အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်း မြန်မာနိုင်ငံသို့ ဦးတည်မည့် အခြေအနေမရှိ

ပို့စ်တင်ချိန် - 11/23/2013 09:19:00 AM

နေပြည်တော် နိုဝင်ဘာ ၂၂

ယနေ့ နံနက် ၅ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တွင်ဖြစ် ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်းတိုင်း ဟဲလန် (Helen )သည် အိန္ဒိယနိုင်ငံ၊ ဗီဆာ ကာပတ္တနမ်မြို့၏ အနောက်တောင်ဘက် မိုင် (၁၁၀)ခန့်၊ မာချီလီ ပတ္တနမ်မြို့၏ အရှေ့ဘက် မိုင်(၅၀)ခန့် မြန်မာနိုင်ငံ ကိုးကိုးကျွန်းမြို့၏ အနောက် အနောက်မြောက်ဘက် မိုင် (၆၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် (၂၄) နာရီ အတွင် အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ကမ်းခြေကို မာချီလီပတ္တနမ်မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း ရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်များ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ် နိုင်သည်။

အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်း၏ လက်ရှိ အခြေအနေမှာ အဝါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး၊ ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်းတိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

MOI Webportal Myanmar