ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတ္တိစာအုပ် ထွက်လာ ဒီပဲယင်းအရေးအခင်းအကြောင်း ဖော်ပြမှု အငြင်းပွားဖွယ်ရာများ ပါဝင်နေ

ပို့စ်တင်ချိန် - 6/28/2014 11:28:00 AM

၂၀၀၃ မေ ၂၅ရက်က ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနှင့် ယာဉ်တန်းကို လိုက်လံနှောင့်ယှက်နေသူများ(ဓာတ်ပုံ− burmalibrary.org)


လွန်ခဲ့သော ခုနစ်နှစ်ခန့် က ကွယ်လွန်သွားခဲ့သည့် နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီးစိုးဝင်းအကြောင်း ရေး သားထားသည့် ‘မမျှော်လင့်သော ခရီးရှည်’ဟု အမည်ပေးထားသည့် စာအုပ်    ယခုရက်ပိုင်းအတွင်း ထွက်ရှိလာသည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းနေရာ တွင် စာရေးဆရာ မြင့်သူက (First Person) ပုံစံဖြင့် ၀င်ရောက်ရေး သားထားခြင်းဖြစ်ပြီး အတ္ထုပ္ပတ္တိ  စာအုပ်အတွက် ကာယကံရှင်နှင့် နီးစပ်ခဲ့သည့် လူ ၁၀၀ ခန့်ကို တွေ့ ဆုံမေးမြန်းပြီးမှ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း စာရေးဆရာ မြင့်သူ က စာအုပ်မိတ်ဆက်တွင် ရေး သားထားသည်။

သာမန်တပ်မတော် အရာရှိ ငယ်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာ သူတစ်ဦး၏  ဘ၀ဖြတ်သန်းမှုကို အသေးစိတ်    ရေးသားထားပြီး လူသိနည်းသည့်    ကိစ္စအချို့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများဖြင့် ရေးသားထားသည်။

ပြည်တွင်းစစ်ကာလအတွင်း တပ်မတော်သားတစ်ဦး၏ ဖြတ် သန်းမှု၊ ရှစ်လေးလုံးအရေးအခင်း အပါအ၀င် သူကြုံတွေ့ ဖြေရှင်းခဲ့ ရသော အရေးအခင်းများ၊ နာ မည်ကျော် ဒီပဲယင်းအရေးအခင်း တွင် ပါဝင်ပတ်သက်မှု အပါအ ၀င် သူဖြတ်သန်းခဲ့ရသည့် စစ် ဗိုလ်ချုပ်တစ်ဦး၏ နေထိုင်မှု ဘ၀များအကြောင်း အပါအ၀င် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပေါ် စစ်ဗိုလ်ချုပ်တစ် ဦးက မည်ကဲ့သို့ ရှုမြင်ကြောင်း သိရှိလိုသူများအတွက် အကြိုက်တွေ့စေလောက်သည့်   စာအုပ် တစ်အုပ်ဖြစ်သည်။

လက်ရှိနှင့် အငြိမ်းစားတပ်မ တော် အရာရှိများဘက်က ရေငုံ နှုတ်ပိတ်နေခဲ့သည့် ဒီပဲယင်းအ ဖြစ်အပျက်ကိုလည်း ယင်းစာအုပ် တွင် ထည့်သွင်းရေးသားထား သည်။

အတိုက်အခံများဘက်က ဒီပဲ ယင်းတိုက်ခိုက်မှုလက်သည် တ ရားခံစာရင်းတွင် ဗိုလ်ချုပ်ရဲမြင့် နှင့်အတူ ထိပ်ဆုံးက ဖော်ပြသတ် မှတ်လေ့ရှိသော်လည်း သူသည် ပြဿနာများ ကြားထဲမှ မြေစာပင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

‘‘ဖြစ်စဉ်တစ်ခုလုံးသည် ကြို တင်စီစဉ်ထားသည်ဟုပင် စွပ်စွဲ ကြသည်။ အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို အသေ သတ်ရန်အထိ ကြိုတင်ကြံစည်မှု ဟုဆိုသူက ဆိုကြသည်။ ထိုသို့ မဟုတ်ပါဟု ပြောရင်လည်း ယုံရ ခက်သော အနေအထား ဖြစ်နေ သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ‘ပဲလှော် ကြား ဆားညပ်တာ’ ဟု ပုံခိုင်းပြီး ပြောသည်’’ (စာ-၃၇၃)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NlD ပါတီဝင် များနှင့် ၎င်းတို့အား ထောက်ခံ အားပေးသူများ တိုက်ခိုက်ခံရ သည့်  နာမည်ကျော်ဒီပဲယင်း အ ရေးအခင်းကိုလည်း သူ့ဘ၀တွင် ဖြေရှင်းခဲ့ရသည့် အရေးအခင်း များနှင့်အတူ ဖော်ပြထားသည်။

အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ‘‘ဒီပဲယင်းနိုင်ငံ ရေးလုပ်ကြံမှု’’ ဟု သုံးနှုန်းသည့် ၂၀၀၃ မေလ ၃၀ ရက်တွင် ဖြစ် ပွားခဲ့သည့် ဖြစ်ရပ်ကို ‘‘ဒီပဲယင်း ရုန်းရင်း ဆန်ခတ်မှု’’ ဟု စာအုပ် တွင် သုံးနှုန်းထားသည်ကို တွေ့ ရသည်။

‘‘ဒီပဲယင်းပြဿနာသည် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးအ ကြား နိုင်ငံရေးအရ အားပြိုင်မှု ဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပို သည့် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်သည်။ သာမန်ထက်ပိုသော ဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် အင်န်အယ်လ်ဒီခေါင်းဆောင် ဦး တင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင် ပတ်သက်နေသောကြောင့် ဖြစ် သည်’’ (စာ-၃၆၅) ဟု အစချီပြီး ဒီပဲယင်းပြဿနာများအကြောင်း ရေးသားခဲ့သည်။

လက်ရှိနှင့် အငြိမ်းစားအာ ဏာရစစ်ဗိုလ်ချုပ်ကြီးများ ရေငုံ နှုတ်ပိတ်နေသော    ဒီပဲယင်း ဖြစ်ရပ်ကို ပြန်လည်ဖော်ပြခဲ့သော် လည်း အငြင်းပွားနေခဲ့၊ အငြင်း ပွားနေဆဲဖြစ်သည့် ဒီပဲယင်းအ ရေးအခင်းနှင့် ပတ်သက်ပြီး နောက်ထပ် အငြင်းပွားဖွယ်ရာ အရေးအသားများ ထိုစာအုပ်ထဲ တွင် ထပ်မံပါဝင်လာပြန်သည်။

ဖြစ်စဉ်များအတွင်း သေဆုံး သူလေးဦးနှင့် ဒဏ်ရာရသူ ၇၀ ကျော် စာရင်းရရှိကြောင်း အစိုးရ ၏ စုံစမ်းစစ်ဆေးရေး အစီရင် ခံစာကို ပြန်လည်ကိုးကားပြီး ရေးသားထားသည်။ သို့သော် အ တိုက်အခံများနှင့် ကိုယ်တွေ့ကြုံ သူများက သေဆုံးဒဏ်ရာရ စာ ရင်းသည် သည့်ထက်ပိုသည်ဟု အစဉ်အဆက် ပြောကြားခဲ့ကြ သည်။ စာအုပ်ပါ အရေအတွက် သည် အခင်းဖြစ်ပြီး တစ်နှစ်အ ကြာတွင် ထုတ်ဝေသည့် အတိုက်အခံ အင်အားစုတစ်ခုဖြစ်သော ‘‘ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ’’၏  ဒီပဲ ယင်းအစီရင်ခံစာပါ သေဆုံးသူ ၂၈၂ ဦးဆိုသည့် စာရင်းနှင့် ယှဉ် ပါက အလွန်အမင်းကွာခြားနေ သည်။ မည်သည့် ကိန်းဂဏန်းက မှန်ကန်ကြောင်း ယခုအချိန်အထိ   ပြည်သူများ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

နောက်ထပ်အငြင်းပွားစရာ အရေးအသားတစ်ခုမှာ ‘‘ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု’’ တစ်ခန်းလုံး တွင် ‘‘ဒေါ်အောင်ဆန်းစုကြည်’’ ၏ အမည်ကို ‘‘ဒေါ်စုကြည်’’ ဟု သာသုံးနှုန်းခဲ့သည်။

နိုင်ငံရေးအယူအဆ မတူ ညီမှုကြောင့်ဖြစ်စေ၊ အခြားအခြေ အနေတစ်ခုခုကြောင့်ဖြစ်စေ လူ တစ်ဦး၏ အမည်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်းသည် လူ့အ ဖွဲ့အစည်းအတွင်း ရှက်စရာကိစ္စ တစ်ခုဖြစ်ကြောင်းကို သွားလေသူ စစ်ဗိုလ်ချုပ်ကြီး မသိရှိခြင်းလား (သို့မဟုတ်) စာရေးဆရာက မသိရှိခြင်းလား (သို့မဟုတ်) အခြား ရည်ရွယ်ချက်တစ်ခုရှိခြင်းလား တော့ ရှင်းရှင်းလင်းလင်း မသိရ။

သို့သော်လည်း ရှေ့ပိုင်းစာ မျက်နှာများတွင် အမည်အပြည့် အစုံကို သုံးခဲ့သော်လည်း ယင်းအ ခန်းတွင် ‘‘ဒေါ်စုကြည်’’ ဟုသာ အကြိမ်ကြိမ် သုံးနှုန်းခဲ့သည်။

ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်ဖြစ်ပွားနေသည့် တိုင်း ပြည်တွင် စစ်သားဖြစ်ခဲ့ရသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိ သည် နိုင်ငံ၏ အခြားစစ်ဗိုလ်ချုပ် ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ နည်းတူပင် တော်လှန်ပုန်ကန်ကြ သည့် တိုင်းရင်းသားလက်နက် ကိုင်များအကြောင်း ဖော်ပြထား သည်။

အရာရှိငယ်ဘ၀တွင် တိုက် ပွဲများနှင့်     နပန်းလုံးခဲ့ရသည့် ဗကပ၊ ကေအိုင်အေ၊ ကေအင်န်ယူစသည့် လက်နက်ကိုင်တပ်ဖွဲ့ များကို သူက သောင်းကျန်းသူဟု သာ သုံးနှုန်းထားသည်။ တိုက်ပွဲဝင်အတွေ့အကြုံများ ရေးသားရာတွင်လက်ရှိအချိန်၌ အစိုးရနှင့် ဆက်ဆံရေးကောင်းများ   ရနေသည့် ကေအင်န်ယူနှင့်ပတ်သက်ပြီး အတော်ကလေး  သတိထားရေးသားထားသော်လည်း ကေအိုင်အေကိုမူ ဉာဏ်များသည့် ရန်သူအဖြစ် ရေးသားထားသည်။

‘‘ကေအင်န်ယူနှင့် တိုက်ခိုက် ရသည်မှာ အတော်ကလေးခက် သည်။ ဗကပတို့၊ ကေအိုင်အေတို့ တိုက်ရတာနှင့်မတူ။ အစားအ သောက်လည်း ရှားသည်။ တောင် ကုန်းတောင်တန်းတွေ မမြင့်သော် လည်း အတက်အဆင်းများသည်။ သူတို့က ကျွန်တော်တို့ကို အငိုက် ဖမ်းပြီးမှ ၀င်တိုက်တတ်သည်။ ကေအိုင်အေနှင့် ကွာခြားသည့် အချက်မှာ ထိုအချက်ဖြစ်သည်။ ကေအိုင်အေက ဘယ်နေရာမှာ ဖြစ်ဖြစ် မိုင်းခွဲမည်။ မိုင်းထောင် မည်။ မည်သူပဲသေသေ သိပ်ဂရု မထား။ ကေအင်န်ယူကတော့ ထို သို့မဟုတ်။ သူ့လူမျိုးတွေ အထိ ခိုက်မခံ။ နစ်နာအောင် မပြု။ တပ် မတော်စစ်ကြောင်းတွေကိုပဲ ဒုက္ခ ကောင်းကောင်းပေးသည်။…’’ (စာ-၁၆၉ နှင့် ၁၇၀)

တပ်နှင့်ပတ်သက်ပြီး သူကြုံ တွေ့ရသည့် အဆိုးအကောင်းအ ကြောင်းအရာများကိုလည်း ရေး သားထားသည်။ တပ်ပြေးများ ကိစ္စ၊ ပေါ်တာဆွဲသည့် ကိစ္စများ၊ ကျဆုံးသွားသည့် တပ်မတော် သားများကို မြန်မာ့တပ်မတော် နှင့် အိမ်နီးချင်းတပ်မတော်များအ ကြား တန်ဖိုးထားပုံချင်း မတူညီမှု များအပါအ၀င် တပ်မတော်အ တွင်း ပြုပြင်သင့်သည့် ကိစ္စများကို လည်း ထည့်သွင်းရေးသားထား သည်။

သူ့မတိုင်မီ ၀န်ကြီးချုပ်အ ဖြစ် တာဝန်ထမ်းဆောင်နေရာမှ ဖယ်ရှားခံလိုက်ရပြီး အကျဉ်းချခံ ခဲ့ရသည့် ထောက်လှမ်းရေးခေါင်း ဆောင် ဗိုလ်ချုပ် ခင်ညွန့် အရေး ယူခံရစဉ် သူကြုံတွေ့ခဲ့ရသည် များကိုလည်း ရေးသားထားပြန် သည်။

‘‘တိုင်းပြည်အတွက် တကယ် နှမြောဖို့ ကောင်းတဲ့လူတွေ အများ ကြီး ဆုံးရှုံးသွားတယ်။ ဒီလူတွေကို တကယ်သာ ကိုင်တွယ်သွား နိုင် ခဲ့မယ်ဆိုရင် အင်မတန် ကောင်း သွားမှာပါ။ ငါ့လက်ထဲမှာသာ ဒီလိုလူတွေရှိလို့ကတော့ အခု လုပ်နိုင်နေတာတွေထက် အများ ကြီး ပိုလုပ်နိုင်မှာ။ အခုတော့ ၀န် ကြီးချုပ်က တာဝန်တွေများတဲ့အ ချိန်မှာ လှည့်မကြည့်နိုင်တာတွေ များတော့ ဖြစ်ချင်ရာဖြစ်သွား တယ်ထင်တယ်။ တစ်ယောက် ချင်းအတွက်ရော၊ တိုင်းပြည်အ တွက်ပါ စိတ်မကောင်းစရာပါ ကွာ’’ (စာ-၄၀၃)

ဝန်ထမ်းလောကအတွင်း ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြ စားမှုများ၊ ကသည်းသူပုန်များက ရန်ကုန်ဆိပ်ကမ်းမှ လက်နက် များကို ကွန်တိန်နာနှင့်ပင် သယ် ဆောင်နိုင်သည်အထိ လာဘ်ယူ ခဲ့ကြသည့် အကောက်ခွန်အရာရှိ များ၊ တပ်နှင့် အရပ်ဘက်သုံးစွဲရန် ကြိုးမဲ့ဆက်သွယ်ရေးစနစ်တစ်ခု စမ်းသပ်ရန် နိုင်ငံခြားမှ ဆက်သွယ်ရေးပစ္စည်းများကို အကောက် ခွန်အရာရှိများထံ လာဘ်ပေးပြီး သူ၏ တပည့်များအား တင်သွင်း ခိုင်းပုံများကိုလည်း ပွင့်ပွင့်လင်း လင်း ရေးသားထားသည်။

တိုင်းပြည်၏ ထိပ်ပိုင်းခေါင်း ဆောင်ဖြစ်လာချိန်တွင် လုပ် ဆောင်ရသည့် တာဝန်ဝတ္တရား များ၊ စာရင်းဇယားများ အချက် အလက်များ၊ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ ကိစ္စများအပါအ၀င် အောက်ခြေမှ မမှန်မကန် တင်ပြ ခဲ့မှုများကြောင့် အခက်အခဲတွေ့ ရပုံများကိုလည်း ရေးသားထား သည်။ တပ်မတော်တွင် ကွယ်လွန် ချိန်အထိ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ် ချုပ်ကြီး စိုးဝင်းက သူသည် စာ ဖတ်ဝါသနာပါပြီး နိုင်ငံရေးစာပေ များကို စိတ်ဝင်တစား ဖတ်ရှုလေ့ ရှိသူဖြစ်ကြောင်းလည်း ဆိုသည်။

တပ်မတော် ထိပ်ပိုင်းအရာ ရှိဖြစ်လာပြီး လုပ်ပိုင်ခွင့် ရချိန် တွင် အများအမြင် ရှင်းစေရန် စီး ပွားရေးသမားများနှင့် ခပ်ကင်း ကင်းနေရန် ကြိုးပမ်းခဲ့သည့်အ ကြောင်းများကိုလည်း ရေးသား ထားသည်။

‘‘စီးပွားရေးသမားများသည် အာဏာရှိ လူတန်းစားကို နည်း မျိုးစုံဖြင့် ဖျက်ဆီးရန် ကြိုးစားကြ သည်မှာ သဘာဝတစ်ခုလို ဖြစ် နေသည်’’ (စာ-၂၂၉)

အဆိုပါ စာအုပ်ထဲတွင် တပ် မတော်ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဦးသန်းရွှေ၊ ဦး မောင်အေးတို့အပါအ၀င် စစ် ဘက်အရာရှိများနှင့် သူ့အကြား ဆက်ဆံရေး၊ အုပ်ချုပ်ရေးပိုင်းပါ တာဝန်ယူလာရချိန်တွင် စစ်သား တစ်ဦး၏ အရပ်ဘက်နှင့် ဆက် ဆံရာတွင် ကြုံတွေ့ရမှုများ ကို လည်း ရေးသားထားသည်။

ငယ်စဉ်အချိန်ကတည်းက မိခင်ရင်းဖြစ်သူ၏ အခြေအနေ တစ်ခုအရ စွန့်ပစ်မှုကြောင့် ရုပ် ရှင်ဆန်ဆန် ကွဲကွာသွားခဲ့ရ သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် သူ ၏ အမြွှာညီဖြစ်သူတို့၏ အဖြစ် အပျက်မှစတင်ရေးသားထား သည့် စာမျက်နှာ ၆၆၆ မျက်နှာ ပါဝင်သည့် အဆိုပါ အတ္ထုပ္ပတ္တိ စာအုပ်၏ အဆုံးသတ်သည် အ ခြားစစ်ဗိုလ်ချုပ်ကြီးများနည်းတူ ဘုရား၊ တရား၊ သံဃာကိုသာ ကိုးကွယ်ယုံကြည်သည်ဆိုသည့် အရေးအသားဖြင့်သာ အဆုံး သတ်ခဲ့သည်။

7day