ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့ပြီးနောက် ထိုင်းဘုရင်ဟု ရာခိုင်နှုန်း ၉၀ ခန့်မှန်းနိုင်ပြီး တူးဖော်မှုများကို သြဂုတ်တွင် ဆက်လက်ပြုလုပ်သွားမည်

ပို့စ်တင်ချိန် - 7/31/2013 08:54:00 AM

ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား မြန်မာ-ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် ဘုရင်၏ ဆွေတော်မျိုးတော်များက ဖွင့်လှစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် (ဓာတ်ပုံ-ဆရာဝန် တင်မောင်ကြည် (မန္တလေး))
ယိုးဒယားဘုရင်ဟောင်း ကျောက်ဘွားဒေါက်မဒူဝါး၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေး ခဲ့ကြပြီးနောက် ထိုင်းဘုရင်ဟု ၉၀ ရာခိုင်နှုန်း ခန့်မှန်းနိုင်ပြီဖြစ်ပြီး တူးဖော်မှုများကို သြဂုတ်လအတွင်း ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင့်ဟောင်း အုတ်ဂူတူးဖော်ရေး ကော်မတီမှ စုံစမ်းသိရသည်။
ယင်းသို့ ယိုးဒယားဘုရင်ဟောင်း၏ အရိုးအိုးအား ဇွန်လအတွင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြန်မာ-ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ မြန်မာမှု ဗိသုကာပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ထိုင်းနိုင်ငံမှ ပညာရှင်များ၊ ဘုရင်၏ ဆွေတော်မျိုးတော်များရှေ့တွင် အရိုးအား စစ်ဆေးကြည့်ရှု ခဲ့ကြသည်။
ထိုင်းဘုရင့်ဟောင်း၏ သင်္ချိုင်းဂူအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ လာရောက်လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တူးဖော်မှုများကို စတင်ခဲ့သည်။ တူးဖော်မှုများ စတင်ပြီးနောက် မတ်လအတွင်း၌ ထိုင်းဘုရင်နှင့် သက်ဆိုင်သည့် မှန်စီသပိတ်နှင့် ပြုလုပ်ထားသည့် ထိုင်းဘုရင်၏ အရိုးအိုးနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
"ထိုင်းဘုရင်ဟောင်းရဲ့ အရိုးအိုးကို ဖွင့်ပြီးစစ်ဆေးလိုက်တဲ့ အခါမှာ အရိုးမှာ သင်္ကန်းစတွေ ကပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒါဟာ ရဟန်းတစ်ပါးရဲ့ အရိုးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလို လေ့လာမှုကို တစ်နေကုန် ပြုလုပ်ကြပါတယ်။ သူတို့နိုင်ငံက တာဝန်ရှိသူတွေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယအဆင့် တူးဖော်မှုတွေကိုတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက် ရယူပြီးတော့ သြဂုတ်လအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဆရာဝန်တင်မောင်ကြည် (မန္တလေး) က ပြောကြားခဲ့သည်။
အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူနေရာအား အယုဒ္ဓယ ကျေးရွာငယ်ပုံစံနှင့် အပန်းဖြေဥယျာဉ်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ယိုးဒယား အစားအစာများ၊ အပျော်စီး ကားများပါ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားကြောင်း၊ မြေနေရာကိုလည်း ၆ ဧက အကျယ် ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရသို့ တင်ပြတောင်းခံထားကြောင်း သိရသည်။

Eleven