လာမည့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်ရှင်ဥက္ကဋ္ဌ ပြောကြား

ပို့စ်တင်ချိန် - 11/23/2013 10:14:00 AM


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည် မဟုတ်ဘဲ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန်အတွက် နည်းဥပဒေကို ပြင်ဆင်လျက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော မဟာဗျူဟာ စီမံချက်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ကော်မရှင်ဥက္ကဋ္ဌက သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည်ဟု သတင်းထွက် နေခြင်းမှာ မှန်ပါသလားဟူသော သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ''မဟုတ်ပါဘူး။ ၂၀၁၅ နှောင်းပိုင်ဖြစ်မှာပေါ့'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တစ်ခုဖြစ်ရန် အတွက်လည်း မဟာဗျူဟာ စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျင်းပပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ၏ အားနည်းချက်များ ထပ်မံမဖြစ်ပေါ် စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲလျက် ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

နည်းဥပဒေတွင် ကြိုတင်မဲများနှင့် ပတ်သက်၍ နံနက် ၆ နာရီနောက်ပိုင်းမှ ရောက်လာသော မဲများကို ပယ်မဲအဖြစ် သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးငွေကို ငါးသိန်းမှ လျှော့ချခြင်း စသည်တို့ကို ကော်မရှင်အနေဖြင့် စီစဉ်ထားကြောင်းနှင့် နိုင်ငံရေးပါတီများကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

Eleven Media Group