မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

ပို့စ်တင်ချိန် - 7/31/2013 12:20:00 PM


ဖျာပုံ ဇူလိုင် ၃၀

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက်သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက်အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီမှ စတင်ကာ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန် ခဲ့ပြီဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းနှင့် ဆက်သွယ်ထားသော  ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို အဆိုပါအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင် ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ် ကုလားထပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ Beach Man Hole ရှိ Joint  ကို ဖွင့်ပြီး ပင်လယ်ရေအောက် ကေဘယ်နှင့် ကုန်းတွင်းပိုင်း မြေအောက်ကေဘယ်ကြိုး Joint အဆက်ကို ပြန်လည်ဆက်သွယ် နိုင်ခဲ့ရာမှ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီတွင် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားခြင်းဖြစ်သည်။

အင်တာနက် ကေဘယ်ဆက်ကြေင်း ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင် ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်မြှုပ်ထားသော ပါဝါကေဘယ်ကြိုး ပေါက်ပြီး ပါဝါယိုစိမ့်မှု ဖြစ်ပေါ်နေခြင်းကို ပါဝါကေဘယ်ကြိုး အရှည်မီတာ ၅၀၀ဖြင့် အစားထိုးပြုပြင် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားပြီဖြစ်သည်။

Ministry of Information