ကျမမှာ ရည်းစားရှိပါတယ်လို့ ဆိုလိုက်တဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာကာယဗလမယ်

ပို့စ်တင်ချိန် - 6/26/2014 05:53:00 PM



"ဒါက မြန်မာမိန်းကလေးလား..၊ သူများ နိုင်ငံမှာ ဖော်ချွတ်ပြပြီးမှ ပထမဆုရလာတာ
ဘာအထင်ကြီးစရာရှိလို့လဲ"ဆိုတဲ့ စာသားတွေအပြင် တခြားအနှုတ်ဆန်တဲ့ စကားလုံးတွေက
အနက်ရောင်ပေါ်မှာမှ ရွှေအိုရောင် ဇာသား၊ ဘော်ကြယ်တွေနဲ့ တွဲစပ်ချုပ်လုပ်ထားတဲ့ ရေကူးဝတ်စုံ
ဒီဇိုင်းဆန်းလေးကိုဝတ်ဆင်ထားပြီး ရရှိထားတဲ့ ပထမဆုကို ကိုင်လို့ စင်မြင့်ထက်မှာ ပြုံးပျော်နေတဲ့
အသက် ၂၄ နှစ်အရွယ် မြန်မာကိုယ်စားပြု ကာယအလှမယ်လေးရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်က
ဓာတ်ပုံအောက်မှာ နေရာယူလို့ ထားပါတယ်။

"တခြားမစ္စတွေကိုတောင် ရေကူးဝတ်စုံတွေနဲ့ ကြည့်ကြ၊ အားပေးကြပြီးတော့ ကျွန်မတို့
အားကစားသမားတွေ အနေနဲ့လည်း လိုအပ်လို့ ၀တ်ရတာဖြစ်လို့ အားကစားအမြင်၊ အားကစား
မျက်စိနဲ့ပဲ အားပေးကြဖို့ တောင်းပန်ချင်ပါတယ်။ ပြီးတော့ ပုရိသတွေ မက်မော အောင်ပြတဲ့ပို့စ်
မဟုတ်ပါဘူး။ စင်မြင့်ပေါ်မှာ အသက်ရှူအောင့်၊ ခန္ဓာကိုယ်က ကြွက်သားတွေကို ညှစ်ထုတ်ပြီး
နဖူးကချွေး ခြေမကျလောက်တဲ့ထိ ပင်ပင်ပန်းပန်း လုပ်ရပါတယ်။ တခြားအလှမယ်တွေလို
ပေါ့ပေါ့ပါးပါးနဲ့ catwalk လျှောက်ပြီး၊ အလှပြလို့ရတဲ့ ပုံစံ မဟုတ်ပါဘူး။ သူတို့တွေထက်
ပင်ပန်းပြီးတော့ ယှဉ်ပြိုင်ရတာဖြစ်တဲ့တွက် အဲဒီလောက်ထိတော့ မဝေဖန်သင့်ဘူးလို့ ထင်ပါတယ်။
ဒီလို မျိုးဝတ်စုံဆိုတာကလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာပဲ ၀တ်တာပါ။ တကယ့်တကယ် အပြင်မှာ
ဝတ်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိတာပါ"လို့ မကြာသေးခင်ကမှ ပြီးစီးခဲ့တဲ့ နိုင်ငံတကာ
ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ကာယအလှမယ်လေး အေးအေးစိုးက ပြောလိုက်ပါတယ်။

ဇွန်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၂)ကြိမ်မြောက်
အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက်ပြိုင်ပွဲကြီးရဲ့ Women's
Athletic Physique ပြိုင်ပွဲ (၁၆၅ စင်တီမီတာအောက်)မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်
ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမြင့်ဆုံးဆုကို ရယူပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တာမို့ သူ့အနေနဲ့ ကြိုးစားရကျိုးနပ်သလို
နောက်ထပ်နိုင်ငံတကာပွဲတွေမှာ ဆက်ယှဉ်ပြိုင်ဖို့ အားဖြစ်ရပေမယ့် ပြည်တွင်းက ဝေဖန်သူ
တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

"ဆုရလို့ ပျော်ပေမယ့် တစ်ဖက်က ကိုယ့်ကို ဒီလိုမျိုး ဝေဖန်တာတွေရှိတော့ နည်းနည်းတော့
စိတ်ညစ်မိတယ်။ ငါဒီလောက် ကြိုးစားခဲ့တာ ဘာကြောင့်လက်ခံမှုအပြည့်အ၀ မရလည်း
ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ စိတ်ဓာတ်တော့ မကျပါဘူး။ ဒီလိုမျိုးဝေဖန်တာတွေကိုလည်း
ဂရုမစိုက်ချင်ဘူး"လို့ လေးထောင့်ဆန်တဲ့ မျက်နှာလေးနဲ့ လိုက်ဖက်စွာ ခပ်တိုတိုဆံပင် ပုံစံနဲ့
ဆွဲဆောင်မှုရှိစွာ ညိုချောချောလေးချောတဲ့ အေးအေးစိုးက ဆိုလိုက်ပါတယ်။

လူတော်တော်များများအနေနဲ့ ကာယကြံ့ခိုင်မှု အားကစားကို ယောက်ျားလေး ကာယဗလမောင်
တွေနဲ့သာ တွဲပြီး ရင်းနှီးထားကြတာမို့ မိန်းကလေးတစ်ဦးကို ကြွက်သားတွေနဲ့ တွဲမမြင်တတ်
သေးတာက သူ့အတွက် စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေတယ်လို့လည်း ကာယအလှမယ်လေးက
ဆိုပါတယ်။

"ကြွက်သားတွေနဲ့ မိန်းကလေးဆိုရင် ယောက်ျားဆန်တယ်၊ ယောက်ျားစိတ်ပေါက်နေလို့သာ
ဒီကစားနည်းကို လုပ်နိုင်တယ်ဆို ပြီးတော့ ထင်နေကြတယ်။ ဒီမှာက သူများနိုင်ငံနဲ့ယှဉ်ရင်
အားကစားအမြင်က အရမ်းကို နောက်ကျနေတယ်။ အပြင်မှာဆိုရင် ကြွက်သားနဲ့ မိန်းကလေးတွေ
ကို ယောက်ျားစိတ်ရှိတဲ့သူ၊ ယောက်ျားကြီးလို့ပြောကြ၊ လှောင်ပြောင်ကြတယ်။ ညီမအနေနဲ့က
အားကစားသမား တစ်ယောက်အဖြစ် ရွေးချယ်ခဲ့တာက ၀ါသနာနဲ့ ရပ်တည်မှုအတွက်ကြောင့်ပါ။
ကျွန်မက တခြားမိန်းကလေးတွေလို မိန်းမဆန်ဆန်နေချင်၊ ၀တ်စားသွားလာချင်တဲ့ မိန်းကလေး
စစ်စစ်ပါ။ ကျွန်မ ယောက်ျားမဟုတ်ပါဘူး"လို့ ဆိုပါတယ်။

"ဒါတောင် ဒီအမြင်တွေက ခုချိန်မှာ အရင်ကထက်စာရင် နည်းသွားတာပါ။ အခုညီမကို လက်ခံ
အားပေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒီလိုမျိုး တခြားသူတွေ အမြင်ပြောင်းလဲဖို့ဆိုတာက
နောက်ထပ်အချိန်တွေ ကြာလာရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်။ ညီမတို့က အခုက
ဒီလိုပုံစံနဲ့ သတင်းစာတွေ၊ နောက်ဖေ့စ်ဘွတ်ခ်တွေမှာ ပထမဦးဆုံးလို တွေ့ရတော့ ပြောချင်ရက်
လက်တို့ဖြစ်နေတဲ့ သူတွေကသာ ပြောကြတယ်လို့ မြင်ပါတယ်"လို့လည်း အေးအေးစိုးက
ထပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ကာယအလှမယ် ရွေးချယ်တဲ့ပွဲတွေကို မြန်မာနိုင်ငံရဲ့ဝတ်စား ဆင်ယင်မှု
စံထုံးအရသာ ၀တ်ဆင်ယှဉ်ပြိုင်ခဲ့ရာကနေ ၂၀၁၂ ခုနှစ်ကစတင်ပြီး အသားကပ် ဘောင်းဘီတိုနဲ့
လက်ပြတ်ဝတ်စုံတို့ကို ပြောင်းလဲ ၀တ်ဆင်ခဲ့ကြပေမယ့် နိုင်ငံတကာပွဲတွေမှာတော့
သတ်မှတ်ထားတဲ့ ရေကူးဝတ်စုံ အမျိုးအစားတွေကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာဖြစ်တယ်လို့
ကာယဗလနှင့် ကာယကြံ့ခိုင်မှုအား ကစားအဖွဲ့ချုပ်မှာ အမျိုးသမီးနည်းပြချုပ်၊ ဒိုင်လူကြီးအဖြစ်
ဆောင်ရွက်နေတဲ့ ကာယအလှမယ်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်ရည်ရည်ဝင်းက ပြောပါတယ်။

"အားကစားနည်းအရ လိုအပ်တာကြောင့် မဖြစ်မနေ ရေကူးဝတ်စုံကိုမှ ကြိုးသိုင်းထားတဲ့ ပုံစံနဲ့
ဝင်ရောက်ယှဉ်ပြိုင်ရတာပါ။ ပြိုင်ပွဲဝင်တွေရဲ့ ကြွက်သားကို အဓိကထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်ပြီး
အဆီကင်းတာကို ပြရတာဖြစ်တဲ့တွက်ကြောင့် တခြားအလှမယ်မစ္စပြိုင်ပွဲ တွေနဲ့မတူဘဲ
ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရတယ်။ ပေါင်ရင်းကနေ ခြေဖျားထိ ကြွက်သားတည် ဆောက်ပုံ၊
ကျောဆိုလည်း ကျစ်လစ်တဲ့အချိုး အဆစ်ကို မြင်နေရမှ အမှတ်ပေးလို့ရတာ။ ပြီးတော့ ပြိုင်ပွဲဝင်
တွေရဲ့ ၀တ်စားဆင်ယင်မှု ကိုယ်ဟန်ပြမှုပေါ်မှာ အမှတ်ပေး ဆုံးဖြတ်သွားတာဖြစ်ပါတယ်။
ဒါကြောင့် အ၀တ်အစားကလည်း တစ်ကဏ္ဍအနေနဲ့ အရေးပါအရာ ရောက်နေတယ်"လို့ သူက
ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ အေးအေးစိုးရဲ့ ပြိုင်ပွဲဝင်ဟန်။ ဓာတ်ပုံ - အေးအေးစိုး ဖေ့စ်ဘွတ်ခ်

ဒေါ်ရည်ရည်ဝင်းဟာ ပြီးခဲ့တဲ့ စင်ကာပူပြိုင်ပွဲမှာ အေးအေးစိုးအတွက် နည်းပြတစ်ဦး အဖြစ်
ဆောင်ရွက်ခဲ့တာဖြစ်ပြီး အေးအေးစိုးနဲ့ ပတ်သက်လို့ "သူ့အနေနဲ့က အခုမှ အစပဲရှိ သေးတယ်လို့
မြင်ပါတယ်။ အာရှပွဲတွေ၊ ကမ္ဘာပွဲတက်နိုင်ဖို့ နေ့စဉ်နဲ့အမျှ ကျင့်ရမယ်။ တစ်ပွဲတိုးသဘောနဲ့
မဟုတ်ဘဲ နှစ်နဲ့ချီပြီး ကျင့်ရမယ်။ ဒါကြောင့် သူ့ကို ဆက်ပြီးကြိုးစားစေချင်တယ်" လို့
တိုက်တွန်းသလို "ဒီထက်မကမြင့်တဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရဖို့ ရည်မှန်းထားတယ်"
လို့လည်း ဆိုပါသေးတယ်။

လက်ရှိမှာ ရန်ကုန်မြို့ရဲ့ နာမည်ကြီး အားကစားခန်းမ တစ်ခုဖြစ်တဲ့ Balance Fitness Centre မှာ
personal trainer တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မအေးအေးစိုးကလည်း သူ့ရဲ့ ပရော်ဖက်ရှင်
အလုပ်တစ်ခုအဖြစ် ဒီအားကစားကို လုပ်ဆောင်သွားမှာသလို အဖွဲ့ချုပ်အနေနဲ့လည်း သူ့ကို
ဆက်ပြီးရွေးချယ်မယ်ဆိုရင် နိုင်ငံတကာပြိုင်ပွဲဝင်တွေ ၀င်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

"မိန်းကလေးတွေက ပင်ပန်းတာမို့ ဒီအားကစားနည်းကို မနှစ်သက်ကြဘူး။ ဒီကစားနည်းက
တခြားနဲ့မတူတဲ့အချက်က အဲဒါပဲ။ တော်ရုံစိတ်ဓာတ်နဲ့မှ ထွန်းပေါက်နိုင်မယ်လို့ ထင်တယ်။
ညီမလည်း အရမ်းပင်ပန်းတဲ့အချိန် တွေကျရင် လက်လျှော့ဖို့ထိ စဉ်းစားဖူးတယ်။ ဒါပေမဲ့
ဒီအားကစားနည်းနဲ့ ၀င်ငွေရှိလာတယ်။ ဆုရလာတယ်။ လူတွေ သတိထားမိလာတယ်ဆိုတော့
ဒီကစားနည်းနဲ့ ညီမနဲ့ စန်းရှိတယ်လို့ထင်တယ်။ ကိုယ်တိုင်ထရိန်နာ လုပ်တဲ့အခါကျတော့
ကိုယ်တိုင်လှနေမှ၊ ကျစ်လျစ်နေမှ ကိုယ့်ရဲ့သင်တန်းသားတွေက ကိုယ့်ကိုယုံကြည်မှာလေ။
ဒါကြောင့် ပိုလုပ် ဖြစ်လာတယ်။ အခုလို ဆုတွေရတာကလည်း ညီမ ဒီအားကစားနည်းကို
ဆက်လုပ်သွားဖို့ တွန်းအားတစ်ခုပါ"လို့လည်း အေးအေးစိုးက ဆိုပါတယ်။

အားကစားလောကထဲ ရောက်ဖြစ်ပုံကိုတော့ အသက် ၁၆ နှစ်အရွယ်၊ ၁၀ တန်းအောင် ပြီးခါစမှာ
လက်ဦးဆရာဖြစ်တဲ့ ဦးမောင်မောင်ကြည်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ခန္ဓာကိုယ်ကြံ့ ခိုင်လှပအောင်
ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခဲ့ရာကနေ ဆရာ့ရဲ့တိုက်တွန်းမှုကြောင့် ပြည်တွင်း ပွဲတွေ ၀င်ပြိုင်ဖို့
အတွက် စတင်လေ့ကျင့်ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။

"အသက် ၂၀၊ ၂၀၁၀ လောက်မှာ ပြည်တွင်းပြိုင်ပွဲ ၀င်ပြိုင်ခဲ့တယ်။ ဆုရပြီးတော့ နောက်ပိုင်းမှာ
ဆရာရဲ့ လေ့ကျင့်ရေးစခန်းမှာ နည်းပြလုပ်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတကာပွဲမှာ
ဆုရပြီးတော့ နာမည်ကြီး gym မှာ နည်းပြလုပ်ခဲ့တယ်"လို့ နိုင်ငံတကာပွဲလေးကြိမ်
သွားရောက်ခဲ့ဖူးပြီး ရှေ့သုံးကြိမ်မှာ တတိယဆု၊ ပဉ္စမဆုနဲ့ ဆဋ္ဌမဆုတို့ကို ရရှိခဲ့တဲ့ အေးအေးစိုးက
ပြောပါတယ်။

လက်ဦးဆရာဖြစ်တဲ့ အသက် ၄၃ နှစ် အရွယ် ဦးမောင်မောင်ကြည်ကလည်း "လွန်ခဲ့တဲ့ ရှစ်နှစ်
လောက်ကဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က မိန်းကလေးတစ်ယောက်အနေနဲ့ မလှတဲ့၊ ကြည့်မကောင်းတဲ့
ထဲမှာ ပါတယ်။ လူကပိန်ပြီး အကောင်သေးတယ်။ လက်ပြင်ကုန်းပြီး တင်လည်းမရှိဘူး။
မိန်းမဆန်ဆန်လှအောင် မလုပ်နိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံပိုင်ရှင် တစ်ဦးပါ။ သူ့မှာ ပြည့်စုံတဲ့၊
ကျွန်တော် သဘောကျတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါက အားကစားစိတ်ဓာတ်ပြင်းထန်တယ်။
လွယ်လွယ်နဲ့ အလျှော့မပေးဘူး။ ဒါကြောင့် မိန်းမတစ်ယောက်အနေနဲ့ ကြံ့ခိုင်တဲ့ ပုံစံဖြစ်
အောင်ရယ်၊ နောင်တစ်ချိန် ပြိုင်ပွဲတွေရှိရင် ၀င်ပြိုင်နိုင်အောင်ရယ်ဆိုပြီး သူ့ကို လေ့ကျင့်ခိုင်းခဲ့တာ
ပါ။ အခုဆိုရင် သူဖြစ်ချင်တဲ့၊ လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို သူ့အစွမ်းအစနဲ့ ရအောင် လုပ်နိုင်ခဲ့ပြီ။
ဒါပေမဲ့ သူ့ကို ဒီထက် ကြိုးစားစေချင်တယ်"လို့ဆိုပါတယ်။

အရပ် ၅ ပေ၊ ၄ လက်မမှာ ပေါင်ချိန် ၁၁၆ ပေါင်ကို အားကစားစွမ်းရည်နဲ့ ထိန်းသိမ်းထားနိုင်တဲ့
အေးအေးစိုးကလည်း "အရင်က မှန်ဆိုတာကို မကြည့်ချင်ဘူး။ ဒါပေမဲ့ အခု နိုင်ငံတကာပြိုင်ပွဲတွေ
ဝင်ဖို့ လေ့ကျင့်လိုက်၊ ကိုယ့်ခန္ဓာကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်လိုက်၊ ကျေနပ်လိုက်နဲ့ပဲ မိန်းကလေး
တန်မယ့် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေအောက်မှာ အသားကျလာခဲ့တာပါ။ ဒီကစားနည်းကြောင့်
ကျန်းမာရေးပိုင်း ကောင်းမွန်တာ၊ ပြင်ပကလာတဲ့ ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုး တွေရန်ကို
ကာကွယ်တာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်တာတွေက အားသာချက်တွေဖြစ်သလို
အားနည်းချက်ကတော့ အခန့်မသင့်ရင် ထိခိုက်မိတတ်တာပါပဲ။ အဲဒါကတော့ ဂရုစိုက်ရတာပေါ့"
လို့ ဆိုပါတယ်။

အပင်ပန်းခံ လေ့ကျင့်ခဲ့သလို အစားအသောက်ကိုလည်း ထိန်းချုပ်ခဲ့တာမို့ ပြောင်းလဲလာတဲ့
သူ့ခန္ဓာကိုယ်ကို သဘောကျတယ်လို့လည်း အေးအေးစိုးက ဆိုပါတယ်။

"ညီမ အသက် ၁၈ နှစ်အရွယ်လောက်ကတည်း ခင်မင်တဲ့ သူငယ်ချင်းတွေထဲ တောင်မှာမှ
ဒီအားကစားနည်းကို ရွေးချယ်ပြီး ဒီလောက်လေ့ကျင့်လို့ ဗလထွက်လာရင် ယောက်ျားကြီးနဲ့
တူနေဦးမယ်ဆိုတဲ့ စကားတွေကို ပြန်ကြားရတယ်။ အခုမှမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေက
အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ တစ်ကိုယ်လုံးက အစိတ်အပိုင်းတွေကို ကြိုက်တယ်။ ဒါပေမဲ့
လက်မောင်းနဲ့ ကျောပြင်တွေကို ပိုပြီးသဘောကျတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ကို
ပိုပြီးကျစ်လျစ်ကြံ့ခိုင်စေတယ်လို့ ထင်တာကြောင့်"လို့ ဆိုပါတယ်။

အနာခံခဲ့တာမို့ ခုချိန်မှာ အသာစံနေရပြီလည်း ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကို
ဆက်ထိန်းထားနိုင်ဖို့ရင်တော့ လေ့ကျင့်မှုတွေကို ဆက်လုပ်နေရ ဦးမှာဖြစ်ပါတယ်။ သူ့အနေနဲ့
ပုံမှန်တစ်ရက် လေ့ကျင့်ချိန် နှစ်နာရီလောက်ရှိပြီး ပြိုင်ပွဲ နီးကပ်တဲ့အခါမှာတော့ လေ့ကျင့်ချိန်
တစ်ကြိမ်ကို တစ်နာရီခွဲနှုန်းနဲ့ တစ်နေ့ သုံးကြိမ် ပြင်းပြင်းထန်ထန်လေ့ကျင့်တဲ့အပြင် diet control
တွေပါ လုပ်ရတယ်လို့လည်း ဆိုပါတယ်။

"ဒီလိုမျိုးရပ်တည်နိုင်ဖို့ ရှစ်နှစ်တွင်း အစားဆင်းရဲခံ၊ အငန်၊ အချိုတွေ အရသာ ရှိတဲ့အစားမှန်သမျှ
ချင့်ချိန်စား၊ ကာဗွန် ဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေ ဖြတ်တောက်၊ အချိန်တိုင်း
လေ့ကျင့်ခန်း တွေလုပ်ပြီး နေလာရတယ်။ လေ့ကျင့်တာက လေ့ကျင့်တာပဲ၊ နောက်ပြီး ပြိုင်ပွဲနီးရင်
diet control လုပ်ရ။ အဲဒီအခါ စားရတဲ့ ကြက်သားက ရော်ဘာတုံးကို စားရသလိုပဲ။ အပြင်အစာ
ကို ရန်သူလို့သတ်မှတ်ပြီး အရသာ မရှိတာကို ဒါက အရသာရှိတယ်၊ ပြိုင်ပွဲဝင်ရင် ကိုယ့်အတွက်
ကောင်းကျိုးရှိတဲ့ အစားသောက်ဆိုပြီး ရေလုံပြုတ်တွေ စားခဲ့ရတယ်။ ဒါကြောင့် ဒီလိုဆုရခဲ့တယ်၊
ဒီအလုပ်နဲ့ပဲ ရပ်တည်ပြီးတော့ မိဘကိုလည်း ထောက်ပံ့ပေးနိုင်တယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ
Industrial Chemistry မေဂျာ နဲ့ ကျောင်းပြီးထားပြီဖြစ်သလို ချစ်သူလည်း ရှိနေပါပြီလို့လည်း
ကာယအလှမယ်လေးက ဆိုပါတယ်။

"ရည်းစားရှိတယ်။ ညီမက ကိုယ်တိုင်လည်း အားကစားသမားမို့လို့ လားမသိဘူး။ အခုခေတ်
ယောက်ျားလေး တော်တော်များများကြားမှာ ခေတ်စားနေတဲ့ ကိုရီးယားစတိုင် ပိန်နေတဲ့သူတွေ
သဘောမကျဘူး။ ယောက်ျားလေးဆိုရင် ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းတဲ့သူပဲ
သဘောကျတယ်" လို့လည်း ဆိုတာကြောင့် သူ့ရဲ့ချစ်သူဟာ ထောင်ထောင်မောင်းမောင်းနဲ့
ဗလတောင့်တင်းသူဖြစ်မယ်ဆိုတာ သေချာနေပါပြီ။

Myanmar Times