တရုတ်ကိုယ်ပျောက်ဒရုန်း ပထမဆုံးပျံသန်း

ပို့စ်တင်ချိန် - 11/23/2013 09:45:00 AM




Sharp Sword လို. အမည် ပေးထားတဲ့ "stealth drone" အမျိုးအစား အဝေးထိန်း ကိုယ်ပျောက် တိုက်လေယာဉ် တစီးကို တရုတ် နိုင်ငံက နိုဝင်ဘာလ ၂၂ ရက်က ပထမဆုံး အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့တယ် လို. တရုတ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

၂၁ ရာစု ရဲ့ အင်အားကြီး နိုင်ငံကြီး ဖြစ်လာဖို့ စီးပွားရေး နဲ့ စစ်ရေး အင်အားတွေ တိုးချဲ့ တည်ဆောက်နေတဲ့ တရုတ် နိုင်ငံမှာ ခု နောက်ဆုံး စမ်းသပ် ပျံသန်း ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ လူလိုက်ပါ မောင်းနှင်တဲ့ stealth နည်းပညာသုံး တိုက်လေယာဉ်တွေရဲ့ စွမ်းအားကို သေချာ မသိရသေးပေမယ့် အဆင့်မြင့် နည်းပညာသုံး စစ်ပစ္စည်းတွေနဲ့ ယာဉ် တွေကို ဒီနှစ်ပိုင်း အတွင်း တရုတ်က ထုတ်လုပ် နေခဲ့တာတော့ သေချာပါတယ်။
ဒီ stealth နည်းပညာက ရေဒါ၊ အနီအောက် ရောင်ခြည် နဲ့ ရေဒီယို လှိုင်း ၊ အသံ အလင်း စတာတွေ ထုတ်လွှင့်မှု ကို လျှော့ချ နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မောင်းသူမဲ့ တရုတ် လေယာဉ်ပျံ တစင်း အရှေ့ တရုတ် ပင်လယ် ထဲက အငြင်းပွားနေတဲ့ ကျွန်းစု တွေနား လာရောက် ပျံသန်း ခဲ့တဲ့ အတွက် ဂျပန် ရဲ့ မျက်မာန်ရှမှုကို ကြုံတွေ့ခဲ့ပါတယ်။


ဒီလေယာဉ်ကို ဂျပန် က ဖိုက်တာ ဂျက် တိုက်လေယာဉ်တွေ လွှတ်ပြီး ပစ်ချဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျပန်က ဒီလို ပစ်ချဖို့ ကြိုးစားရင် ဒါဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့ တရုတ် ကာကွယ်ရေး ဌာနက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒီလို မောင်းသူမဲ့ လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့မှုကြောင့် ခုဆိုရင် တရုတ်ပြည်ဟာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေနဲ့ တန်းတူ နည်းပညာ တိုးတက်မှု ရှိနေပြီလို့ ဟောင်ကောင်ထုတ် ဆောက်ချိုင်းနားပို့စ် သတင်းစာကြီးကလည်း ရေးသားခဲ့ပါတယ်။

ဒီမောင်းသူမဲ့ ယာဉ်ဟာ အမေရိကန် ရေတပ်က လေယာဉ်တင် သင်္ဘော တွေ အတွက် စမ်းသပ် ပျံသန်း နေတဲ့ X-47B မောင်းသူမဲ့ ယာဉ်၊ ပြင်သစ် က စမ်းသပ် နေတဲ့ နျူရုန် စီမံကိန်းက ယာဉ်တွေနဲ့ အသွင် တူနေပါတယ်။

ဒါဟာ တရုတ် စစ်ရေး အင်အား တိုးချဲ့မှုရဲ့ အရေးကြီးတဲ့ လှေကားတထစ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပေးရှင့်က ဘေဂျင်းကနေ ပေးပို့ပါတယ်။
ဒီလို တရုတ်ပြည်က ငွေကိုသွန်ပြီး စစ်အင်အား တိုးချဲ့ လာမယ်ဆိုရင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ စိုးရိမ် ကြောင့်ကြမှု တိုးပွား လာလိမ့်မယ်လို့လည်း မာတင် ပေးရှင့်က ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း တရုတ်ပြည်ရဲ့ ပထမဆုံး stealth နည်းပညာသုံး တိုက်လေယာဉ်ကို ထုတ်ပြခဲ့ပြီး ၂ဝ၁၈ ခုနှစ်ထိ ဒီလေယာဉ်ကို ပျံသန်း မောင်းနှင်လို့ မရသေးဘူးလို့ သိရပါတယ်။

ယူကရိန်းက လေယာဉ်တင် သင်္ဘော တစင်းကို ၂ဝ၁၁ က တရုတ်က ဝယ်ယူ ခဲ့သလို တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ကိုလည်း အပြီးသတ် မတပ်ဆင်ရသေးဘဲ ရေချ ခဲ့ပါတယ်။

BBC Burmese