အင်းလျား ကန်ဘောင် အနီး မသင်္ကာဖွယ် အထုပ် နှစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ ရှင်းလင်း

ပို့စ်တင်ချိန် - 10/15/2013 09:53:00 AM

အောက်တိုဘာ လ ( ၁၄ ) ရက်နေ့ ညနေ ( ၆ ) နာရီခွဲ အချိန် တွင် လှိုင်မြို့ နယ်၊ တံတားဖြူ မှတ်တိုင် အနီး တွင် ဗုံးဟု ယူဆ ရသော မသင်္ကာ ဖွယ် ရာ အထုပ် နှစ်ထုပ် အား တွေ့ရှိ ခဲ့သဖြင့်၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်က ရှင်းလင်း ခဲ့ရ ကြောင်း သိရသည်။ အဆိုပါ မသင်္ကာ ဖွယ်ရာ အထုပ် ( ၂ ) ထုပ် မှာ သတင်းစာ စက္ကူ များ ဖြင့် စနစ် တကျ လေးထောင့် ပုံစံ ထုပ်ပိုး ထားပြီး မှတ်တိုင် ခရီးသည် ထိုင်ခုံ ဘေးတွင် ချထား ခြင်း ဖြစ်ကြောင်း လှိုင် မြို့နယ် ရဲစခန်း မှ တာဝန်ကျ တာဝန်မှူး က ဆိုသည်။

“မသင်္ကာ စရာ အထုပ် ( ၂ ) ထုပ် တွေ့လို့ အမှတ် ( ၉၀၅ )၊ စစ်မြေပြင် အင်ဂျင်နီယာ တပ် ကို အကြောင်းကြား ပြီး ရှင်းလင်း ခဲ့တာ ပါ” ဟု အဆိုပါ တာဝန်မှူး က ပြောသည်။ အဆိုပါ မသင်္ကာ ဖွယ်ရာ အထုပ် နှစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ ဗိုလ်မှူး မျိုးဟိန်းစိုး နှင့် အ ဖွဲ့ က ရှင်းလင်း ခဲ့ခြင်း ဖြစ်သည်။

ယင်း ဖြစ်စဉ် ကြောင့် မိနစ် အနည်း ခန့် ယာဉ်ကြော ပိတ်ဆို့မှု များ ဖြစ်ပွား ခဲ့ပြီး သက်ဆိုင်ရာ မှ လာရောက် ရှင်းလင်း ခဲ့ သဖြင့် ယာဉ် သွားလာမှု ပုံမှန် အခြေ အနေ သို့ ပြန်လည် ရောက် ရှိခဲ့ သည် ဟု အင်းယား ကန် အနီး တာဝန် ထမ်းဆောင် နေ သည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

အောက်တိုဘာ ( ၁၄ ) ရက်နေ့ နံနက် ပိုင်း တွင်လည်း အလုံမြို့နယ်၊ စောရန်ပိုင် ရပ်ကွက် ရှိ Western Park II စားသောက် ဆိုင် အတွင်း ဗုံးဟု ယူဆ ရသော အထုပ် တစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ သိမ်းဆည်း ခဲ့သည်။

ထို့အပြင် မန္တလေးမြို့ တွင် အောက်တိုဘာ ( ၁၄ ) ရက်နေ့ မွန်းလွဲ ပိုင်း ၌ လည်း အမေရိကန် နိုင်ငံ ထုတ် M67 အမျိုး အစား ဗုံး တစ်လုံး အား ဓါတ်ခဲ များ ဖြင့် ချိတ်ဆက် ထား သည် ကို ရွှေဘဲစားသောက် ဆိုင် အနီး၌ တွေ့ရှိ ခဲ့ပြီး သက်ဆိုင် ရာမှ Water Cannon စနစ်ဖြင့် ဖောက်ခွဲ ရှင်းလင်း ခဲ့ရ သေးသည်။

အောက်တိုဘာ ( ၁၃ ) ရက်နေ့ တွင် လည်း ရန်ကုန် မြို့တွင် ဗုံးကွဲ မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိ သူများ
ရှိခဲ့ သည်။

မြစ်မခ