မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ

ပို့စ်တင်ချိန် - 11/23/2013 07:34:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ကားဈေးက သူတို့ ဆိပ်ကမ်းအရောက် တန်ဖိုးဖြတ်တဲ့ (CIF) အပေါ်မှာ မူတည်တယ်။ သူထက်ဝက်ကျရင် ကားဈေးလည်း ထက်ဝက် လိုက်ကျမှာပဲ။ သူတက်ရင် လိုက်တက်မယ်။ ဒါပေမဲ့ အတက်ထက် ကျဖို့ ပိုများပါတယ်” ဟု ဦးအေးကျော်က ရှင်းပြသည်။

ရောင်းမထွက်သည့် မော်တော်ယာဉ်များမှာ ရန်ကုန်မြို့တော်ရှိ ယာဉ်ရပ်နား စခန်းများအတွင်း ပြည့်နှက်လျက် ရှိသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ယခင်ကထက် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ထိုးကျနေခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးထွန်းထွန်းက ပြောဆိုသည်။

ဆိပ်ကမ်းအရောက် မော်တော်ယာဉ် တန်ဖိုး (CIF) များကို ၂၀၁၄ ခုနှစ်အတွင်း ထပ်မံ ပြောင်းလဲဦးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly