျောချမ်းလာတယ်။ မိုးရွာရင် ပလက်ဖောင်းပေါ်တက်လျှောက် ရမှာလည်းလန့်လာတယ်။ စာ ဖတ်သူစဉ်းစားကြည့်လေ ကျွန်မ တို့ခေါင်းပေါ်မှာ အချိန်မရွေးပြတ် ကျနိုင်တဲ့ ဓာတ်ကြိုးတွေအထွေး လိုက်။

  ကျွန်မတို့ ခြေထောက်မှာ အချိန်မရွေးကျွံကျနိုင်တဲ့ မရဏ အပေါက်တွေက အဆင်သင့်။ သတိတစ်ချက်လစ်တာနဲ့ ပွဲချင်း ပြီးသွားမယ့်ကိစ္စသတိထားရ မယ်။ ရန်ကုန်လူထုကြီးသတိရှိ ကြပါ။ တာဝန်ကိုကျေပွန်စွာထမ်း ဆောင်နိုင်သူများမရောက်သေး သရွေ့တော့ ကျွန်မတို့မိုးရွာထဲ အပြင်ထွက်တော့မယ်ဆို ကိုယ့် ကိုယ်ကိုယ်သတိပေးပါ။ ကြပ်ကြပ်သတိထားလို့။။

By ဂျေလှသင်
7DAY DAILY

ဆမ်ဆောင်းအရောင်းမြှင့်ရန် 2NE1 ဖျော်ဖြေမည်


By ဇွဲဉာဏ် ဆွေမွန်

-တောင်ကိုရီးယားနိုင်ငံ ၏ ထုတ်ကုန်တစ်ခုဖြစ်သော ဆမ် ဆောင်းက ၎င်းတို့၏ ကုန်ပစ္စည်း များကို အရောင်းမြှင့်တင်ရန် နာ မည်ကျော်ကေပေါ့ပ်အဖွဲ့ 2NE1 ဖျော်ဖြေပွဲကို ရန်ကုန်တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

‘‘ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ကို ဇူလိုင်လဆန်းမှာ ထုတ်ပြန် ပေးမှာပါ။ သေချာတာကတော့ သြဂုတ် ၂ ရက်မှာ 2NE1 က မြန် မာနိုင်ငံမှာလာပြီး ဖျော်ဖြေပေးမှာ ပါ’’ ဟု ဆမ်ဆောင်း (မြန်မာ) ကုမ္ပဏီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဖျော်ဖြေပွဲကို ဘိုဘိုအင်တာတိန်းမင့်မှ ပူးပေါင်းစီစဉ်တင်ဆက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်အချို့ပါဝင်မည်ဖြစ်ကာ အသေးစိတ်အစီအစဉ်များကိုမူ မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း ဘိုဘိုအင်တာတိန်းမင့်မှ ကိုဘိုဆန်းကပြောသည်။

2NE1 အဖွဲ့၏ ဖျော်ဖြေပွဲ ကို သြဂုတ် ၂ ရက်တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆမ်ဆောင်းကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ လာရောက်ကြည့်ရှုနိုင်ရန် ဆမ်ဆောင်း မြန်မာက အရောင်းမြှင့်တင်မှု အစီအစဉ်များကို နေရာအနှံ့ ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလက ကမ္ဘာ ကျော်အဖွဲ့များ မပါဝင်သော် လည်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ပြုလုပ်ခဲ့သည့် ကေပေါ့ပ် ဖျော်ဖြေပွဲမှာ အောင်မြင်မှုရရှိခဲ့သည်။

7 Day Daily

တပ်ကသိမ်းထားတဲ့ ဖရူးဆိုး လယ်မြေ ဧက ၂၀၀ နီးပါးကို အာဏာပိုင်တွေ ယာယီပြန်ပေး


 ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်ကသိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပပြီး ဒေသခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်တွေ ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပြန်ရခဲ့တဲ့ မာခရော်ရှေ့ကျေးရွာက တောင်သူ ဦးသဲရယ်က ဒီလိုပြန်ပေးတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ယာယီချပေးတဲ့ ဒီပုံစံ ၃ အပေါ်မှာတော့ လုံးဝလုပ်ပိုင်ခွင့်အဆင့် နောက်ဆုံးအဆင့်အထိ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်၊ ယာယီလောက်ပဲပေးတယ်ဆိုတော့ နားလည်တဲ့လူတစ်ယောက်အနေနဲ့တော့ မလုံလောက်သေးဘူးလို့ ကျနော်မြင်တာပေါ့နော်၊ အပြီးအပိုင်ပြည်သူလူထုလက်ထဲ ပေးတယ်ဆိုတာ ဒီနေ့ဒီအချိန်မှာပဲ ပေးခိုင်းစေချင်တာ"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ဆိုပြီး မာခရော်ရှေ့၊ လောဂျာ၊ ဒေါလောခူ၊ လောခူ့ခူ စတဲ့ ကျေးရွာ ၅ ရွာက စားကျက်မြေ၊ သစ်တောမြေနဲ့ လယ်ယာမြေဧက ၃ထောင်ကျော်ကို စစ်တပ်က သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းခဲ့တဲ့လယ်တွေထဲက လယ်မြေတချို့ကို တောင်သူတွေထံ ယာယီလုပ်ပိုင်ခွင့်ပြန်ပေးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီကနေ့ လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ဖရူဆိုမြို့နယ် လယ်ယာမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese

စုန်း တကယ်ရှိ မရှိ


ရေးသားသူ။ ။မောင်မြေသစ်(၀ါးခယ်မ)

(၁)
မြန်မာမှုတွင် ‘စုန်း ဟူသောအမည်ကို အားလုံးသိပြီးဖြစ်နေကြ၏၊မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ၊အလယ် ပိုင်း မြေလတ်ဒေသ၊အထက်ပိုင်အညာမြေနှင့် တောင်တန်းဒေသများ အထိ ‘စုန်း’ ‘စုန်းပညာ’ ‘စုန်းမ’စသည့်အမည်နာမများကို လူကြီးသူမတို့ပြောပြမှုများကြောင့် ကလေး အရွယ်ကပင်နားယဉ်နေပေပြီ။ နားယဉ်ရုံမျှမက အချို့လည်း ကိုယ်တွေ့ကြုံခဲ့ရသူများရှိ၏။’စုန်း’ ဟု ဆိုသည်နှင့် ပြုစားသည်ဟုမှတ်ချက်ပြုပြီးဖြစ်သည်။ ပြုစားသည်ဆိုရာတွင် အကောင်းမရှိ အဆိုသာ ရှိ၏။စုန်းပြုစားခြင်းခံရသူသည် ငိုခြင်း၊ရယ်ခြင်း၊ကြောက်လန့်ခြင်း စသည်များခံစားရသည့်ပြင် လူမမာ တယောက်ကဲ့သို့ပင် အမြဲတမ်းငြိုးငယ်နေတတ်၏။

စုန်းပြုစားပုံကလည်း နေရာဒေသအလျှောက် လူမျိုးများ၏ ဓလေ့စရိုက်များအပေါ်မူတည်ကာ တနေရာနှင့်တနေရာကွဲပြားလျှက်ရှိ၏။ သည့်အပြင်မုန်းလို့ပြုစားသည်၊ချစ်လို့ပြုစားသည်လည်း ဆိုကြ ပြန်သည်။

ယခုစာရေးသူဖော်ပြမည့်အကြောင်းအရာမှာ စာရေးသူ၏ဖခင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဖခင်ပြောပြခဲ့သဖြင့် မှတ်မိနေသောအကြောင်းအရာကို ပြန်လည်ရေးသားဖော်ပြ ခြင်းသာဖြစ်ပါသည်။ယခုစာပါအကြောင်းအရာထဲတွင်ဖော်ပြထားသော နံမည်များမှာ မူလအမည်များ မဟုတ်ပဲ စာရေးသူ၏စိတ်ကူးနှင့်ပေးထားသောအမည်များဖြစ်ပါသည်။ အကြောင်းအရာကသာအမှန် ဖြစ်ပါ၏။အဘယ်ကြောင့်ဟူမူ စုန်း ပြုစားခြင်းခံရသူများ၏ အဆက်အနွယ်မိသားစုများအား တစုံတရာ ထိခိုက်မည်စိုးသောကြောင့်ပင်ဖြစ်ပါ၏။

(၂)
သူဌေးကုန်းရေကျော်ရွာကလေးသည် မြစ်ဝကျွန်းပေါ်ဒေသ ၀ါးခယ်မမြို့နယ်အပိုင် ဧရာဝတီ မြစ်လက်တက်မြစ်ကြီးတစင်း၏ မြစ်ကမ်းနဘေးတွင်တည်ရှိသောရွာတရွာဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင် များနေထိုင်ရာဖြစ်ပါ၏။ သည်နေရာတွင် မြစ်ဝကျွန်းပေါ်သားတို့ တဦးနှင့်တဦး တရွာနှင့်တရွာ နောက် ပြောင်ကစားကြသောစကားရှိပါသည်။ `ဟေ့ကောင် ငါတို့က မြစ်ကြီးဘိုးသားကွ၊ မင်းတို့က ချောင်း တွင်းမြောင်းတွင်းသားတွေ´ဟုပင်ဖြစ်ပါသည်။ မြစ်ကြီးဘိုးဆိုသည်မှာ ယခု သူဌေးကုန်းရေကျော်ရွာ ကဲ့သို့ မြစ်ပြင်ကျယ်ကြီး၏ကမ်းနဖူးပေါ်တွင်တည်ရှိခြင်းဖြစ်ပြီး။ချောင်းတွင်းမြောင်းတွင်းဆိုသည်မှာ မြစ်လက်တက် ချောင်းငယ်၏ဘေးကမ်းနဖူးပေါ်တွင်တည်ရှိသောရွာပင်ဖြစ်ပါသည်။ ကြွားရခြင်း၏ အကြောင်းရင်းမှာ မြစ်ကြီးဘိုးရှိရွာများတွင် ဧရာဝတီသင်္ဘောကြီးများဆိုက်ကပ်ကြပြီး ရန်ကုန်အစရှိ သောမြို့ကြီးများသို့သွားလာ ကုန်ရောင်းဝယ်ပြုနိုင်ကြသော်လည်း။ချောင်းတွင်းရွာကလေးများတွင်မူ သင်္ဘောကြီးများမ၀င်ရောက်နိုင်ပဲ လှေငယ်ဖြစ်မြစ်ကြီးဘိုးသို့ထွက်ကာ မြစ်ကြီးဘိုးရှိ၇ွာမှတဆင့်သာ သင်္ဘောစီးနိုင်ကြသည်ကို အနိုင်ယူနောက်ပြောင်ကြခြင်းဖြစ်ပေ၏။

သူဌေးကုန်းရေကျော်ရွာကလေး၏သက်တမ်းကို ခန့်မှန်းရန်ခက်သောအနေအထားပင်ဖြစ်ပါ ၏။အကြမ်းဖျဉ်းအားဖြင့် သာယာဝတီမင်းလက်ထက်တွင် သာယာဝတီမင်းစီးသော လှေတော်၏ ပဲ့နင်း ကြီးမှာ ရွှေလောင်းသား ဦးပျံ့ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီလက်ထက် မြို့ပြတခုတည်ထောင်ရန် အင်္ဂလိပ်အာဏာပိုင်တို့ကစီမံရာတွင် ရွှေလောင်းရွာကြီးကို မြို့အဖြစ်ထူထောင်ရန် စီမံဖို့ဆုံးဖြတ်ကြ၏။ ဦးပျံ့ကြီးနှင့်ရွာသားအားလုံးက အင်္ဂလိပ်နယ်ချဲ့စီမံမှုကို သဘောမတူပဲကန့်ကွက်ကြပြီး အခြားနေရာ တနေရာကိုရှာပေးမည်ဟုတင်ပြသည်ကို အာဏာပိုင်တို့ကလက်ခံသဖြင့် ကျယ်ပျံ့သောမြေပြင်ရှိရာ ၀ါးတော်ကြီးတခုကို ရှာဖွေပေးကြသဖြင့် ထိုနေရာကို မြို့အဖြစ်စီမံကာ ၀ါးခယ်မ ဟုအမည်ပေးခဲ့ကြ၏။ ထို့ကြောင့်ဝါးခယ်မမြို့သည် အင်္ဂလိပ်ခေတ်ဦးတွင်တည်ထောင်ခဲ့သည်ဟု မှတ်သားမိ၏။ ၀ါးခယ်မမြို ၏ပထမသူကြီးကို မသိပါ။ပထမသူကြီး၏သားများဖြစ်ကြသော ဦးအရာကြီး၊သူ့ညီ ဦးလူကလေးတို့ စဉ်ဆက်အုပ်ချုပ်ခဲ့။ ဦးလူကလေးသည် သူဌေးကုန်း ရေကျော်ရွာသူကြီးဦးမောင်သင်၏သမီး ဒေါ်ညွန့် နှင့်အိမ် ထောင်ပြုခဲ့သည်။ ဦးအရာကြီးနှင့် ဦးလူကလေး မိသားစုသည် ၀ါးခယ်မမြို့စာရေးကုန်း လမ်း တွင် နေထိုင်ခဲ့ပြီး ယခုတိုင် ဦးအရာကြီး၊ဦးလူလေးမျိုးဆက်နှင့် ဦးမောင်သင် မျိုးဆက်များ နေထိုင် လျှက်ရှိသည်။ (မင်္ဂလာဦးအောင်မောင်းဇာတ်သဘင်ကို ဦးအရာကြီး၏ဖခင် ကူထောင်ပေး ခဲ့ခြင်း ဖြစ်ပါသည်)။

မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏၀မ်းစာတိုက်ကြီးအဖြစ်လည်းကောင်း စပါးကျည် အဖြစ်လည်းကောင်းတင်စားခေါ်ဝေါ်ကြသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်းစပါးကောင်း စပါး သန့်များအများဆုံးထွက်ရာဖြစ်သောကြောင့်ပင်ဖြစ်ပါ။ထိုမျှမက ရေချို၊ရေငံထွက်ကုန်များလည်း အလွန်ပင်ပေများလှပါ၏။အနောက်ရိုးမတောင်တန်းကြီးက မြန်မာနိုင်ငံ။တံတိုင်းကြီးသဖွယ်တည်ရှိ နေပြီး သစ်တောများကလည်း အဖိုးတန်သဘာဝသယံဇာတပေါများရာလည်းဖြစ်ပေသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာလူမျိုးများအပြင် ကရင်လူမျိုးများ ကုလားလူမျိုးများသည် ရှင်ဘုရင်ခေတ်ကပင် ရွာချင်းဆက်အတူနေထိုင်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီခေတ်တွင် ပိုမိုများပြားလာသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေချနေထိုင်ကြသော လူမျိုးအသီးသီးတို့သည် ဘိုးဘွား စဉ်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေထူထောင်သောလုပ်ငန်းများ အပြင်သားငါးရှာဖွေသောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းမှုပြုကြ။၏။အဓိကလုပ်ငန်းမှာမူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်သည်။ ဓားမဦးချအလုပ်ဟုခေါ်ဆိုကြ၏။

သူဌေးကုန်းရေကျော်ရွာဟုခေါ်ဆိုခြင်းမှာလည်း အကြောင်းရှိပါ၏။ ဂျပန်ခေတ်မှသည် ဖဆပလ ခေတ်အထိ သက်တမ်းကြာရှည်အုပ်ချုပ်ခဲ့သော သူကြီးဦးမောင်သင်သည် ရေကျော်ရွာကို အုပ်ချုပ်ထူထောင်ခဲ့သူဖြစ်သည်။ဦးမောင်သင်။ ဘိုးစဉ်ဘောင်ဆက် မျိုးရိုးမှာ မန္တလေးမှပင်ဖြစ်ပါ၏။ ဦးမောင်သင်၏ဖခင်လက်ထက်ကပင်လျှင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်များကို ကိုယ်ပိုင်နှစ်ထပ် သင်္ဘောကြီးများဖြင့် လာရောက်ဝယ်ယူကာ မြန်မာပြည်အနှံ့အပြားသာမက အိန္ဒိယနိုင်ငံသို့ပါတင်ပို့ ပြီးအပြန်တွင် အမွှေးအကြိုင်များ၊ဘယဆေးများ၊ အထည်အလိပ်များကိုပြန်လည်တင်ဆောင်ကာ ပြည်တွင်းတွင်ရောင်းချ၏။ အပြန်တွင်အထက်ပါပစ္စည်းများအပြင် မြတ်စွာဘုရားရုပ်ပွားဆင်းတုတော် များပါ ပူဇော်ယူဆောင်လာပြီး မိမိ၏သားသမီးများ ဆွေမျိုးများကိုပေးကာ ကိုးကွယ်စေ၏။

ထို့ကြောင့်ပင် သူကြီးဦးမောင်သင်။အဆက်အနွယ်ဖြစ်သော မြေးမြစ်များထံတွင် အစဉ်အ ဆက်ကိုးကွယ်ခဲ့သော ရှေးဟောင်းဆင်းတုတော်များ ယခုတိုင်ရှိနေရုံမျှမက သူဌေးကုန်းရေကျော်ရွာ တွင် သူကြီးဦးမောင်သင်ပင့်ဆောင်ခဲ့သော Óဏ်တော် ၆ ပေမှအထက်ရှိ သစ်သားရုပ်ပွားတော်၊ကြေး ဆင်းတုတော်နှင့် ကျောက်ဆင်းတုတော်ကြီးများကို ယခုတိုင်ပင် သူဌေးကုန်းရေကျော်ရွာ ဘုန်းတော် ကြီးကျောင်းမှ သိမ်တော်ကြီးအတွင်းတွင်ဖူးမျှော်နိုင်ကြပါသည်။(၁၉၇၀ ခုနှစ်တွင် ရန်ကုန်မှလူအချို့ ရေကျော်ရွာသို့ရောက်လာပြီး သစ်သားရုပ်ပွားတော်တဆူကို သူတို့ကပြင်ပေးမည်။ကျန် ရုပ်ပွားတော် များကိုလည်း ရောင်တော်ဖွင့်ပေးမည်။ သစ်သားရုပ်ပွားတော်တဆူကို သူတို့ကိုပေးပါ ဟုပြောသဖြင့် ဦးမောင်သင်၏မြေးဖြစ်သူ ဒေါ်ပုကြိုင်က သူ၏မောင်တော်သူ ရန်ကုန်ရှိ ဦးအေးသိန်းထံအကြောင်း ကြားရာ ဦးအေးသိန်းက ရုပ်ပွားတော်တွေကို ဘာမှမုလုပ်နှင့် သူတို့ကိုလည်းမပေးပါနှင့်ဟုပြောသဖြင့် ထိုလူများပြန်သွားကြ၏။)

စုန်းအကြောင်းပြန်ဆက်ကြပါဦးစို့ –

ဦးလှမောင်သည် သူကြီးဦးမောင်သင်ပြီးနောက် သူဌေးကုန်းရေကျော်ရွာ၏ သူကြီးပင်ဖြစ်ပါ သည်။ဦးလှမောင်လက်ထက်တွင်ပင် ခေတ်ပြောင်းကာ ပြည်သူ့ကောင်စီခေတ်ရောက်လာသဖြင့် ရွာတွင်သူကြီးခေတ်မဟုတ်ပဲ ကျေးရွာကောင်စီဥက္ကဌကခေတ်ပင်ဖြစ်ပါသည်။ ဦးလှမောင်အနေဖြင့် ကျေးရွာတရားသူကြီးအဖြစ်ဆောင်ရွက်၏။သူသည်လယ်ယာလုပ်ငန်းကို ဦးစီးစီမံသည့်အပြင် ယခင် ကလုပ်လက်စလုပ်ငန်းဖြစ်သော သင်္ဘောဖြင့်လှည့်လည်ရောင်းဝယ်သောလုပ်ငန်းကိုလည်းဆောင် ရွက်နေပေရာ ဦးလှမောင်တို့အဖွဲ့က ၀ါးခယ်မမြို့နယ်အတွင်းသို့ပြန်လည်ရောက်ရှိချိန်တွင် သရက် တောရွာရှိ ဦးမြစိန်တို့နေအိမ်တွင် ၀င်ရောက်တည်းခိုလေ့ရှိ၏။ ဦးမြစိန်ကလည်း လယ်ယာလုပ်ငန်း အပြင် သားသမီးများက ကုန်စုံဆိုင်များဖွင့်လှစ်ထား၏။ ဦးမြစိန်မိသားစုကလည်း ဦးလှမောင်တို့အဖွဲ့ အပေါ်အလွန်ဖော်ရွေပြီး ဧည့်ပျူ ငှာရှိကြပေသည်။ဦးလှမောင်နှင့် ဆွေရင်းမျိုးချာများကဲ့သို့ဖြစ်နေပေပြီ ဦးလှမောင်ကလည်း ဦးမြစိန်မှာသောကုန်များအပေါ် အမြတ်မယူပဲ ဈေးရင်းအတိုင်းပင်ပြန်လည်ကာ ရောင်းချပေး၏။ အဘယ်ကြောင့်ဆိုသော ဦးလှမောင်တို့အဖွဲ့က ဦးမြစိန်တို့အိမ်တွင် အကြိမ်ကြိမ်ပင် တည်းခိုကာ စားသောက်ကြရသဖြင့် ကျေးဇူးကိုသိတတ်စွာ ဆပ်ရာရောက်သောကြောင့်ပါပင်။

ဦးမြစိန်ထံတွင် သားသမီးများစွာရှိသည့်အနက် သူ့အိမ်နှင့်သူဖြစ်နေကြပေရာ ဦးမြစိန်နှင့်အတူ နေသူ သမီးတယောက်ရှိ၏ အမည်မှာ မခင်ဆင့်ဖြစ်ပြီး ချောလှယုံမျှမက ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်ပါ၏။ ဦးလှမောင်တို့အဖွဲ့အပေါ် ကျွေးမွေးဧည့်ခံရာတွင် တာဝန်ကျေလွန်းသဖြင့် ဦးလှမောင်တို့က ပင်အားနာနေရပေသည်။

သို့ဖြင့် ရင်းနှီးပွင့်လင်းသောဆက်ဆံရေးကြောင့် သွေးသားတော်စပ်သူများသဖွယ် ခင်မင်တွယ် တာနေကြပေသည်။ မခင်မြင့်သည် စုန်းပြုစားခြင်းခံထားရသူတယောက်ဖြစ်သဖြင့် ကောင်းနေချိန်တွင် ဦးလှမောင်တို့အဖွဲ့ နေထိုင်စားသောက်ရေးအတွက် သွက်သွက်လက်လက်ဖြင့် လိုသည်မရှိအောင် ဆောင်ရွက်ပေးနိုင်သော်လည်း စုန်း ၀င်ပူးသောအချိန်တွင်မူ ငိုလိုက် ရယ်လိုက် ကြောက်ပါပြီ ဟုအော် လိုက်ဖြစ်နေတတ်၏။တခါတရံစုန်းမဆိုသူက´ငါ့ကိုဘာမှတ်လို့လဲ သတ်ပစ်မယ်´ စသည်ဖြင့်ကြိမ်း မောင်းတတ်ပြန်၏။ထိုသို့ စုန်းဝင်ပြီးထွက်သွားပြီးနောက်တွင် မခင်ဆင့်မှာ ရက်အနည်းငယ်အထိ လူမ မာတယောက်ကဲ့သို့ အိပ်ယာထဲတွင် လဲနေကာ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံစားနေရ တတ်၏။ဦးလှမောင်က ထိုအဖြစ်အပျက်ကို သုံးကြိမ်ထက်မနည်း ကြုံတွေ့ရသဖြင့် စိတ်မကောင်းဖြစ် ရ၏။ မခင်ဆင့်၏ စုန်းပြုစားခံနေရသည်ကို အထက်လမ်းဆရာဆိုသူတယောက်က ကုစားနေသည်ကို ဦးလှမောင် မြင်တွေ့နေရသော်လည်း မခင်ဆင့်ရောဂါက သက်သာထူးခြားခြင်းမရှိသည်ကိုလည်း ဦး လှမောင်ကိုယ်တိုင်မြင်နေရ၏။

တနေ့တွင် ဦးမြစိန်တို့အိမ်သို့ ဦးလှမောင်တို့ရောက်နေခိုက် မခင်ဆင့် စုန်းပူးချိန်နှင့်ကြုံနေ၏။ ထုံးစံအတိုင်းပင် မခင်ဆင့်က ကြောက်ပါပြီဟု အော်ကာ ငိုနေ၏။မခင်ဆင့်၏လက်နှစ်ဖက်ကလည်း ကြိုးနှင့်တုတ်ချည်ခြင်းခံထားရသလို ပူးကပ်နေကာ ခန္တာကိုယ် လဲကျမယောင်ဖြစ်လိုက် တယောက် ယောက်က ဆံပင်ဆွဲပြီးထူလိုက်သလိုဖြစ်ပြီး ပြန်လည်မတ်လိုက်နှင့် မသက်မသာခံစာနေရ၏။ ဦးလှမောင်သည် ထိုအဖြစ်ကိုကြည့်ကာ အတော်ပင်စိတ်ထိခိုက်မိ၏။မခင်ဆင့် မည်သို့မည်မျှ ခံစားနေရမည်ကို ကိုယ်ချင်းစာမိ၏။ ဦးလှမောင်က ထိုစုန်းမဆိုသူကို ပြောလိုက်၏။´ ကျွန်တော် တောင်းပန်ပါတယ် ဒီအိမ်ဟာကျွန်တော်တို့တည်းခိုရာ စားသောက်ရာ ကျေးဇူးရှင်အိမ်ဖြစ်ပါတယ်။ မခင်ဆင့်ကလည်း ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တယောက်ဖြစ်ပါတယ်။ မခင်ဆင့်ကိုယ်စားလည်း ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်။မခင်ဆင့်မှာအပြစ်ရှိရင် ခွင့်လွှတ်ပါ ခင်ဗျား’ ။
ဦးလှမောင်စကားဆုံးသည်နှင့် မခင်ဆင့်နှုတ်မှ စကားသံထွက်လာသည်။’ကောင်းပြီ ငါ့ မောင်တောင်းပန်လို့ အမပြန်ရုတ်သိမ်းလိုက်ပါ့မယ်’။ ထိုအခါ အနီးတွင်ရှိနေသော အထက်လမ်း ဆရာက သူလက်မှဆေးကြိမ်လုံးကိုမြှောက်ကာ ‘ဟဲ့ စုန်းမ၊ ငါဆရာအမိန့်ပေးတာကိုတော့ နင်က မနာခံဘူး ဧည့်သည်စကားကိုတော့ နားထောင်တယ် ငါ့ကိုမလေးစားဘူးလား’ ဟုပြောလိုက်ရာ စုန်းမဆိုသူက ‘ ဟဲ့ ဆရာ နင်ကဆရာလုပ်ပြီး သီလလည်းမရှိဘူး ဒီဧည့်သည်မောင်လေးက ကုန် သည်ဖြစ်ပေမယ့် သီလလုံခြုံတယ် ဒါကြောင့်သီလရှိတဲ့သူတဲ့စကားကို လေးစားနားထောင်တာ’ ဆရာဆိုသူငြိမ်သွား၏။

ဦးလှမောင်က ‘ကျေးဇူးတင်ပါတယ်ဗျာ ခုလိုကူညီတာကို သာဓုလည်းခေါ်ပါတယ်’ဟုပြော လိုက်ရာ စုန်းမဆိုသူက ‘ ငါ့မောင် မမတို့စုန်းပညာဆိုတာ သားစဉ်မြေးဆက်ခံယူ ကြတယ်။ မမ နံမည်က မမြခင် ပါငါ့မောင်အကြောင်းရှိတဲ့အခါ မမနံမည်ကို တ ပြီးခေါ်လိုက်ပါ။ မမရောက်အောင် လာခဲ့ပါ့မယ်’ စကားဆုံးသည်နှင့် မခင်ဆင့်လည်း ပကတိလူကောင်းတယောက်လို ရွှင်ရွှင်လန်းလန်း ဖြင့်စကားပြောတော့သည်။

(၃)

ဦးလှမောင်တို့အနေဖြင့် အထက်အညာဆီခရီးဆက်နေရသဖြင့် ဦးမြစိန်တို့ထံမရောက်သည်မှာ နှစ်လခန့်ရှိပေပြီ။ယခုမူ အညာကပြန်လာပြီးနောက် ဆန်များဝယ်ယူရန် မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ မြို့မှတဆင့် ၀ါးခယ်မရှိ အမျိုးဖြစ်သူအိမ်သို့ရောက်နေ၏။ ညစာစားပြီးနားနေချိန်တွင် ဦးလှမောင်၏ တပည့်ဖြစ်သူ ကိုလှကျော်က အစ်ကို ဟိုစုန်းမဆိုတာ တကယ်မှန်လားမမှန်လား ခေါ်ကြည့်ပါလားဗျ ဟုပြောသဖြင့် ဦးလှမောင်က ခဏစဉ်းစားပြီ အေးဟုတ်တယ်ကွ ငါလည်းမေ့နေတယ်ဟုဆိုလက်၏။ အခြားသူများကပါ ပြောသဖြင့် ဦးလှမောင်က ‘မမြခင် ခင်ဗျား ကျွန်တော့်အနေနဲ့တွေ့ချင်ပါသဖြင့် လာရောက်ရန် ဖိတ်ကြားပါတယ်’ဟုဆိုလိုက်၏။

မကြာမီပင် ဦးလှမောင်တို့တည်းခိုရာ အိမ်ရှင် ဦးဘ၀မ်း၏သမီးဖြစ်သူမစောမေ သည် ဦးလှမောင် တို့နှင့်စကားပြောရာမှ မျက်နှာအမူအယာပြောင်းကာ ကိုယ်က အနည်းငယ်တုန် လာပြီးနောက် ‘ ကဲ ငါ့မောင် မမ ရောက်ပြီ ဘာအကြောင်းရှိလို့လဲ’ ဟုပြောလိုက်ရာ ဦးလှမောင်တို့ အံ့အားသင့်နေကြပြီး နောက်မှ ‘ကျနော့်ညီတွေက ဟုတ်မဟုတ် စမ်းတဲ့အနေနဲ့ခေါ်ခိုင်းလိုက်တာပါ ကျနော်ယုံကြည်ပါပြီ’ ဟုပြောလိုက်၏။ ထိုအခါ စုန်းမဖြစ်သူက ‘ ငါ့မောင်မယုံမရှိပါနဲ့ စုန်းဆိုတာ တကယ်ရှိပါတယ်။ မဟုတ်ပဲ စုန်းယောင်ဆောင်နေသူလည်းရှိတယ်။အစစ်နဲ့တော့ကွာပါတယ်။ မမတို့က သီလလည်းစောင့်ပါတယ် သီလရှိသူတွေကိုလည်း လေးစားပါတယ်’ ဟုပြောလိုက်၏။ ဦးလှမောင်က ‘မမကို ကျွန်တော်လေးစား ယုံကြည်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ’ ဟုပြောလိုက်ရာ ‘ဒါဖြင့်မမ သွားမယ်’ဟုဆိုလျှက်ထွက်သွား တော့၏။

World Myanmar(world-myanmar.com)

မဟာသန္တိသုခ အမှုရုံးချိန်း (ရုပ်/သံ)


 မဟာသန္တိသုခ ကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထားတဲ့ အမှုဟာ သာသနာတော် တခုလုံးနဲ့ သက်ဆိုင်နေတဲ့ အတွက် အမှုမှန် ပေါ်ပေါက်တဲ့ အထိ ဘက်မလိုက်ဘဲ သေသေ ချာချာ စစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲ ခံထားရတဲ့ ဆရာတော် ဦးဥတ္တရက မိန့်ကြား လိုက်ပါ တယ်။

ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးအမှုကို စစ်ဆေးအပြီးမှာ ဆရာတော်က သတင်းထောက်တွေကို အခုလို မိန့်ကြားခဲ့တာပါ။ အမှုရုံးချိန်းကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း... ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိခဲ့ရင် ပြည်သူလူထုနဲ့ သံဃာထုရဲ့တုန့်ပြန်မှုကို မလွဲမသွေ ရင်ဆိုင် ရလိမ့်မယ်လို့ ပြောပါတယ်။ ပီနန်ဆရာတော် အရှင်ပညာဝံသ တည်ထောင်ထားတဲ့ မဟာသန္တိသုခ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ပြီးခဲ့တဲ့ဇွန်လ ၁ဝ ရက်နေ့ ညဘက် မှာ သာသနာရေး၊ ပြည်ထဲရေးနဲ့ မဟာသံဃနာယကအဖွဲ့ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ သာသနာရေးဦးစီးဌာနက တရားလိုတွေကို စစ်ဆေးခဲ့ပြီး၊ လာမယ့် ဇူလိုင်လ ၄ ရက်နေ့ကို နောက်တကြိမ် ချိန်းဆိုလိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။


RFA Burmese

စစ်တွေတွင်ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီနှစ်ဦးကို ဒိုင်ယာစီပင် ထိုးဆေးများနှင့်အတူ ဖမ်းမိ


စစ်တွေမြို့ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းအနီးရှိ သဲချောင်းထဲသို့  စက်လှေတစ်
စီး ခိုးဝင်လာ၍  လိုက်လံဖမ်းဆီးရာခြောက်ဦး လွတ်မြောက်သွားပြီး နှစ်ဦးကိုဒိုင်ယာစီပင်
 ထိုးဆေးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဇွန်လ ၂၆ ရက် ညကိုးနာရီ ခန့်က စစ်တွေမြို့တွင် မိုးသည်း ထန်စွာရွာသွန်းနေပြီး သဲချောင်း အတွင်း လူရှစ်ဦးတင်လာသည့် စက်လှေခိုးဝင်လာခဲ့သောကြောင့် လုံခြုံရေးစောင့်နေသည့် အမှတ် (၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ် တွေမြို့မရဲစခန်းမှ ဒုတိယရဲမှူး သန်းလှိုင်က ပြောသည်။

‘‘သဲချောင်းကနေ အမှောင် ထုကိုအသုံးချပြီး  ဖြတ်ဝင်လာ တာ။ အဲဒီအချိန်က မိုးကမှောင် နေတာ။ ရပ်ခိုင်းတာကိုမရပ်ဘဲ မလွတ်မှန်းသိတော့ ရွှံ့တောထဲ လှေထိုးပြီး ထွက်ပြေးကြတာ။ ခြောက်ဦးထွက်ပြေးသွားတယ်။ နှစ်ဦးကိုတော့ ဖမ်းပြီးနယ်ရဲဘက် ကို လွှဲပေးထားတယ်’’ဟု စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် လုံခြုံရေးတာဝန်ယူထားသည့် အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်လှေမှာ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဘင်္ဂါလီ တစ်ဦးပိုင်သည့် စက်လှေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့သွားပြီးအပြန်တွင် ဒိုင်ယာစီပင်ထိုးဆေးများနှင့် လူအချို့ကိုခိုး၍ သယ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးက သုံးသပ်သည်။ ဒိုင်ယာစီပင်ထိုး ဆေးလုံး ၁,၉၀၀ ခန့်၊အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

သဲချောင်းသည် ဘင်္ဂလား ပင်လယ်နှင့် ဆက်စပ်နေသည့် ချောင်းဖြစ်ပြီး ဘင်္ဂါလီများနေ သည့် ဒုက္ခသည်စခန်းနှင့် ကျေး ရွာထိပ်တွင်ရှိသော ပင်လယ်ပြင် သို့ ယင်းချောင်းမှတစ်ဆင့် အဝင် အထွက်ပြုလုပ်ကြခြင်းဖြစ်သည်။

7Day News Daily

သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဟု မြန်မာသစ်တော ဒုဝန်ကြီးဝန်ခံ


 မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က နယ်စပ်ဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ ချမှတ်ထားနိုင်တာ ရှိ၊ မရှိ မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"တရားမဝင် သစ်ခိုးထုတ်မှုပေါ်မှာ သစ်တောဦးစီးဌာနက တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပူပေါင်းပြီး ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ စစ်ကြောင်းများအပြင်နဲ့ နယ်မြေရှင်းလင်းခြင်းများကို ဆောင်းရွက်ပေးလျက်ရှိပါတယ်၊ သို့သော်လည်း နယ်မြေလုံခြုံရေးအရ လမ်းပမ်းဆက်သွယ်ရေး ခတ်ခဲပြီး အုပ်ချုပ်မှုအာဏာ ဥပဒေသက်ရောက်မှုနည်းတဲ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင်သစ်များ စီးဆင်းပြီးတော့မှ ဒီတရားမဝင်သစ်များအပေါ် ကာကွယ်တားဆီဖို့ကိုလည်း ကျနော်တို့ အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်"

ဒါ့အပြင် တည်ဆဲသစ်တောဥပဒေကိုလည်း ခေတ်စနစ်နဲ့ကိုက်ညီပြီး ထိရောက်မှုရှိစေမယ့် ပြစ်ဒဏ်တွေ တိုးမြှင့်ချမှတ်နိုင်အောင် ပြင်ဆင်ရေးဆွဲနေတယ်လို့ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ Global Forest Resources Assessment 2010 က ထုတ်ပြန် တဲ့ ဒေသအလိုက် နိုင်ငံတွေရဲ့ သစ်တောဖုံးလွှမ်းမှု စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ သစ်တော ဖုံးလွှမ်းမှု ဧရိယာဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ၅ဂ ရာခိုင်နှုန်းနီးပါးလောက်ရှိရာကနေ ၂၀၁၀ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ သစ်တောပြုန်းတီးနေတယ်လို့ သိရပါတယ်။

RFA Burmese

ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထား


၎ လ နိုင်ငံတကာပွဲ ၉ ပွဲ ၊ ကလပ်ပွဲက ပရီးမီးယားလိဂ် ၉ ပွဲ ၊ ချန်ပီယံလိဂ် ၃ ပွဲ ၊ လိဂ်ဖလား ၁ ပွဲ အားလုံးပေါင်း ၁၃ ပွဲ ပယ်ခံရတယ်။ ဆွာရက်စ် သူမှားလို့ သူပြစ်ဒဏ် ခံရတာမပြောလို။ လေ့ကျင့်ခန်း ကော ၊ ကစားကွင်း အတွင်းပါ မ၀င်ရဆိုတာတော့ နည်းနည်းများသွားပြီ။

ဒီနေရာမှာ အင်္ဂလိပ်မီဒီယာတွေ သတင်းအပြိုင်အဆိုင်တင်တာချင်းအတူတူတောင် ဝေဖန်ထောက်ပြတာထက် ရှုတ်ချတဲ့ သတင်းတွေကပိုများသလို ဖေ့ဘုတ်တခွင် နိုင်ငံတကာမှာလည်း ဒီဖြစ်ရပ်တစ်ခုတည်းကိုသာ ဇောင်းပေးပြီးအသားပေးဖော်ပြတယ်။ ဘီဘီစီ က Pat Navan နဲ့  အဲဗာတွန်နည်းပြ Martinez တို့ က ဆွာရက်စ် ဟာ စိတ်ပိုင်းဆိုင်ရာအကူအညီလိုနေတဲ့သူဖြစ်ကြောင်းထောက်ပြတာကလွဲလို့  ကျန်တဲ့သူအတော်များများ အခွင့်အရေးရတုန်းဆွမ်းကြီးလောင်းဆိုသလို ၂ နှစ်ပယ် တွေဘာတွေဆိုကြတယ်။

ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထားတယ်။ ဒါမျိုးကို သေချာမကုရင် ဆက်ဖြစ်နိုင်တာကြောင့် သူ့ အတွက် ဘေးမှာတစ်ယောက်ရှိဖို့ လိုအပ်တာကြောင့် လစ်ဗာပူးအသင်းက တတ်နိုင်သမျှ ကုပေးခဲ့တာ ၁ နှစ်ကျော်ဘာမှမဖြစ်ခဲ့ဘူး။ ဒီနေ၇ာမှာ မြန်မာပြည်က ကော ၊ နိုင်ငံခြားမီဒီယာအတော်များများကကော သတင်းရေးတွေတဲ့သူကလည်း လူပိန်းကြိုက် ပြီးပြီးရော သတင်းတွေတင်တာဟာလည်း ပိုဆိုးလာတယ်။ ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာလုပ်ရပ်ဟုတ်ပေမယ့် သူ့ ဘ၀နောက်ကြောင်းကိုလည်း ဖော်ပြဖို့ လိုတယ်။ ဘာကြောင့် ဒီလိုဖြစ်လာလည်းဆိုတဲ့အကြောင်းရင်းကိုလည်းအားလုံးသိအောင်ဖော်ပြဖို့ လိုတယ်။ ရေးတဲ့မီဒီယာအချို့ က ရေးပေမယ့် ဆိုရှယ်မီဒီယာတွေအကုန်လုံးက ဖွလို့ ကောင်းတဲ့အကြောင်းပဲတင်ကြတယ်။

ဆွာရက်စ် ဟာ ငယ်ငယ်ကတည်း ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့အပြင် ငယ်ရွယ်စဉ်ကတည်းက လူကြီးတွေရဲ့ အနိုင်ကျင့်တာ နှိပ်စက်တာခံခဲ့ရလို့ စိတ်ရောဂါ အနေနဲ့ နောက်ဆုံးသည်းမခံနိုင်တော့ရင် ပြန်ပြန်ကိုက်တတ်တဲ့အကျင့်ရှိတယ်။ အဲ့ဒီစိတ်ရောဂါ ဟာ အခုချိန်မပျောက်သေးဘူး။ သေချာမကုရင် နောက်လည်း ထပ်ကိုက်အုံးမှာပဲ။

ဆွာရက်စ် ဘောလုံးကစားတဲ့စတိုင်ဟာ နေမား မက်ဆီ တို့ ရော်နယ်ဒိုတို့ လိုပဲ လိမ်ခေါက်ပြီးတိုက်စစ်ဆင်တာကြောင့် အမြဲအချခံရလေ့ရှိတယ်။ ဒိုင်တွေရဲ့ ကာကွယ်မှုအပြည့်မရရင် အဲ့ဒီပွဲမှာလူးလိမ့်နေအောင်ခံရတယ်။ Pat Navin က ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ မှားပေမယ့် ဒိုင်လူကြီးဟာ အီတလီနောက်ခံလူတွေ ဥပဒေ ပြင်ပကနေ ဆွာရက်စ် ကို ပွဲစဉ်တပွဲလုံး လူချကစားခဲ့တာ ထိထိရောက်ရောက်ပြစ်ဒဏ်ပေးခဲ့ရင် ဒီပြသနာဟာဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြတယ်။

ဒီနေရာမှာ လူချခံရတာများရင် အေးပါတယ်ဆိုတဲ့ မက်ဆီ တို့ တောင် မခံနိုင်လို့ တံတွေး နဲ့ ပြန်ထွေးတဲ့ဗီဒီယိုသက်သေတွေရှိတယ်။ ရော်နယ်ဒို တဖက်အသင်းကို ခြေထောက်နဲ့ လိုက်နင်းတဲ့ဗီဒီယိုတွေလည်းသက်သေရှိတယ်။ ဒါပေမယ့် မီဒီယာတွေ မထောက်ပြတာက ဆွာရက်စ် လူချလို့ အနီကတ် ထိဖူးတယ်ဆိုတာ သူ့ ကစားသမားဘ၀မှာမရှိတာပဲ။

ကန်တိုနာ ကွန်ဖူးကစ် နဲ့ ပရိသတ်ကိုကန်တယ်။ သူ့ ပရိသတ်တွေမသိချင်ယောင်ဆောင်ပြီး ဆက်ထောက်ခံခဲ့တာပဲ။ မနှစ်က ဟာဇက် ဘောကောက် ကလေးကို ခြေထောက်နဲ့ ကန်တယ်။ ဘာမှမဖြစ်သလိုပဲပြီးသွားတယ်။ နာမည်ကြီး ကတ်ပတိန် တစ်ယောက်လူ ချလို့ ကစားသမားဘ၀ဆုံးသွားတဲ့သူတွေရှိတယ်။ ဘာအသံမှမထွက်လာဘူး။ ဒီကာနီယို ဒိုင်လူကြီးကို ပွဲကန်နေတုန်း တွန်းထုတ်တယ်။ ဇီးဒန်း က ကမ္ဘာ့ ဖလားဖိုင်နယ်မှာ မာတာ၇ာဇီ ကို ခေါင်းနဲ့ တိုက်တယ်။ ဘာမှမဟုတ်သလိုပြီးသွားတဲ့အပြင် ဖီဖာ က ဂုဏ်ပြုဆုတောင်ပေးထားသေးတယ်။ တခြား ကစားသမားတွေဆက်ပြောနေရင် List ကဆုံးမှာတောင်မဟုတ်ဘူး။ အခု ပရီးမီးယားလိဂ်မှာ လည်းဒိုင်လစ်ရင်လစ်သလို မခုတ်တတ်တဲ့ကြောင် လုပ်နေတဲ့ကစားသမားတွေအများကြီးပဲ။

ဆွာရက်စ် မှားတယ်ဆိုပေမယ့် ဝေဖန်ထောက်ပြတာထက် ပိုတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ မုန်းတီးမှုတွေများနေတာ တအားသိသာတယ်။ဆွာရက်စ် မိဘမဲ့ကလေးကျော်ငးသွားပြီး လှူတဲ့ပုံတွေဆိုရှယ် မီဒီယာပေါ်မတက်လာဘူး ၊ ကစားကွင်းသွားတုန်း လမ်းဘေးမှာ စိတ်ဝေဒနာရှင်ကလေးလေးက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကားဆင်းရပ် ပြီး ဆေးကုသငွေပါလှူသွားတဲ့ပုံတွေ မီဒီယာပေါ်မတက်လာဘူး။ ဥရုဂွေး ဆင်းရဲသားရပ်ကွက် မှာကျောင်းလှူတဲ့သတင်းတွေ မီဒီယာမှာအကျယ်တ၀င့်မတတ်လာဘူး။ ဘောလုံးကွင်းပြင်ပ မှာ လူတကာ ချီးကျူးရတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဆိုတဲ့ သတင်းတွေမတက်လာဘူး။

ဆွာရက်စ် ကိစ္စ နဲ့ ဆက်စပ်ပြီး စဉ်းစားမိလိုက်တာက လူတွေဟာ ကောင်းရင်သာချီးကျူးဖို့ လက်တွန့် နေလိမ့်မယ် ။ မှားပြီဆိုရင်တော့ ဘာမှမစဉ်းစားတော့ပဲ ဆွမ်းကြီးလောင်းဖို့ သာ အားသန်ကြတာများတဲ့လူတွေသာများတယ်ဆိုတာ သင်ခန်းစာရလိုက်တယ်။

အခုလက်ရှိပြစ်ဒဏ်ကတော့ သူ့ အမှားနဲ့ သူမို့ လက်ခံလို့ ရတယ်။ သူလည်း ဆေးကုသဖို့ အချိန်ရသွားသလို အေးအေးဆေးဆေးနားရတာပေါ့လို့ မှတ်လိုက်ပါတယ်။ ဒါပေမယ့် လူတွေဟာ အကြောင်းရင်းကို သေချာမဖတ် မလေ့လာပဲ သူတပါးရဲ့ အမှားနဲ့ အားနည်းချက်ကို အတင်းဇွတ်ကြီး ဖိနှိပ်နေလို့ ရေးရတော့တာပဲ။

(ADMIN – NHTL)

Liverpool Fan Club

မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး


မုံရွာ၊ ဇွန် ၂၈

 မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဗညားဒလ လမ်းဆုံနေရာတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်မှ ပြောပြသည်။

မုံရွာ - တင်တိန်ရံ လူစီးအဆန်ရထား စက်ခေါင်းအမှတ် (DMG – 206) ရထားအား စက်ခေါင်းမောင်း ဦးသန်းကြွယ်မှ မောင်နှင်လာစဉ် LUOJIAI 125 အမျိုးအစား၊ ယာဉ်အမှတ် ၂၉ယ/ ၁၇…. ဆိုင်ကယ်သည် ဗညားဒလလမ်းအတိုင်း အရှေ့မှ အနောက်သို ဦးဝင်းမောင် အသက်(၅၀)နှစ်ဆိုသူမှ စီးနင်းလာစဉ် ရထား အား တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်း၏ သေမှုသေခင်းဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုင်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ ဦးဝင်းမောင်မှာ ၀ဲဘက်ခြေထောက် ပေါင်အရင်းမှ ပြတ်တောက်သွားခဲ့ပြီး၊ ညာဘက်ခြေသလုံးကြေမွသွားကာ ၀ဲဘက်ပါးပြင်တွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ သည်။ ၎င်းဒဏ်ရာများကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းက အဆိုပါ လူသေဆုံးခဲ့မှုအား သေမှုသေခင်းအမှတ်စဉ် ၁၇/ ၂၀၁၄ အရ အမှုဖွင့်ဆောင်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း


ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့တာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

DVB Burmese

ဒုဗိုလ်ချုပ်ကြီးမြင့်စိုးမှ နှစ်ကြိမ်စိန်ခေါ်သည့်အတွက် ကန့်ဘလူ သိမ်းဆည်းမြေယာ ဆွေးနွေးပွဲပျက်ဟု လယ်သမားများကဆို


ဒုဗိုလ်ချုပ်ကြီးမြင့်စိုး

 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပြင်းထန် နေသော ကန့်ဘလူ မြို့နယ်တွင် လယ်ယာ မြေသိမ်း ဆည်း ခံထားရသည့် ကျေးရွာငါးရွာမှ တောင်သူ လယ်သမားများနှင့် တပ်မတော် တာဝန်ရှိ သူများတို့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြရာတွင် ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက တောင်သူများကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်မှု ပြုလုပ်ခဲ့သည့် အတွက် ဆွေးနွေး ပွဲ ပျက်ပြယ်ခဲ့ ရကြောင်း   ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် တောင်သူများ ကပြောသည်။

“တောင်သူတွေနဲ့တွေ့တဲ့ အခါ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အစပိုင်းမှာ ပြည်သူတွေကို မိဘသဖွယ် ပြောနေ တာ။ နောက်ပိုင်းကျတော့ သိမ်းဆည်း မြေယာအရေးနဲ့ ပတ်သတ်ပြီး တပ်ကနေ ဖြေရှင်းပေးတာ မကြိုက်ရင် ချက်ချင်း ထွက်သွားလို့ စိန်ခေါ်တယ်။

စိန်ခေါ်တာ နှစ်ကြိမ်တောင် အဲ့ဒါနဲ့ တောင်သူတွေ အကုန်လုံး ခန်းမထဲကနေ ထွက်ကုန်တာ။ ဆွေးနွေးပွဲ လည်း ပျက်သွားတယ်”ဟု အဆိုပါ ဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့သည့် တောင်သူဦးကျော်ထွန်းနိုင်က ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းသကြားစက်ရုံတွင် ဇွန်လ၁၆ ရက်နေ့ နေ့လည် တစ်နာရီခွဲဝန်းကျင်တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်သော တပ်မတော် တာဝန်ရှိသူများ၊ လယ်ယာမြေ သိမ်းဆည်းခံကျေးရွာ ငါးရွာမှ တောင်သူ ၂၀၀ ကျော်နှင့် တပ်မတော်က သိမ်းဆည်း မြေယာများပေါ်တွင် သီးစားချထားသူများ ပါဝင်ဆွေးနွေးခြင်းဖြစ်ပြီး ပွဲစတင်ပြီး နာရီဝက်အတွင်းပင် ပွဲပျက်သွားခြင်းဖြစ် ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း၊ခအုံးတာ၊ ပေကြီး၊ ထောက်ရှာအိုင်၊ မြေမွန်စသည့်ကျေးရွာငါးရွာအတွင်းရှိ လယ်ယာမြေဧက တစ်သောင်းကျော်ကို တပ်မတော်မှသိမ်းဆည်းထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲနေ့တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက လက်ရှိတပ်မတော်မှ လုပ်ကိုင်သော  မြေယာဧက ၅,၀၀၀ကျော်ကို မူလတောင်သူများအား ပြန်လည်မပေးအပ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး တပ်မတော်မှ သီးစားချထားသူများကိုသာ အကာအကွယ်ပေးပြောဆိုခဲ့ကြောင်း တောင်သူများက ပြောသည်။

မြေပြင်တွင်မူ တပ်မတော်မှ လုပ်ကိုင်နေသည့်ဟုဆိုသည့် လယ်ယာမြေများမှာ တပ်မတော်သားများကိုယ်တိုင် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ တခြားသက်ဆိုင်ခြင်းမရှိသူများကိုသာ ပြန်လည်သီးစားချထားလုပ်ကိုင်ခြင်းဖြစ်ကြောင်း လယ်အသိမ်းခံ တောင်သူများက ပြောသည်။

“တပ်ကသိမ်းထားတဲ့ မြေတွေထဲကနေ မြေဧက ၅,၅၁၈ ဧကကို ပြန်မပေးနိုင်ဘူးလို့ ပြောတယ်။ ပြီးတော့ မြေတွေကို တောင်သူတွေကိုယ့်နေရာ ကိုယ်ပြန်မရဘူး။ သူတို့ချထားပေးတဲ့အတိုင်းဘဲ ရမယ်။ အဲ့ဒီလို တပ်ကဖြေရှင်းတာကို မကျေနပ်ရင် ထွက်သွားလို့ရတယ်လို့ စိန်ခေါ်တာ။

အဲ့ဒါနဲ့ မကျေနပ်ဘူးဆိုပြီး တောင်သူတွေ အကုန်ထွက်သွားတာဟု” ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော တောင်သူ ဦးဇော်ဝင်း မောင်က ပြောသည်။

လက်ရှိကာလအချိန်တွင် ကန့်ဘလူ မြို့နယ်တွင် တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေများပေါ်တွင် မူလဓားမ ဦးချ တောင်သူများက ပြန်လည်ဝင်ရောက် လုပ်ကိုင်ကြရာ တပ်မှ သီးစားချထားသူများ နှင့်ထိပ်တိုက်တွေ့ဆုံကာ မြေယာအငြင်း ပွားမှုပြင်းထန်နေသည့် ကာလဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ တပ်သိမ်းမြေတွင် မူလ တောင်သူများက ပြန်လည်ထွန်ယက်စိုက်ပျိုးချိန်တွင် တပ်မှသီးစားချထားသူများက မူလတောင်သူများကို တရားစွဲဆိုထားပြီး ကန့်ဘလူမြို့နယ်တွင် တောင်သူစုစုပေါင်းရာကျော် တရားစွဲဆိုခံနေရကြောင်း ကန့်ဘလူနယ်ခံ လယ်သမားအရေးဆောင်ရွက်ပေးသူ ဦးကောင်းထွဋ်က ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေချိန်တွင် အဆိုပါ ဆွေးနွေးပွဲနေ့တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက တပ်မတော်မှ သီးစားချလုပ်ကိုင်နေသော လယ်ယာမြေများပေါ်တွင် မူလတောင်သူများဝင်ရောက်ခြင်း မပြုနိုင်ရန်အတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားပေးရန်ကို သက်ဆိုင်ရာခရိုင် ရဲတပ်ဖွဲ့မှူးကြီးအား မှာကြားခဲ့ကြောင်း ယင်းဆွေးနွေးတက်ရောက် တောင်သူများကပြောသည်။

“ဆွေးနွေးပွဲ မလုပ်ခင်ရက်ပိုင်းတွေကတည်းက ပြဿနာတွေမတက်ရအောင် စစ်ကိုင်းတိုင်း ဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်နဲ့ တောင်သူတွေ ငှက်ပျောတိုင်းရွာမှာ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြတာ။ တပ်မတော်က ဒုဗိုလ်ချုပ်ကြီးမြင့်စိုး ကိုယ်တိုင်က တောင်သူတွေကို ရှင်းပေးမယ်ဆိုတော့ ဒီတစ်ခါ လယ်ယာမြေပြန်ရပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ကို ဆွေးနွေးပွဲသွားခဲ့တာ။ ဟိုရောက်တော့ ထင်ထားတာနဲ့တခြားစီဖြစ်တော့  စိတ်ပျက်ကုန်တာ။

အမျိုးသမီး တွေလည်းပါတော့ သူတို့ဆို မျက်ရည်ဝဲပြီး ငိုမတတ်ကို ဖြစ်ကုန်တာ။ တောင်သူတွေကို ဆက်ဆံတာဆိုးတဲ့အတွက် တော်တော်လေးကို ခံစားရတယ်”ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။ကန့်ဘလူတွင် ဖြစ်ပွားနေသော လယ် ယာမြေအငြင်းပွားမှုသည် တစ်ဖက်နှင့်တစ်ဖက် တောင်သူဦးရေရာကျော်ရှိပြီး ထိပ်တိုက်တွေ့ဆုံမှု ပြင်းထန်နိုင်သည့်အတွက် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးဝန်ကြီးမှ ကျေးရွာများထိ အရောက်လိုက်လံကာ ညှိနှိုင်းခဲ့ခြင်းများရှိခဲ့ပြီး ဆွေးနွေးပွဲအား ဖြစ်မြောက်အောင် စီစဉ်ပေးနိုင်ခဲ့သော်လည်း အဆင့်မြင့်အရာရှိကြီးမှ လယ်ယာအသိမ်းခံတောင်သူများအား  ပြန်လည် ငဲ့ကွက်ထောက်ရှုခြင်း မရှိသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း  လယ်ယာမြေ သိမ်းဆည်းခံတောင်သူများက ပြောသည်။

- ကျော်သူရမျိုး
The Farmer Media

သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်


၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။

ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။

၂.တည်ငြိမ်ခြင်းကို ရွေးပါ။

လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။

ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။

၃.အတိတ်ထဲမှာ တဝဲမလည်ပါနဲ့….

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။

ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။“တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကိုအကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်းမှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။

၎.ရိုးရှင်းတာကို လက်ကိုင်ထားပါ။

စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့်အတိတ်ကို သင် တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကိုပစ္စုပန် နဲ့ အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။

ဥပမာ – ရာသီဥတုအပြောင်းအလွဲကို အရေပြား နဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။

၅.ခံစားချက်ကို အလဟသမဖြုန်းနဲ့…..

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင် ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင် ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင် ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင် အာရုံမစိုက်နိုင်တော့ဘူး။စိတ်ပါလက်ပါ သင် အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။

သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ ဖြစ်တယ်။ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှု ဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသမဖြုန်းနဲ့” လို့ ညင်ညင်သာသာ သတိပေးပါ။

၆.အချိန်ကောင်းကို ဖမ်းဆုပ်ပါ။

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှအဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာခေတ်ကုန်နေပြီဆိုတာကိုသင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင် ထည့်ထားမိတယ် ဆိုပါစို့။ကာလကြာမှ ကိတ်မုန့်စားဖို့ သင် သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာမလုပ်လိုက်ရတဲ့ အလုပ် … ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။

Credit:  Sai Sai (Forward Mail)