MH-370 အလိုအလျောက်စနစ်ဖြင့် ပျံသန်းနေစဉ် ပျက်ကျသွားခြင်း ဖြစ်မည်ဟု သြစတြေးလျ ထုတ်ပြန်

ပို့စ်တင်ချိန် - 6/28/2014 04:45:00 AM



ကန်ဘာရာ၊ ဇွန် ၂၆

မလေးရှား လေကြောင်းလိုင်းပိုင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းစဉ် ဆီကုန်ကာ ပျက်ကျသွားခြင်း ဖြစ်ရန် သေချာသလောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာ၏ ယခုထက်ပိုမို၍ တောင်ဘက်ပိုင်းကျသော ဧရိယာတွင် ပြောင်းရွှေ့ ပြုလုပ်သွားမည်ဟု သြစတြေးလျ အာဏာပိုင်များက ကြေညာလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့က လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ကာ ပျောက်ဆုံးသွားသော MH-370 လေယာဉ်ကို သြစတြေးလျနိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့ဝင်များက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေနေသည်မှာ လေးလနီးပါး ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခိုင်မာသော အထောက်အထား တစ်ခုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။

ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ကာလတစ်လျှောက် တွေ့ရှိခဲ့ရသည့် အချက်အလက်များကို ကျွမ်းကျင်သူများက ပြန်လည်သုံးသပ် ပြီးသည့် နောက်တွင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းရင်း ပျက်ကျသွားခြင်းဖြစ်ရန် သေချာသလောက်နီးပါး ရှိသည်ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရင်ထရက်စ်က ကြေညာခဲ့သည်။

ဝါရင်ထရက်စ်၏ ကြေညာချက်ကို သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ဗျူရို၏ အကြီးအကဲ မာတင်ဒိုလန်ကလည်း ထောက်ခံခဲ့ပြီး “MH-370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ပျံသန်းခဲ့ပြီး ဆီကုန်တဲ့အထိ အလိုအလျောက် မောင်းနှင်စနစ်နဲ့ မောင်းနှင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဝါရင်ထရက်စ်က ယခုအခါတွင် ရှာဖွေတွေ့ရှိသည့် အချက်အလက်များကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ပိုမိုဝေးလံသော နေရာတွင် ရှာဖွေရေး ဧရိယာအသစ်တစ်ခု သတ်မှတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ထိုရှာဖွေရေး ဧရိယာအသစ်သည် စတုရန်း ကီလိုမီတာ ၆၀,၀၀၀ ခန့် ကျယ်ဝန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“MH-370 လေယာဉ်နဲ့ ဂြိုဟ်တုအကြား နောက်ဆုံးဆက်သွယ်မှု ရရှိခဲ့တဲ့ အချက်အလက်ပေါ် မူတည် ရေးဆွဲထားတဲ့ ပျံသန်းမှု လမ်းကြောင်းအရ ရှာဖွေရေး ဧရိယာအသစ်ကို သတ်မှတ်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု အသစ်သတ်မှတ်လိုက်သော ရှာဖွေရေး ဧရိယာသည် သြစတြေးလျနိုင်ငံ ပက်သ်မြို့ အနောက်ဘက် ကမ်းရိုးတန်းနှင့် မိုင် ၁၁၀၀ ခန့် ကွာဝေးပြီး ရှာဖွေရေး ဧရိယာအသစ်သည် MH-370 လေယာဉ်ပျက်ကျခဲ့သည့် နေရာဖြစ်ရန် အလားအလာများစွာ ရှိသည်ဟု မစ္စတာထရက်စ်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် တရုတ်သင်္ဘော တစ်စင်းနှင့် သြစတြေးလျ သင်္ဘောတစ်စင်းသည် ရှာဖွေရေး ဧရိယာအသစ်၏ ရေအောက်ကြမ်းပြင်ကို မြေပုံထုတ်ခြင်းလုပ်ငန်း လုပ်ဆောင်နေပြီး လုပ်ငန်းပြီးဆုံးရန် အချိန်သုံးလခန့် ကြာမြင့်မည် ဖြစ်သည်။

ပင်လယ်ကြမ်းပြင် မြေပုံထုတ်ခြင်းလုပ်ငန်း ပြီးဆုံးမှ လေယာဉ်ရှာဖွေခြင်း လုပ်ငန်းကို စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကာ အချိန်အားဖြင့် တစ်နှစ်ခန့် ကြာမြင့်နိုင်သည်ဟု သြစတြေးလျ အာဏာပိုင်များက ခန့်မှန်းထားသည်။

The Voice Weekly