ရှန်ဟိုင်းတွင် အပူချိန် စံချိန်တင်မြင့်မားမှုကြောင့် လူ ၁၀ ဦးသေဆုံး

ပို့စ်တင်ချိန် - 7/31/2013 04:18:00 PM


ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။


တရုတ်အစိုးရသည် ရှန်ဟိုင်းမြို့နေ ပြည်သူများ အနေဖြင့် အပူချိန် မြင့်တက်မှုကို ဂရုတစိုက် ကိုင်တွယ် တုံ့ပြန်ရန် သတိပေးထားကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။ တရုတ်နိုင်ငံ၏ အထင်ကရ စီးပွားရေး ဗဟိုအချက်အခြာ မြို့ကြီးတစ်မြို့ဖြစ်သော ရှန်ဟိုင်းတွင် အနည်းဆုံး လူ(၁၀)ဦးမျှ ပြင်းပြင်းထန်ထန် အပူရှပ်ကာ သေဆုံးခဲ့သည်။

ယခုဇူလိုင်လသည် နှစ်ပေါင်း(၁၄၀)ကျော် ကာလအတွင်း ရှန်ဟိုင်း၌ အပူချိန် အမြင့်မားဆုံး ဖြစ်ခဲ့ကြောင်းလည်း မိုးလေဝသ ပညာရှင်များက ပြောကြားထားသည်။  ဒေသဆိုင်ရာ သတင်းမီဒီယာသမား အချို့က အပူလွန်ကဲမှုကို လူအများ သတိပြုမိစေရန် ရည်ရွယ်ကာ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဒယ်အိုးတည်ကာ မီးမမြှိုက်ဘဲ ဝက်သား ကြော်ပြခြင်းဖြင့် သရုပ်ပြ သတိပေးကြသည်။ အဆိုပါ အသားတုံးသည် (၁၀)မိနစ်အတွင်း ကျက်သွားသည်။ အမျိုးသားအဆင့် အပူချိန် သတိပေး နှိုးဆော်ချက်ကို အန်ဟွိုင်၊ ဂျီယန်ဆု၊ ဟူနန်၊ ဟူဘိုင်း၊ ရှန်ဟိုင်းနှင့် ချုံကင်းတို့ အပါအဝင် ဒေသကြီး (၉)ခု၌ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။ ရှန်ဟိုင်း မိုးလေဝသ ဗျူရိုမှ ပညာရှင်များက မြို့၏ အပူချိန်သည် တစ်လလုံးတွင် အနည်းဆုံး (၂၄)ရက်မျှ (၃၅)ဒီဂရီ ဆဲလ်ဆီးရပ်စ်နှင့် အထက်တွင် ရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"ရှန်ဟိုင်းရဲ့ ကိုယ်ပိုင် မိုးလေဝသ မှတ်တမ်းတွေ အရတော့ အပူချိန်က စံချိန်သစ်ပဲ"ဟု ဗျူရို၏ အကြီးအကဲ ဝူရိုင်းက မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ဒီနှစ်၊ ဇူလိုင်လမှာ ရှန်ဟိုင်းရဲ့ အပူချိန်က (၄၀.၆) ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်ခဲ့သေးတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အပူချိန်ပါပဲ။ ဇူလိုင် တစ်လလုံး အနေနဲ့ တိုင်းတာရင်လည်း အပူချိန် မြင့်တက်မှု စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တယ်"ဟု ဆက်လက် ပြောဆိုသွားသည်။ မြို့ခံတစ်ဦးက "လူတွေ အဲကွန်းမရှိဘဲ နေလို့ကို မရဘူး ဖြစ်နေတယ်။ အပြင်ထွက်လိုက်တာနဲ့ လူစင်စစ်က အကျွတ်ကြော် ဖြစ်သွားလိမ့်မယ်"ဟု Reutersသို့ ပြောကြားသွားသည်။

Planet Myanmar Network