နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 6/25/2014 04:31:00 PM



‘‘သမ္မတရဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး’’



[ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
ယခုရက်ပိုင်း အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ထပ်မံပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် တိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲအချို့ဖြစ်ပွားနေသည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ခုတတိယပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ နုတ်ထွက်ခွင့်ပြုလိုက်ပြီး။ နောက် တခြားနာမည်ကြီးဝန်ကြီးချုပ်တွေကိုရော အနားပေးဖို့ရှိလား။

ဖြေ- ဝန်ကြီးချုပ်တစ်ယောက်ကိုလဲဖို့က အတော်ခက်ခဲတယ်။ တော်တော်ခက်တယ်ဆိုတာ နယ်မြေလူထုအခြေအနေ၊ အဲဒီမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို ကြည့်ရတာပေါ့။ အတတ်နိုင်ဆုံး တည်ငြိမ်နေရင်တော့ လဲစရာမရှိဘူး။ မတည်ငြိမ်ရင်တော့ တည်ငြိမ်အောင် နည်းပေါင်းမျိုးစုံကြိုးစားရတာပေါ့။ ပြည်နယ်အတွက်၊ တိုင်းဒေသကြီးအတွက် စိတ်ပူနေရရင် သူ့ကို ဒုက္ခပေးသလိုဖြစ်တာပေါ့။

မေး- ဒါဆို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သမ္မတကြီးကို ဒုက္ခပေးလို့ နုတ်ထွက်ခွင့်ပြုလိုက်တာလား။

ဖြေ- သူ့ကို ဒုက္ခပေးတာတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အရေးအခင်းကို ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်နိုင်ဘူးပေါ့။ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေက ခုထိ မပြီးသေးဘူး။ မပြီးသေးတာကို ပြည်နယ်အစိုးရမှာ တာဝန်ရှိတာပေါ့။ ဗဟိုအစိုးရမှာလည်း တာဝန်ရှိတာပေါ့။ ပြည်နယ်အစိုးရက မဖြေရှင်းနိုင်ဘူးလေ။

မေး- အခုနောက်ပိုင်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အရှိန်လျော့သွားတယ်လို့ ပညာရှင်တွေက ဝေဖန်တာတွေရှိပါတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားတာလဲ။

ဖြေ- အဓိက,ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတာ အားလုံးအစစအရာရာ ပြုပြင်ပြောင်းလဲရမှာပဲ။ အင်စတီကျူးရှင်းတွေက မခိုင်မာဘူး။ အရင်တုန်းက အင်စတီကျူးရှင်းတွေက ဗဟိုဦးစီးစနစ်ကို အထောက်အကူပြုတဲ့ အင်စတီကျူးရှင်းတွေပေါ့။ အင်စတီကျူးရှင်းတွေ မခိုင်မာတော့အပေါ်က ဘယ်လောက်ပြောင်းပြောင်း နောက်က အင်စတီကျူးရှင်းတွေက မလိုက်တဲ့အခါကျတော့ နောက်ကလူတွေက မပါဘူး။

မေး- တချို့ပြုတ်သင့်တဲ့ ဝန်ကြီးတွေ မပြုတ်ဘူးလို့ သမ္မတကို ဝေဖန်တဲ့ အပေါ်မှာကော။

ဖြေ- ဒါက နှစ်ဖက်အမြင်ပေါ့။ သမ္မတလည်း ဝန်ကြီးတစ်ယောက်ကို ဖြုတ်ဖို့ဆိုတာ တော်တော်စဉ်းစားမှာပေါ့။ စဉ်းစားတဲ့အခါမှာလည်း ကောင်းကွက်တွေ၊ ဆိုးကွက်တွေ ယှဉ်ပြီးစဉ်စားမှာပေါ့။ ကောင်းကွက်တွေက ဆိုးကွက်တွေကို ကျော်လွှားသွားနိုင်ရင် ဆက်ရှိနေမှာပေါ့။ ဆိုးကွက်တွေများပြီး ကောင်းကွက်မရှိရင်လည်း ပါသွားမှာပေါ့။

မေး- သမ္မတရဲ့ တတိယပြုပြင်ပြောင်းလဲရေးမှာ ဘာတွေလုပ်မှာလဲ။

ဖြေ- သူရဲ့ မဟာဗျူဟာ လုံးဝမပြောင်းဘူးဗျ။ သူက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်မယ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်။ ပုဂ္ဂလိကပိုင်းကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်။ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲရေး။ ဒီပြုပြင်ပြောင်းလဲရေး လေးခုကတော့ သူရဲ့မဟာဗျူဟာပဲ။ ဒါကို လုံးဝမပြောင်းဘူး။ ပထမအဆင့်မှာ အရှိန်မြှင့်မယ်။ အရှိန်လျော့သွားရင် ဒုတိယအကြိမ် အရှိန်ထပ်မြှင့်မယ်။ ဒုတိယအဆင့်မှာ အရှိန်လျော့သွားရင် တတိယအဆင့်ကို အရှိန်ထပ်မြှင့်တာပဲ။ သူရဲ့မဟာဗျူဟာက လုံးဝမပြောင်းဘူး။ ဒါတွေအားလုံး ပြုပြင်ပြောင်းလဲရေး လုပ်မှာပဲ။

မေး- နည်းနည်းအသေးစိတ် ပြောပြပေးပါလား။ တတိယပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဘာတွေအဓိကလုပ်မလဲ။

ဖြေ- အဓိက,ကတော့ သမ္မတကြီး ပြောပြောနေတာကတော့ ပြည်သူလူထုဆင်းရဲနေတာကို သူ ဒါကို ဝိုင်းလုပ်ပေးချင်တယ်လို့ အမြဲတမ်းပြောနေမယ်။ ပြည်သူလူထု ဆင်းရဲနေတာကို နည်းလမ်းနှစ်ခု လုပ်လို့ရတာပေါ့။ တစ်ခုကတော့ သူတို့ ချမ်းသာအောင်လုပ်ပေးတာ။ နောက်တစ်ခုက ချမ်းသာအောင် မလုပ်ပေးနိုင်ရင်တောင်မှ သူတို့ကို ဒုက္ခမရောက်အောင် လုပ်ပေးတာ။

မေး- ဒီရက်ပိုင်းမှာ အစိုးရအဖွဲ့တချို့ အပြောင်းအလဲဖြစ်မယ်လို့ သတင်းတွေထွက်နေပါတယ်။ ဘယ်လိုလူမျိုးတွေဖြစ်နိုင်လဲ။

ဖြေ- သမ္မတကြီးပြောခဲ့တာရှိတာပဲ။ သူပြုပြင်ပြောင်းလဲရေးလုပ်မယ် ပထမအဆင့်လုပ်ပြီးပြီ။ ဒုတိယအဆင့်လုပ်ပြီးပြီ။ အခု တတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်တာပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာလည်း သူ့ရဲ့ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး။ ဒါက ရှင်းရှင်းလေးပဲ။ ပထမအဆင့် ပြုပြင်ပြောင်းလဲရေးတုန်းကလည်း သူလက်တွဲလို့ရတဲ့လူ တွဲတာပဲ။ မရတဲ့လူဖြုတ်ခဲ့တာပေါ့။ ဒုတိယအဆင့် ဒီလိုပဲလုပ်တာပေါ့။ တတိယအဆင့်မှာလည်း လုပ်နိုင်တာပေါ့။ သူရဲ့ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့လူတွေကို ခိုင်းရမှာပဲ။ သူရဲ့ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့အတွက်။

မေး- ဘယ်သူတွေပါသွားနိုင်လဲ။ ကျန်းမာရေးဝန်ကြီးပါတယ်လို့ ကြားနေလို့။

ဖြေ- ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က လျှောက်သွားနေရတာ။ ဒီတစ်ပတ်အတွင်းမှာ ဖြစ်သွားတာတွေကို အပ်ကျမပ်ကျမသိဘူး။

မေး- ဦးဆန်းဆင့်ကိုကော အဓိက ဘာဖြစ်လို့ အရေးယူလိုက်တာလဲ။

ဖြေ- သူ့ကို အထောက်အပံ့မဖြစ်လို့ပဲ ဖြစ်မှာပေါ့။ သူ့ကို အထောက်အပံ့မဖြစ်တဲ့လူကတော့ သူထားမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့လည်း အထောက်အပံ့ ဒီနေ့မဖြစ်ရင် ဒီနေ့သွားရမှာပဲ။ ဒါကတော့ မဆန်းဘူး။ သမ္မတက သူခိုင်းတဲ့အလုပ်ကိုမလုပ်ရင် သူက ဝန်ကြီးကို လဲပစ်လို့ရတယ်။ ဝန်ကြီးတစ်ဦးကလည်း သူလုပ်ချင်လို့ မဟာဗျူဟာကိုတင်ပြလို့ သမ္မတက ဒါကိုခွင့်မပြုရင်လည်း သူ့ဘာသာသူ နုတ်ထွက်ရမယ်။ အင်စတီကျူးရှင်းတွေ ခိုင်မာအောင်လုပ်ဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်နိုင်မှပဲ ပြုပြင်ပြောင်းလဲရေးဖြစ်မှာပဲ။

မေး- သမ္မတကြီးရဲ့နှလုံးထဲမှာ ထည့်ထားတဲ့စက် လဲလိုက်ပြီလို့ ကြားတယ် ဟုတ်လား။

ဖြေ- သူ့အချိန်နဲ့သူ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ဆေးစစ်ခံပါတယ်။ ဆေးစစ်ခံတဲ့အခါမှာလည်း ကျန်းမာရေးကောင်းနေတယ်ဆိုတာ သိရတယ်။

မေး- KNU နဲ့ တိုက်ပွဲပြန်ဖြစ်တာတွေရှိတယ်။ NCCT နဲ့ ဆွေးနွေးပွဲကလည်း ရပ်ဆိုင်းထားတယ်ဆိုတော့ ငြိမ်းချမ်းရေးက ဘယ်လိုဖြစ်သွားတာလဲ။

ဖြေ- ကရင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စက ဒါတိုက်ပွဲလို့ မခေါ်သင့်ဘူး။ တပ်ချင်းမှားတယ်လို့ပဲ ခေါ်တယ်။ နှစ်ဖက်ပြောကြဆိုကြတာလည်း တပ်ချင်းမှားတယ်လို့ ဒီလိုပြောကြတယ်။ ရှမ်းပြည်နယ် ဖြစ်တာကလည်း ငြိမ်းချမ်းရေးဆိုတာဟာ အပစ်အခတ်ရပ်စဲရေးပြီးတဲ့အခါမှာ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ နယ်မြေသတ်မှတ်တာ၊ စစ်မြေပြင်လိုက်နာရမယ့် စည်းကမ်းဒါတွေ မလုပ်နိုင်သေးဘူး။ ဒါတွေမလုပ်နိုင်သေးတဲ့ကာလမှာ ဒီလိုပဲဖြစ်မှာပဲ။ ဒီနေ့လက်မှတ်ထိုးတာနဲ့ မနက်ဖြန် သေနတ်သံ လုံးဝစဲသွားပြီလို့ပြောလို့မရပါဘူး။ ဒီအခြေအနေကို ထိန်းသိမ်းနိုင်ဖို့လိုတာပေါ့။

မေး- တပ်မတော်သားတွေကို ဘာဖြစ်လို့တောင်းပန်တာလဲ။

ဖြေ- ကျွန်တော်က တပ်မတော်သားတစ်ယောက်ဖြစ်တယ်။ ကျွန်တော်ပြောတဲ့စကားကို တပ်မတော်သားတွေက စိတ်ဆိုးကြတယ်။ စိတ်မကောင်းဖြစ်ကြတယ်။ ကျွန်တော့်အနေနဲ့ ဒါ တောင်းပန်သင့်တယ်လို့ ထင်တာပေါ့နော်။ ကြီးတယ်၊ ငယ်တယ် သဘောမထားပါဘူး။ ဒါက ဒီမိုကရေစီကျင့်စဉ်မှာ တောင်းပန်တယ်ဆိုတာ ကျင့်စဉ်တစ်ခုပါ။

မေး- ဘာများ ဖြည့်စွက်ပြောကြားချင်ပါသေးလဲ။

ဖြေ- ဒီအချိန်မှာတော့ ကိုယ်လည်း သိပ်များများမပြောချင်ဘူး။ ဒီအချိန်မှာတော့ ဦးလှဆွေပြောသလိုပဲ ‘ဦးအောင်မင်းက ဆန္ဒစောနေတဲ့ပုံပေါ်တယ်။ ဦးအောင်မင်းက စားလည်းဒီစိတ်။ အိပ်လည်းဒီစိတ် ဒီလိုဖြစ်နေတယ်’ ငြိမ်းချမ်းရေးအတွက်ကို သူပြောတာ တကယ်မှန်တယ်။ ကိုယ့်ဆီမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ငြိမ်းချမ်းရေးပဲ အဓိကထားပါတယ်။ ဒါကိုပဲ အမြဲတမ်းကြည့်နေတယ်။

ကျေးဇူးတင်ပါတယ်။        ။

7day daily