ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားစဉ် ကိုယ်တွေ့ ကြုံခဲ့သည့် သံဃာတော် ဦးတေဇနှင့် တွေ့ဆုံခြင်း

(အောင်မြင့်ထွန်း)

ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့၊ မဟာဗောဓိ စေတီဝင်းရှိ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မှုခဲ့သည့် မဟာဗောဓိ ညောင်ပင်နှင့် ပတ်ဝန်းကျင် နေရာများတွင် ဇူလိုင်လ ၇ရက်နေ့ နံနက် ၅နာရီ ၄၅မိနစ်ခန့်မှ စတင်ကာ ဗုံး ကိုးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ ယင်းဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သည့် အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ Magadh University တွင် ပညာ ဆည်းပူးနေသည့် မြန်မာ သံဃာတော် တစ်ပါးနှင့် အွန်လိုင်းမှ မေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ဒီနေ့ အစောပိုင်း မဟာဗောဓိ ညောင်ပင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်တဲ့အချိန်က ဦးပဉ္စင်း ဘယ်နားမှာ ရှိနေလဲ။

UTZ : ဗုံးပေါက်ကွဲတဲ့ နေရာနဲ့ ပေ ၂၀ အကွာမှာ ရှိနေပါတယ်။

Voice : ဗုံးပေါက်တာကို ဘယ်လို မြင်လိုက်ပါလဲ။ ဘာတွေ ကြားလိုက် ရပါသလဲ။

UTZ : ဦးပဉ္စင်း ရှိနေတုန်းက ငါးလုံး ပေါက်ကွဲတာပါ။ တစ်လုံးက ဘုရား ပွင့်တော်မူရာ ညောင်ပင် ခြေရင်းကနေ ပေါက်ကွဲတယ်။ လျှပ်စစ် မီတာပုံး ပေါက်ကွဲသလိုပဲ။ အသံ အတော် ကျယ်တယ်။ နောက်ထပ် သုံးလုံးက အဲဒီ အနီးတစ်ဝိုက်မှာပဲ ထပ်ပေါက်တယ်။ မိနစ်ပိုင်းပဲ ကွာတယ်။ ငါးလုံးမြောက် အလုံးကတော့ မိနစ် ၂၀ လောက်အကြာမှာ ပေါက်ကွဲတယ်။ ဦးပဉ္စင်းက လေးလုံး မြောက်မှာ ထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး အလုံး ကတော့ ဘယ်နားမှာ ပေါက်မှန်း မသိခဲ့ဘူး။

Voice : ဗုံးပေါက်ကွဲတဲ့ နေရာမှာ မြန်မာ သံဃာတော် တစ်ပါး ထိခိုက် ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲဒီ သံဃာ ထိခိုက်သွားတဲ့ ဖြစ်စဉ်ကိုရော မျက်မြင် တွေ့လိုက်ရပါသလား။

UTZ : ဦးပဉ္စင်း အဝေးက မြင်ရတာပါ။ အနားကပ်လို့ မရဘူး။ အနီးမှာရှိတဲ့ ကိုယ်တော် ကလည်း ချက်ချင်းဆိုတော့ သူလည်း ဘာဖြစ်တယ်ဆိုတာ မသိလိုက်ဘူးလို့ ပြောတယ်။ ထိခိုက် ဒဏ်ရာ ရသွားတဲ့ ဦးပဉ္စင်းကတော့ မြင်းခြံ ဇာတိပါ။ ဦးဝိလာသဂ္ဂပါ။

Voice : ဒဏ်ရာ ရသွားတဲ့ ဦးပဉ္စင်းရဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။ စိုးရိမ်ရလား။

UTZ : ဂယာဆေးရုံမှာ အခု ခွဲစိတ်နေပါတယ်။ စိုးရိမ်စရာ မရှိဘူးလို့ ဖုန်းဆက်ပါတယ်။ ခွဲစိတ် တာတော့ အခုထိ (ဇူလိုင်လ ၇ရက်နေ့၊ မွန်းလွဲ ၂နာရီ မိနစ်၃၀ခန့်ထိ) မပြီးသေးဘူး။ ညောင်ပင် ခြေရင်းမှာ ဖုန်းနဲ့ စာဖတ်နေတဲ့အချိန် ဗုံးပေါက်တယ်။အဲဒီဖုန်းက မှန်ကွဲစတွေ စင်တယ်။ ညောင်မြစ်တွေ စင်ပြီး ဒဏ်ရာရတယ်။ ကျောင်းသားတွေ ဆေးဖိုး လှူဖို့ အလှူခံနေတယ်။ တိဘက်၊ ထိုင်း ရဟန်းတော်တွေလည်း ထိခိုက် ဒဏ်ရာ ရတယ်။ လေးဦးလောက် ဒဏ်ရာရတယ်။

Voice : ဗုံးပေါက်ကွဲမှု ဖြစ်တဲ့အချိန် မဟာဗောဓိ ညောင်ပင်အနားမှာ ဘုရားဖူးတွေ အများကြီး ရှိလား။ မြန်မာတွေရော ဘယ်လောက် ရှိနိုင်မလဲ။

UTZ : အဲဒီ အနားမှာတော့ ရဟန်းတွေပဲ ရှိတယ်။ အချိန် စောသေး လို့ ညောင်ပင်အောက်မှာ အဲဒီအချိန် ရောက်တဲ့သူ နည်းသေးတယ်။ မြန်မာ ဘုန်းကြီး အနည်းဆုံး ဆယ်ပါးလောက်ရှိမယ်။ အချိန် နည်းနည်း စော လို့ပါ နောက် တစ်နာရီလောက်ဆို တော်တော်များများ ဒုက္ခရောက်နိုင်တယ်။

Voice : ဗုံးပေါက်ကွဲမှု မဖြစ်ခင်မှာ ဗုံးခွဲမယ်လို့ သတင်းထွက်နေတယ် လို့ ကြားတယ်။

UTZ : လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဗုံးဖောက်မယ့် သတင်း ရတယ်။ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ဒီနေ့ ပေါက်ကွဲပါတယ်။

Voice : မပေါက်ကွဲဘဲ ကျန်တဲ့ ဗုံးတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အဲဒါရော ဟုတ်လား။

UTZ : ထိုင်းကျောင်း၊ တိဘက်ကျောင်း နဲ့ ဂျပန် ဘုရား အနီးမှာ ငါးလုံး တွေ့တယ်။ ဂျပန်ဘုရား အနီးမှာက တစ်လုံး ပေါက်တယ်။ တစ်လုံး မပေါက်ဘဲ တွေ့တယ်။ မပေါက်ဘဲ တွေ့တာ နှစ်လုံး ပြောတယ်။ မဟာဗောဓိမှာ တစ်လုံး ဂျပန်ဘုရားမှာ တစ်လုံး။ အခု အိန္ဒိယ သတင်းဌာန က လွှင့်နေတယ်။

Voice : အခု အခြေအနေ ဘယ်လို ရှိပါသလဲ။

UTZ : လုံခြုံရေးတွေ ချထားတယ်။ ဗုံးပေါက်တဲ့ နေရာကို နိုင်ငံခြား သားတွေ ဝင်လို့ မရတော့ဘူး။ ဦးပဉ္စင်းရှိတုန်း ပေါက်တာကတော့ ငါးနေရာ ပေါက်တယ်။ နောက်ထပ် လေးနေရာမှာ ထပ်ပေါက်တယ် လို့ ဆေးရုံက လာတဲ့ ကိုယ်တော် တစ်ပါး ပြောတယ်။ ဘယ်နေရာလဲဆိုတာ မသိပါဘူး။ အခု ရာသီဥတု အခြေအနေက ချက်ချင်း ပြောင်းသွား တယ်။ ကောင်းကင် တစ်ခုလုံး မည်းတက်လာတယ်။ မိုးတွေ ခြိမ်းနေတယ်။ မိုးမရွာတာလည်း ကြာပြီ တစ်မျိုးကြီးပဲ။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း


ဗုဒ္ဓဂယာ၊ ဇွန် ၇

ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီးတွင်ယနေ့နံနက်က (အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ
၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာဝင်းအတွင်း ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်းဖက်မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။

Ref: AFP ,the Trust of India

Popular Myanmar News Journal

စင်ကာပူထီရောင်းသူများ အရေးယူတော့မည်


ရန်ကုန်  - ဇူလိုင် -၅။                  ။ဈေးကွက်တွင် ရေပန်းစားနေသော စင်ကာပူထီ သည် တရားမဝင်ဝင် ရောက်လာသည့်အတွက် ဖြန့်ချိသူများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအ ရ ပြင်းထန်စွာအရေးယူရန်စီစဉ် နေပြီဖြစ် ကြောင်း ဘဏ္ဍရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအ ခွန်ဦးစီးဌာနမှ သိရသည်။ လက်ရှိ မြန်မာပြည်တွင်း၌ ပြည်သူများအကြား ပံျ့နှံ့စွာဝင် ရောက်လျက်ရှိသော စင်ကာပူထီ သည် တရားမဝင်သော မှောင်ခို လမ်းကြောင်းမှ ပြည်တွင်း သို့ဝင် ရောက်လာခြင်းဖြစ်နိုင်ကြောင်း၊ လက်ဝယ်ရောင်းချနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေပုဒ်မ ၂၉၄(က)နှင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာ လေ သိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးဦးသိန်းနိုင်က ပြောသည်။

ဦးသိန်းနိုင်က ''အခုခေတ် စားနေတဲ့ စင်ကာပူထီဆိုတာဟာ တရားမဝင် မှောင်ခိုလမ်းကြောင်း က ဝင်ရောက်လာတာအများဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဖြန့်ချိ ရောင်းချနေတဲ့ ပြည်တွင်းထီတွေ နဲ့အပြိုင် ရောင်း ချဖြန့် ဖြူးနေ တာ တွေ့ရှိခဲ့ ရင် တော့ တည်ဆဲဥပဒေ ပုဒ်မ ၂၉၄-(က)နဲ့အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။ အဆိုပါထီကိုထိုးထားသော ပြည်သူများအနေဖြင့်လည်း မိမိ ထံတွင်ရှိသော ထီလက်မှတ်သည် စစ် မစစ် သေချာစွာ မသိနိုင် ကြောင်း၊ အကယ်၍ အဆိုပါ စင်ကာပူထီ ပေါက်ခဲ့လျှင်လည်း မည်သို့မည်ပုံ ထုတ်ယူရမည်ကို သေချာစွာမသိ ရှိကြကြောင်း ယင်းကဆက်လက် ပြောသည်။

ယင်းနိုင်ငံမှထီဖြစ်သော ကြောင့် ပေါက်ခဲ့လျှင်လည်း မိမိ နိုင်ငံအတွက်အကျိုးမရှိဘဲ အဆို ပါနိုင်ငံသို့ အခွန်ပေးဆောင်ရ မည်သာဖြစ်ကြောင်း တိုင်းပြည် အတွက် မည်သည့်အကျိုးကျေးဇူး မှ ရရှိမည်မဟုတ်သည့်အတွက် ယင်းထီ များကို ဆက်လက်မထိုး ကြရန် ဦးသိန်းနိုင်က ဆက်လက် ပြောသည်။ ဦးသိန်းနိုင်က ''ပြည်တွင်းထီ ဟာ မြန်မာနိုင်ငံအတွက် အခွန် ငွေအများဆုံးရှာပေးနိုင်တဲ့ လုပ် ငန်းတစ်ခုပါ။ ရရှိလာတဲ့ဝင်ငွေ ရာခိုင်နှုန်း၎ဝဟာ နိုင်ငံတော် ကို ပေးဆောင် ရတာပါ။ အခု သူတို့ ထီဆိုတော့ အခွန်က သူတို့နိုင်ငံ ကပဲရမှာပေါ့။ မြန်မာနိုင်ငံအတွက် ဘာမှ အကျိုးမရှိပါဘူး။ အမျိုး သားရေးကို ထိန်းသိမ်းတဲ့အနေ နဲ့ ပြည်တွင်းကထီကိုပဲ အားပေး စေချင်ပါတယ်''ဟု ပြော သည်။

စင်ကာပူထီထိုးနေသူ တစ် ဦးက ''ကျွန်တော်တို့ ဒီထီကို စိတ် ဝင်စားပြီး ထိုးရတဲ့အချက်က ထီ ပေါက်ရင် ဆုကြေးက ဒေါ်လာ ၂ဒသမ၃သန်းရမှာပါ။ ထီတန် ဖိုးက ဒီမှာဝယ်ရင်မြန်မာငွေ ကျပ် ၃၅ဝဝပဲပေးရတယ်။ အောင်ဘာ လေထီက သိန်း ၁၅ဝဝ ပဲရှိတယ်။ ဒီလိုဆုကြေးကွာခြားနေတဲ့အ တွက် စင်ကာပူထီကို ထိုးတယ်'' ဟုပြောသည်။ အဆိုပါ စင်ကာပူထီသည် အက္ခရာမပါဘဲ ဂဏန်းခုနစ်လုံး သာရှိပြီး အောင်ဘာလေထီသည် အက္ခရာနှင့် ဂဏန်းခြောက်လုံး ဖြစ်သည့် အတွက် ထီဝါသနာရှင် များအနေဖြင့် ဆုမဲအကြီးပေါက် ရန် လွယ်ကူသောပြည်ပမှထီကို သာ စိတ်ဝင်စားမှုများကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါထီ တရားမဝင်အ ပြိုင်ရောင်းချဖြန့်ဖြူးနေခြင်းသည် ပုဒ်မ-၂၉၄(က)၊ ပြစ်ဒဏ်အနေ ဖြင့် ထောင်ဒဏ်ခြောက်လအထိ သတ်မှတ်နိုင်ပြီး ငွေဒဏ်မှာ မနည်း လွန်း မများလွန်းသော ပမာဏ နှင့် ဒဏ်နှစ်ရပ်စလုံးလည်း ပူးတွဲ ကျနိုင်သည် အထိ အရေးယူဆောင် ရွက်နိုင်ကြောင်း ဥပဒေပညာရှင် များထံမှ သိရသည်။

ဝေဝေနှင်း
Yangon Media Group

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကိုပယ်ချ


ဒီမို ဖက်တီး

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ကိုရွှေမန်းမှ တင်သွင်းသောလည်း သမ္မတနှင့် ကာလုံတို့မှ ပယ်ချခြင်း အပေါ် မောင် Ayeyarwadee Khine က အခုလို သုံးသပ်လိုက်ပါတယ် ။

ကြောက်တဲ့စိတ်ရယ် မနာလိုတဲ့ စိတ်ရယ်ပေါ့။ တော်ကြာ သူတို့ တသက်လုံးတောပြောတောင်ပြောတွေ ချေပသူမရှိ အနေအထားကနေ ဖင်ပိတ်ငြင်းမရတဲ့ မေးခွန်းတွေမေး လူကြားထဲ ဘယ်လိုဖြေရမလဲ.. နောက် မနာလိုစိတ်က မောင်ခင်ညွန့် အမြဲလက်သုံးပြောတဲ့ တစ်ခောတ်တစ်ခါ.......မှ မရသေးတဲ့ ငြိမ်းချမ်းရေးရပြီ ဆိုပြီ သောက်ကြွားထူတတ်တဲ့ အကျင့်အတိုင်း တကယ်လို့ များငြိမ်းချမ်းရေးရပြီဆို အများက ဒေါ်စုပါလို့  လို့ ပြောတာမျိုးလဲ မခံချင်သေးဘူးလေ။ အစိုးရ တစ်ဖွဲ့ လုံးပေါင်းမှ ဥာဏ်ရည်နဲ့ စိတ်ဓါတ်က ခြေကစရီရင် ခြေမျက်စေ့က မတက်အဆင့်တွေဆိုတော့။

မလေးရှားမှာအသတ်ခံရပြန်ပြီ

Tun Wai

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။

မူရင်း မလေးရှားသတင်း
7.7.2013

ဓားခုတ် ခံရသူ မသေဘဲ ဓားခုတ်သူ ချော်လဲ၍သေဆုံး

ပုသိမ်   ဇူလိုင်   ၇
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် သဲချောင်း ကျေးရွာ၌  ယမန်နေ့ နံနက်ပိုင်းက  ဓားနှင့် ခုတ်ခံရသူ မသေဘဲ ဓားခုတ်သူ ချော်လဲ ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့  နံနက် ၁၁ နာရီ  ၄၅ မိနစ်က ငပုတောမြို့နယ် ကွင်းဘက်အုပ်စု သဲချောင်း ကျေးရွာနေ သက်ခိုင် ၃၆ နှစ် (ဘ) ဦးစောအေးသည် နေအိမ်၌ ရှိနေစဉ် အတူ နေထိုင်သည့် ဖခင်ဖြစ်သူ ဦးစောအေးသည် အရက်မူးလာပြီး စကားများ ရန်ဖြစ်ရာ ဦးစောအေးမှ အသင့် ပါလာသော ဓားဖြင့် ခုတ်ခဲ့သည်။

ထို့ကြောင့် သက်ခိုင်၏ ဝဲနားရွက် ပြတ်ရှ၊ ဝဲလက်ဖျံ ပြတ်ရှ၊  ဝဲဒူးခေါင်း ပြတ်ရှဒဏ်ရာ ရရှိပြီး  ဦးစောအေးမှာ နေအိမ်ခြံ အတွင်း  ချော်လဲကျစဉ် စဥ့်အိုးကွဲခြမ်းနှင့် ဆောင့်မိ၍   ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာရရှိ   သေဆုံးခဲ့သည်။

အဆိုပါ  ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ် ရွှေစံအောင်၏ တိုင်တန်းချက် အရ သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။  

ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို


ချိုကို | တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၀ မိနစ်

ပြည်တွင်းဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီအနေဖြင့် လာမည့် ငါးနှစ် အတွင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး 3G ဒေတာ ကွန်ရက် ၅၀ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် Mr. Ross Cormack က ပြောသည်။

ယင်းသို့ပြောကြားခြင်းမှာ ဇူလိုင် ၅ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခြင်း
ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဒေတာကွန်ရက် (အင်တာနက်အသုံးပြုနိုင်သည့်ကွန်ရက်)ကို ငါးနှစ်အတွင်း ၅၀ရာခိုင်နှုန်းရရှိရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အသံကွန်ရက်အတွက်မူ ၇၅ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၄ ခုနှစ် အတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း ပြောပြီး Mr. Ross Cormack “မိုဘိုင်းဖုန်းတွေကို ၃ွ နည်းပညာကို အပြည့်အဝအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမှာပါ”ဟု ပြောသည်။

ယင်းအပြင် Ooredoo ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှု
လုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝန်ထမ်းကို မြန်မာနိုင်ငံသားများကိုသာ ရာနှုန်းပြည့်ခန့်အပ်သွားမည် ဖြစ်သည်ဟုလည်း ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Nicholas Swierzy က ဆိုသည်။

Mr. Nicholas Swierzy က “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ လုပ်ကိုင်ဖို့ ဥသမနိသသရဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေကို ဝန်ထမ်းအဖြစ် ရာခိုင်နှုန်းပြည့်ခန့်အပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဆိုသည်။

ဥသမနိသသသည် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင်
၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဝန်ဆောင်မှု စသောနယ်ပယ်များတွင်လည်း အလုပ်အကိုင်
အခွင့်အလမ်းမြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ဝန်ထမ်းများအဖြစ် မြန်မာနိုင်ငံသားများကို ခန့်ထားပြီးနောက် နည်းပညာပိုင်းနှင့်ဝန်ဆောင်မှုပိုင်းဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

၁၅ နှစ်စာ လုပ်ကိုင်ခွင့်ရရှိထားသော ယင်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး Mr. Ross Cormack က “လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လာရောက် ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်”ဟု ပြောသည်။

Ooredoo အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ ပြည်တွင်းတွင် မိုဘိုင်းအော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန် ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီတို့ကို ဇွန် ၂၇ရက်တွင် တင်ဒါရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့သည်။

===========================================
ပုံစာအညွှန်း - ဇူလိုင် ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
Mizzima - News in Burmese

ကျပ်သိန်း ၃၀၀ လိမ်လည်သည်ဟု လမင်းခန့် ဆောက်လုပ်ရေးကုမ္ပဏီကို အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်းတွင် ရုံးခန်းဖွင့်လှစ်ခဲ့သော လမင်းခန့် ဆောက်လုပ်ရေး ကုမ္ပဏီကို ငွေကျပ်သိန်းသုံးရာ လိမ်လည်သည်ဟုဆိုကာ လိမ်လည်ခံရသူ ဆိုသည့် အမျိုးသမီးတစ်ဦးက ဇူလိုင် ၅ ရက်နေ့တွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

လမင်းခန့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းစိုးနှင့် ဇနီးဒေါ်နှင်းအိဖြူတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က လှိုင်မြို့နယ်တွင် နေထိုင်သူ ဒေါ်အေးအေးတင်ထံမှ ကုမ္ပဏီ အတွက် ငွေလိုသဖြင့် ကျပ်သိန်းသုံးရာကို တစ်လကြာလျှင် ပြန်ပေးမည်ဟု ဆိုကာ ချေးယူသွားပြီး ငွေများ ပြန်မရသည့်အတွက် အထက်ပါ အမျိုးသမီးက တိုင်ကြားခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်းထံ တိုင်ကြားချက်အရ သိရှိရသည်။

“ခဏဆို ချေးလိုက်တာပါ၊ ပိုက်ဆံ ပြန်တောင်းတော့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့နဲ့ အခုထိမပေးဘူး” ဟု ဒေါ်အေးအေးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လမင်းခန့် ဆောက်လုပ်ရေးကုမ္ပဏီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိသဖြင့် ရွှေတောင်တန်းလမ်းသို့ သွားရောက်ခဲ့ရာ ကုမ္ပဏီရုံးခန်း ပိတ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ယင်းလမ်းအတွင်း နေထိုင်သူများက ပြောကြားသည်။

Ref & Credit: The Voice Weekly

ကျောက်မြောင်းတွင် ညသန်းခေါင်ယံ အနုကြမ်းစီး

ရန်ကုန်မြို့တော်တွင် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့ နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်းနှစ်
ထပ် အိမ်တစ်လုံးတွင် ဇူလိုင်လ ၆ရက် ည ၁၂ နာရီကျော်ခန့်က အနုကြမ်း စီး မှု ဖြစ် ပွားခဲ့ကြောင်း အဆိုပါအိမ်မှ အိမ်ထောင်ဦးစီး အမျိုးသားက ပြောကြားသည်။

အနုကြမ်းစီးမှု ဖြစ်ပွားသောအိမ်တွင် ဖခင်ဖြစ်သူ အပြင်သို့ရောက်ရှိနေပြီး မိခင်ဖြစ်သူနှင့် အခြားသားသမီးနှစ်ဦးက အပြင်သို့ ထမင်းကြော် သွားစားနေသဖြင့် ယင်းမိသားစုမှ အသက် ၂၂ နှစ်အရွယ် သမီးတစ်ဦး
သာရှိချိန်၌ အိမ်ခြံဝင်းထဲသို့ လူငါးဦး ဝင်ရောက်ကြောင်း၊ ၎င်းတို့ထဲမှ တစ်ဦးက အဆိုပါအမျိုးသမီးကို ဆံပင်ကို ဆွဲလိမ်၍ မျက်နှာကို ထိုးကြိတ်
ကာ ဝက်အူလှည့်ဖြင့် ထောက်ပြီး အိမ်မှငွေများကို ရှာဖွေ ယူဆောင်
သွားကြောင်း အထက်ပါ အိမ်ထောင် ဦးစီးဖြစ်သူက ပြောကြားသည်။

ယင်းသို့ ကြုံတွေ့ခဲ့သူ ကာယကံရှင် အမျိုးသမီးက “သူ့ကိုတွေ့တော့ ညီမ
က သူခိုးလို့အော်လို့ သူကမအော်နဲ့ အော်ရင်သတ်ပစ်မယ်၊ ငါ့မှာ လက်နက်ပါတယ်လို့ ပြောတယ်၊ ညီမက အသက်ကို ချမ်းသာပေးပါ၊ ရှိတဲ့ပစ္စည်းတွေ ပေးပါ့မယ်လို့ဆိုတော့ ညီမကို အောက်ထပ်ထိကို ဆံ
ပင်ကို လိမ်ဆွဲ ပြီး ဝက်အူလှည့်နဲ့ လည်ပင်းကို ထောက်ထားတာ” ဟု ပြောကြားသည်။

အမျိုးသမီး၏ အခန်းထဲသို့ လူတစ်ဦး ဝင်လာပြီး ခြံထဲတွင် လူလေး
ဦးက စောင့်နေကြောင်း၊ အိမ်ထဲဝင်လာသူက အမျိုးသမီးငယ်ကို အိမ်အောက်ထပ်သို့ ခေါ်ဆောင်၍ နေအိမ်အောက်ထပ် ဗီရိုထဲ
မှ ရွှေထည်ပစ္စည်းများနှင့် ငွေများကို ရှာဖွေခိုင်းကြောင်း၊ အမျိုးသမီး
ငယ်က မိသားစုဝင်များ ပြန်လာချိန်ကို မီစေရန် အချိန်စောင့်၍ ဗီရိုထဲမှ အဝတ်များကိုဖွခြင်း၊ အပေါ်ထပ်သို့သော့များကို နှစ်ကြိမ်ခန့် တက်ရောက် ရှာဖွေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားသည်။

ဝက်အူလှည့် ထောက်ထားသူ လူငယ်က ဓားထပ်မံတောင်းသောအခါ အိမ်ဘေးမှ ပတ်ယူမည် ဆိုသည်ကို ယင်းအမျိုးသားက ခွင့်မပြုဘဲ အိမ်တွင်းသို့ ခေါ်ဆောင်ရာ ရုန်းကန်သည့် အရှိန်ဖြင့် အမျိုးသမီးငယ် လက်ထဲတွင် ဝက်အူလှည့် ပါလာပြီးနောက် အိမ်ထဲမှ ခြံဝင်းထဲသို့ ထွက်ကာ ဆွေမျိုးများထံ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ဆိုသည်။

“သမီးက သူ့ဦးလေးတွေကို ပြောပြီးပြီးချင်း မေ့သွားတယ်” အဆိုပါ အမျိုးသမီး၏ ဖခင်ကပြောကြားသည်။

အဆိုပါ လုယက်သည့်အဖွဲ့သည် ကျပ်သုံးသိန်းနှင့်ကိုးသောင်းကို ယူဆောင်ကာ အိမ်ဝင်းတွင်းရှိ ဒန်းပေါ်မှ သံတံတိုင်း ခြံစည်းရိုးကို ခုန်ကျော်ကာ အောင်မင်္ဂလာလမ်းမပေါ်သို့ ထွက်ပြေးသွားကြောင်း အထက်ပါလုယက်ခံရသူ အမျိုးသမီးငယ်က ပြောကြားသည်။

အဆိုပါ ဓားထောက်လုယက်ခဲ့သည့် လှခိုင်ဆိုသည့်လူငယ် အပါအဝင် လူငယ်ငါးဦးသည် ဒလမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း လှခိုင်ကို တစ်နာရီအကြာတွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် ယူဆောင်သွားသော ငွေများနှင့် စတားဝက်အူလှည့် တစ်ချောင်းနှင့်အတူ ဖမ်းမိခဲ့ပြီး ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် ပါဝင်
သည်ဟု ယူဆရသူ ကျန်လေးဦးကို ကွမ်းခြံကုန်းမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ယင်းအနုကြမ်းစီးမှု မတိုင်ခင်က အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်းရှိ ခြောက်ထပ်တိုက်၏ တိုက်ခန်းတစ်ခုတွင် ဇူလိုင်လ ၁
ရက် ည ၈ နာရီခန့်က အိမ်ရှင်၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့်
အသက် ၄၀ ကျော် အိမ်ဖော် အမျိုးသမီးကြီး နှစ်ဦးသာရှိနေသည့် အချိန်
တွင် လူငါးဦးပါအဖွဲ့မှ လူနှစ်ဦးက နေအိမ်ထဲသို့ဝင်လာပြီး မဲဖိုးငွေသိန်း
၃၀ ကို တောင်းခံရာ အမျိုးသမီးငယ်က မရှိကြောင်းပြောသဖြင့် အိမ်တွင်း
ရှိ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ငွေများအပါအဝင် ကျပ် ၁၈သိန်း ကို လုယူထွက်ပြေးခဲ့ပြီး အိမ်ဖော်အမျိုးသမီး၏ နောက်ကျောတွင် ဓားဒဏ်
ရာ တစ်ချက် အပေါ်သွားနှစ်ချောင်းကျိုး ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။



Ref: The Voice Weekly

နိုင်ငံ့သူရဲကောင်းများ



မိုးကောင်းဆရာတော်မွေးနေ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တက်ရောက်


ဟင်္သာတ၊ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ မိုးကောင်းဆရာတော်၏ သက်တော် ၇၈ နှစ်ပြည့်မွေးနေ့ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုးကောင်းကျောင်းတိုက်တွင် ကျင်းပရာ ပထမဆုံး အကြိမ်အဖြစ် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ သြဝါဒါစရိယ တိပိဋကသြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါဠိပါရဂူ ပိဋကတ္တယ ပါရဂူ ဟင်္သာတမြို့ မိုးကောင်းဆရာတော်၏ ယင်းမွေးနေ့အလှူတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံမှ တက်ရောက်သူဦးရေ သုံးထောင်ဝန်းကျင်ကို စတုဒီသာကျွေးမွေး လှူဒါန်းရာ၌ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ပြီး အချိုရည် တိုက်ကျွေး လှူဒါန်းခဲ့ကြောင်း အဆိုပါ အလှူရှင်များက ပြောကြားသည်။

တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များကို ဆရာတော်က ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောတရားများ ဟောကြားခဲ့ကြောင်း ယင်းအလှူပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

မိုးကောင်းဆရာတော်သည် ဟင်္သာတမြို့နယ်အတွင်း သြဇာတိက္ကမ ကြီးမားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ယင်းကျောင်းတိုက်တွင် သံဃာအပါး ၆၀၀ ကျော် သီတင်းသုံး နေထိုင်သည်။

The Voice Weekly

ချစ်သုဝေ ဖေ့စ်ဘုတ် မသုံးပါ


ချစ်သုဝေက ဒါရိုက်တာဟိန်းစိုးရိုက်ကူးတဲ့ ‘အနမ်းမွေ့ယာ’ ဇာတ်ကားကို နေမင်းနဲ့ ရိုက်နေပြီး အချစ်ရေးကံမကောင်းဖူးတဲ့ သူအဖြစ် သရုပ်ေ ဆာင်ထားပါတယ်။ သရုပ်ဆောင်ရော၊ ဂီတဘက်မှာပါ အနုပညာအလုပ်တွေ လှုပ်ရှားဖြစ်သလို၊ လူမှုရေးလုပ်ငန်းတွေ လည်း ဆောင်ရွက်နေ တာေ ကြာင့် သူ့အနေနဲ့ ဖေ့ဘုတ် ကို အသုံးမပြုဖြစ်သလို၊ ဖေ့ဘုတ်အကောင့်ကိုလည်း ဖွင့်မထားကြောင်း သူ့ရဲ့ပရိသတ်တွေကို ချစ်သုဝေကအသိပေြးေ ပာပြခဲ့ပါတယ်။ “ထရီဇာ က ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ လုပ်တယ်။ အား လပ်ချိန်ကျရင် ထရီဇာ့ပညာရေးအတွက် ထရီဇာလေ့လာ ချင် တာကို လေ့လာတယ်။ ပညာရေးအတွက်မဟုတ်ရင် လူမှုရေး လုပ်ငန်းတွေလုပ်တယ်။အင်တာနက် ဝင်၊ဖေ့စ်ဘုတ်ဝင်ပြီး ပရိသတ် နဲ့ စကား မပြောပေးဖြစ်ဘူး။ ကိုယ့်အချိန်နဲ့ ကိုယ်ပြည့်နေတာပဲ။ ဒါကလည်း ပရိသတ် အတွက် အလုပ်လုပ်နေတာ ပဲ။ ဖေ့စ်ဘုတ်စသုံးပြီဆိုရင်လည်း ထရီဇာ လုပ်တဲ့အရာကို အပြည့်အဝ တာဝန်ယူချင်တယ်။ ထရီဇာလုပ်နေတဲ့ လူမှုရေးဆိုလည်း လူမှုရေး၊ အနုပညာဆိုလည်း အနုပညာပရိသတ်တွေသိေ အာင် ဝေမျှပေးမယ်။ သူတို့ ပြောသမျှ၊ ဝေဖန်သမျှပေါ်မှာ သူတို့ အမေးတွေကို အကုန်ပြန်ဖြေချင်တယ်။ တလေးတစား ရှိလို့လေ။ ထရီဇာ စဉ်းစား တယ်။ ထရီဇာတစ်ယောက်တည်းကိုင်တွယ်တဲ့ ဖေ့စ်ဘုတ် အကောင့်တစ်ခု ဖွင့်လိုက်ရင် လူကထောင်ချီရောက်လာ မယ်။ မေးခွန်းမေးတာ ထောင် ချီရှိမယ်။ ဒီထောင်ချီနေတဲ့ မေးခွန်းတွေကို နေ့တိုင်း ထရီဇာပြန် မဖြေပေးနိုင်ဘူး။ မေးခွန်း မေးပြီးတော့ အဖြေပြန်မသိရတဲ့ လူရဲ့ရင်မှာ စိတ်ခံစား မှုက ဖြစ်တာပဲ။ အဲဒီအတွက် မီဒီယာကတစ်ဆင့် သူတို့နဲ့စကာြးေ ပာတယ်။ ထရီဇာ့အလုပ်တွေကနေ သူတို့နဲ့စကား ပြောတယ်။ ဒီသဘောနဲ့ပဲ ဆက်သွယ်တယ်။ ဒါကြောင့် ဖေ့စ်ဘုတ် အကောင့်ကို လုံးဝမဖွင့်တာပါ။ အခုကျတော့ ထရီဇာကို ချစ်တဲ့သူတွေက ဖွင့် ပေးထားတာကို နားလည်ပါ တယ်။ ဒါပေမဲ့ တချို့တွေကျတော့ ထရီဇာမဟုတ် မှန်းသိကြတယ်။ တချို့တွေကျတော့ ထရီဇာအမှတ်နဲ့ စကားတွေပြောကြတယ်။ အဲဒီညီမလေး သည်လည်း ကိုယ်တိုင်အတွက်တောင် မဟုတ်ဘဲထရီဇာ အတွက် ချစ် လွန်းလို့ ဒုက္ခခံပြီး လုပ်ပေးနေတာဖြစ်တဲ့အတွက် အချိန်ဘယ်ပေးနိုင်မလဲ။ ဒါကြောင့် လစ်ဟင်းမှုတွေ ရှိလာတယ်။

ထရီဇာ့နာမည်ကြီးနဲ့ ဖွင့်ထားပြီးတော့ အဲဒီလိုတွေ မဖြစ်စေချင်ဘူး။ ထရီဇာဖေ့စ်ဘုတ်အကောင့်လုံးဝမသုံးပါဘူး။ သူ ငယ်ချင်းကပြောလို့ သူ့အေ ကာင့်က နေဖေ့စ်ဘုတ်ဝင်ကြည့်တဲ့အခါမှာ Up to date လို့ ပြောပေမယ့် တအားဟောင်းတဲ့ပုံတွေ တင်တယ်။ ဒီနေ့ ရိုက်ကွင်းလေးမှာဆိုပြီး မနှစ် ကပုံတွေကို တင်ပြီးရေးတော့ သတင်းတွေကမှားနေတယ်။ ထရီဇာပရိ သတ်ကို ဘာတောင်းဆိုချက် မှ မပြုချင်ဘူး။ ထရီဇာဘယ်လိုရပ် တည်လဲဆို တာ ပရိသတ်ကြီးလည်းကောင်းကောင်း သိပါတယ်။ ဟိုလူ့ကို Vote လုပ်ပေးပါ။ Like လုပ်ပေးပါဆိုပြီး တောင်းဆိုမှုတွေ မပြု ချင်ဘူး။ ထရီဇာ ပရိသတ်ကြီးက ထရီဇာက တောင်းဆိုမှုတွေပြုနေတယ်လို့ အထင်မှား သွားမှာစိုးပါတယ်” လို့ ပြောပြခဲ့ပြီး တရားဝင်ဖေ့စ်ဘုတ်အသုံးပြုရင် လည်း ဖေ့စ်ဘုတ် အကောင့်ကိုစာမျက်နှာအထက်ကနေ ကြေညာပါ့မယ်လို့ ပရိသတ်ကို အသိပေးပြော ကြားခဲ့ပါတယ်။

ခိုင်ဝေလွင်
Popular Journal

ဝယ်ရောင်းသမားများ ပြန်ဝင်လာ၍ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက် ဦးမော့


မန္တလေး၊ ဇူလိုင် ၇

ကျောက်စိမ်း ကျောက်မျက်ပြပွဲအပြီး အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ကိုင်သူများ ပြန်ဝင်လာ၍ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဇူလိုင်လ ၁ ရက်နေ့ခန့်မှ စတင်၍ ပြန်လည် ဦးမော့လာကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

“ကျောက်သမားတွေ အဓိက ပြန်ဝင်လာတယ်။ ဒေါ်လာဈေးမြင့်တော့ တရုတ်ငွေဈေးလည်း မြင့်တယ်။ ငွေလဲနှုန်း အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ဝင်လာတဲ့သူတွေ များလာကြပြီ” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

ဇွန်လ ပထမပတ်ခန့်မှ စတင်၍ မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် စဖြစ်လာပြီး ဇူလိုင်လ ပထမပတ်ခန့် တွင် ဈေးကွက် ပြန်လည် ကောင်းမွန်လာကြောင်း၊ အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ငြိမ်သက်ခဲ့သည့် မေလကထက် ဇွန်လမှ ဇူလိုင်လ ပထမပတ်အတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ၁၀ ရာခိုင်နှုန်းခန့် မြင့်တက် လာခဲ့ကြောင်း မန္တလေးမြို့ ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောဆိုသည်။

မန္တလေး မြို့တွင်း၊ မြို့သစ်နှင့် မြို့ပြင် နေရာများအထိ နေရာ အားလုံးနီးပါး တွင် ယခုလ၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝယ်လက်များမှာ မြေကျယ် များအား အဝယ်များကြကြောင်း ဦးတင်မောင်က ဆိုသည်။

မန္တလေး မြို့တွင်း၌ ကျပ် သိန်း လေးသောင်း၊ ငါးသောင်း ဝန်းကျင်ခန့် အိမ်၊ ခြံ၊ မြေ အကျယ်များ အရောင်းအဝယ် ဖြစ်ကြောင်း၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်၌ ကြားကွက် တစ်ကွက်လျှင် ကျပ် သိန်း၂၀၀၀မှ ၂၅၀၀ အထိ ပေါက်ပြီး လမ်းမတန်းရှိ မြေ တစ်ကွက်လျှင် သိန်း ၄၀၀၀ အထိ ပေါက်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းအနီး အကွက် အမှတ် (ဏ၊ တ) များ အရောင်းသွက်ကြောင်း ယင်းအကွက်များမှာ ကျပ် သိန်း ၄၀၀၀ ခန့်အထိ ပေါက်ကြောင်း၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက်၌ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀မှ သိန်း ၁၀၀၀အထိ ပေါက်ပြီး လမ်းမပေါ်ရှိ တစ်ကွက်လျှင် သိန်း ၈၀၀မှ သိန်း ၁၀၀၀အထိ ပေါက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ပေါက်ဈေးအရ ဦးတင်မောင်က ပြောကြားသည်။

မန္တလေးမြို့သစ် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သား လမ်းမကြီးပေါ်၌ တစ်ကွက်လျှင် သိန်း ၁၅၀၀မှ ၂၀၀၀ အထိ ပေါက်ကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် ကျွဲဆည်ကန် ကားဝင်းအနီး ၆၉ လမ်းတွင် သိန်း ၁၀၀၀မှ ၁၃၀၀အထိ ပေါက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ပေါက်ဈေးအရ ဒေါ်ချိုက ဆိုသည်။

ကျောက်စိမ်း ကျောက်မျက်ပြပွဲ၌ ပြည်ပမှ တရုတ် ကုန်သည်ပေါင်း ၄၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ယခင်နှစ် ပြပွဲ၌ ပြည်ပမှ တရုတ် ကုန်သည်ပေါင်း ၃၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ ကျောက်စိမ်း ကျောက်မျက်ပြပွဲ အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဏိပူရခန်းမတွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည်။

The Voice Weekly

အကျဉ်းကျရာမှ စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဖန်တီးတတ်လာသူ


နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်သုံးခု တွင် ၁၂ နှစ်ကျော် နေထိုင်ခဲ့ရသူ၊ အကျဉ်းကျခံနေရသော စိတ်ခံစားမှု ပြေပျောက်စေရန်အတွက် ထောင်ထဲတွင် တစ်ဆင့်ခံ သင်ယူခဲ့ရသော ပန်းချီပညာဖြင့် စွန့်ပစ်ထားသော ကော်ဖီမစ် အိတ်ခွံများကို သုံး၍ ပန်းချီကားများ ဖန်တီးခဲ့သူ၊ ထောင်မှလွတ်လာသော အခါတွင်လည်း ထောင်ထဲတွင် ရေးဆွဲခဲ့သော ပန်းချီကားများကို ပြပွဲတွင် နှစ်ကြိမ် ပြသခဲ့သူ၊ Recycle Art Gallery တစ်ခု ဖြစ်ပေါ်လာအောင် ကြိုးစားရန် ရည်ရွယ်ထားပြီး စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဆက်လက် ရေးဆွဲနေသူ၊ ထိုသူမှာ ကိုစန်းဇော်ထွေး ဖြစ်သည်။

ဇာတိမှ ရန်ကုန်သို့
သူ့ကိုမွေးဖွားခဲ့တာက ရေးမြို့။ မွေးချင်းမောင်နှမ ခြောက်ယောက်တွင် သူထားဝယ်မြို့သို့ ပြောင်းရွှေ့ကာ နေထိုင်ခဲ့ရသည်။ ဖခင်ဖြစ်သူက ခဲမဖြူ၊ သင်္ဘောတွင် အလုပ်လုပ်သူ။ သူငယ်တန်းမှ လေးတန်းအထိ ထားဝယ်မြို့တွင်သာ ပညာသင်ကြားခဲ့ရပြီး ငယ်စဉ်ကတည်းကပင် ကလေးငယ်များကို ပဲ့ပြင်ပျိုးထောင် ပေးနိုင်သည့် ကျောင်းဆရာတစ်ယောက် ဖြစ်ချင်ကြောင်းသူက ပြောပြသည်။

“အဲဒီအချိန်က ကျွန်တော်တို့နေတဲ့ မိကျောင်းအိုင်ရွာမှာက မအေးချမ်းဘူး။ ဗမာစစ်တပ်၊ ကရင်နဲ့ မွန် လက်နက်ကိုင်တပ်တွေက ရပ်ရွာလူထုကို ကောင်းကျိုးပြုသလို ဆိုးကျိုးလည်း ပေးကြတယ်။ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ယောက်ျားလေးတွေဆို ရွာမှာမနေဘဲ ယိုးဒယားဘက်သွားပြီး အလုပ်လုပ်ကြ တယ်။ ရွာမှာနေရင် ပေါ်တာဆွဲခံရတယ်။ နယ်မြေက မအေးချမ်းတော့ မိန်းကလေးတွေဖြစ်တဲ့ အစ်မတွေကို မိဘတွေက စိတ်မချတဲ့အတွက် ရန်ကုန်ပို့လိုက်တာ”
ဟု ဒေသတွင် လုံခြုံမှုမရှိသည့် အကြောင်းကို သူကပြောပြသည်။

စက်ချုပ်ပညာ သွားရောက်သင်ယူနေသော အစ်မအကြီးဆုံး ဖြစ်သူက ရန်ကုန်မြို့တွင် အိမ်ထောင် ကျသွားသည့် အတွက်ရော နယ်မြေဒေသ မအေးချမ်းတော့သည့် အတွက်ပါ သူလေးတန်း အောင်သောအခါ ရွာရှိ ပိုင်ဆိုင်သမျှ ပစ္စည်းများကို ရောင်းချပြီး ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ငွေစက္ကူ ပြဿနာ
ရန်ကုန်သို့ ရောက်သောအခါတွင် သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (၃) ၌ ပဉ္စမတန်း တက်ရောက်ခဲ့သည်။ ၈၈ အရေးအခင်းကာလ မတိုင်ခင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ကျောင်းမှာလည်း ပိတ်လိုက် ဖွင့်လိုက် ဖြစ်ခဲ့သည်။

သူခြောက်တန်းနှစ်အရောက် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာပြီး ပြည်သူပိုင် သိမ်းခဲ့ရာ ယင်းဖြစ်ရပ်သည် မိသားစု၏ ဘဝရပ်တည်မှုအပေါ် ရိုက်ခတ်ခဲ့သည်။ ရွာရှိ ပိုင်ဆိုင်သမျှကို ရောင်းချခဲ့ရာမှ ရရှိလာသော ငွေစက္ကူများမှာသုံး၍ မရတော့သောကြောင့် သူတို့မိသားစု အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ မိသားစု စားဝတ်နေရေးအတွက် မိဘများက ထမင်းကြော် ထွက်ရောင်းခဲ့ရသလို အစ်မများက စက်ချုပ်ခဲ့ရပြီး သူကိုယ်တိုင်မှာလည်း ထိုးမုန့် ရောင်းခြင်း၊ လမ်းဘေးတွင် ပုဆိုးရောင်းခြင်းတို့ကို လုပ်ကိုင်ခဲ့ရသည်ဟု ဆိုသည်။

မြန်မာ့နိုင်ငံရေး၏ သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သည့် ၈၈ အရေးအခင်းသည် သူခုနစ်တန်းနှစ်တွင် ဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် တခြားသူများက ဂိုဒေါင်များဖောက်ပြီး ယူထားသော ဆပ်ပြာများကို ဝယ်ယူပြီး ဈေးတွင် ပြန်လည်ရောင်းချသော အလုပ်ကို လုပ်ကိုင်ကာ မိသားစု စားဝတ်နေရေးအတွက် သူတတ်နိုင်သည့်ဘက်မှ ပံ့ပိုးပေးခဲ့သည်။

၉၆ ခုနှစ် ဒီဇင်ဘာ
၈၈ အရေးအခင်းကာလ ပြီးဆုံးပြီးနောက် ကျောင်းများ ပြန်ဖွင့်သောအခါ သူပညာဆက်လက်သင် ကြားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ဗိုလ်တထောင် တက္ကသိုလ်တွင် သူတက်ရောက်ခဲ့သည်။ တက္ကသိုလ် တက်ရောက်ပြီး နှစ်လအကြာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းသားများနှင့် ယာဉ်ထိန်းရဲများ ခိုက်ရန် ဖြစ်ပွားရာမှ စတင်ပြီး အရေးအခင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ခိုက်ရန် ဖြစ်ပွားရာတွင် ယာဉ်ထိန်းရဲများကို အရေးမယူဘဲ ကျောင်းသားများကိုသာ အရေးယူလိုက်သည့်အတွက် ကျောင်းသားထု တစ်ရပ်လုံးက မကျေမနပ် ဖြစ်ခဲ့ကြပြီး ဖမ်းဆီးခံ ကျောင်းသားများ စေလွှတ်ပေးရန်နှင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ပေး ရန်တို့ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါ အရေးအခင်းကြောင့် တက္ကသိုလ်များကို ပိတ်ခဲ့ပြီး ၂ နှစ်အကြာ ၁၉၉၈ ခုနှစ် သြဂုတ်လတွင် ကျောင်းသားများထံသို့ မိမိတို့ နေထိုင်ရာမြို့နယ် အသီးသီးတွင် စာမေးပွဲ ဖြေဆိုရမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့ကာ စာမေးပွဲရက်များကို ထုတ်ပြန်ခဲ့သည်။ ထိုကာလတွင် NLD မှနေ၍ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပြီး သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော် ခေါ်ပေးရန် အစိုးရသို့ တောင်းဆိုခဲ့သော်လည်း လွှတ်တော် ခေါ်မပေးခဲ့ပေ။ NLD ၏ လွှတ်တော် ခေါ်ပေးရန် တောင်းဆိုမှုကို ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသားထု တစ်ရပ်လုံးက ထောက်ခံကြောင်း ပြသည့်အနေဖြင့် စာမေးပွဲ နောက်ဆုံးနေ့၊ သြဂုတ်လ ၂၄ ရက်နေ့တွင် လှည်းတန်း၌ ဆန္ဒပြကြသောအခါ သူပါဝင်ခဲ့သည်။ ယင်းနေ့ညတွင်းချင်းပင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အဓိက ခေါင်းဆောင်များကို စတင်ဖမ်းဆီးခဲ့ရာ သူနှင့်အတူပါဝင်ခဲ့သော သူငယ်ချင်းအများစု အဖမ်းခံရသော်လည်း သူလွတ်မြောက်ခဲ့သည်။

ထိုအချိန်မှစ၍ အာဏာပိုင်များက သူနေထိုင်ရာ လမ်းထိပ်တွင် စောင့်ကြည့်ခြင်း၊ နေအိမ်သို့ အမြဲတစေ လာရောက် မေးမြန်းနေခြင်းတို့ကြောင့် အိမ်တွင်နေလို့ မရတော့ဘဲ သူငယ်ချင်းများအိမ်တွင် လှည့်ပတ် အိပ်နေခဲ့ရသည်။ နောက်ဆုံးတွင် သူရန်ကုန်၌ နေလို့မရတော့ဘဲ နယ်သို့ ထွက်ခွာသွားခဲ့ရသည်။ သူလာရောက် ရှောင်တိမ်းနေသည်ကို အခြားသူများ သံသယ မဖြစ်စေရန်အတွက် ရန်ကုန်မှ ငါးခြောက်များကို ဝယ်ယူပြီး ထိုဒေသရှိဈေးတွင် ရောင်းချခဲ့သည်။

သတင်းပေးကြောင့် အဖမ်းခံရ
၁၉၉၉ ခုနှစ်အတွင်း ၉ ဂဏန်းလေးလုံး ဆုံသောနေ့တွင် ၈၈ အရေးအခင်းကဲ့သို့ လူထုလှုပ်ရှားမှုတစ်ခု ဖြစ်လာအောင် ပဲခူးရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ကြံရွယ်ကြိုးပမ်းကြသည်ဟု သူကဆိုသည်။ ၁၉၉၈ ခုနှစ် ဆန္ဒပြလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးသမား တော်တော်များများ အဖမ်းခံခဲ့ရသည့်အတွက် (၉) လေးလုံး အရေးအခင်းသည် အားကောင်းသော လူထုလှုပ်ရှားမှုတစ်ခု မဖြစ်နိုင်ဟု ယူဆသည့်အတွက် သူမပါဝင်ခဲ့ပေ။ အစိုးရဘက်ကလည်း (၉) လေးလုံး အရေးအခင်းကို ၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖြစ်မည်စိုးသည့်အတွက် ကြိုတင်ကာကွယ်သည့် အနေနှင့် ယခင်လွှတ်ထားသော ကျောင်းသားများကို လိုက်လံဖမ်းဆီးခြင်း၊ လက်ကျန် ကျောင်းသားများကိုလည်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု သူကပြောပြသည်။

သူ့ကိုလည်း အရေးအခင်း ဖြစ်ပေါ်စေရန် ကြံရွယ်ထားသည့် ၉ လေးလုံး ဆုံသောနေ့တွင် အာဏာပိုင် များက ဖမ်းဆီးရန် အိမ်သို့ရောက်လာခဲ့သည်။ အိမ်အောက်ထပ်တွင် အာဏာပိုင်များက ၉၈ ခုနှစ် ဆန္ဒ ပြပွဲတွင် သုံးစွဲခဲ့သော သူ၏နာမည်ကို မေးမြန်းသံ ကြားသောအခါ အိမ်နောက်ဘက်မှ ဆင်းပြေးခဲ့သည့်အတွက် သူလွတ်မြောက်ခဲ့သည်။

အိမ်မှ ရုတ်တရက် ထွက်ပြေးလာသောကြောင့် သုံးစရာပိုက်ဆံ ပါမလာသည့်အတွက် သူငယ်ချင်း တစ်ယောက်ထံတွင် ကွန်ပျူတာ E word ဖောက်သည့် စက်ဝယ်ရန် အပ်နှံထားသော ငွေသုံးသောင်းကို ပြန်ယူရန်အတွက် သွားရောက်ခဲ့သည်။ အာဏာပိုင်က လိုက်လံဖမ်းဆီးနေသည့် အကြောင်းကိုလည်း ထိုသူငယ်ချင်းကို သူပြောပြခဲ့သည်။

“သူက Informer ဖြစ်နေတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ သူနဲ့သိခဲ့တာကလည်း ကြားလူတစ်ယောက်က ဆက်သွယ်ပေးလို့ သိခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား မိုက်ကယ်အဲရစ်ဆုံးတော့ ဒေါ်စုက ကဗျာတွေ ဘာတွေရေးတယ်။ အဲဒီကဗျာတွေကိုသူက စာတွေ ဘာတွေ ရိုက်ပေးဖူးတော့ စိတ်ချရတယ်ဆိုပြီး ဆက်သွယ်ခဲ့တာပေါ့။ သူချိန်းတဲ့ နေရာကို ပိုက်ဆံသွား ယူတဲ့အချိန်မှာ အဖမ်းခံခဲ့ရတာပါ”
ဟု သူကပြောပြသည်။

ကြာသပတေးသားမို့ စိတ်ကြီးတယ်
သူ့ကိုဖမ်းဆီးခဲ့သော အချိန်တွင် ဖျားနေသည့်အတွက် အာဏာပိုင်များက ကိုယ်ထိလက်ရောက် ရိုက်နှက် စစ်မေးခြင်းမျိုး မပြုလုပ်ခဲ့ဘဲ ထိုင်ခုံတစ်ခုံတွင် လက်ထိပ်တစ်ဖက်ပဲ ခတ်ထားခဲ့သည်။ ထိုစဉ် အာဏာပိုင်များပြောသော စကားတစ်ခွန်းကို ကြားလိုက်သောကြောင့် သူစိုးရိမ်စိတ် ဝင်လာခဲ့သည်။ “သူတို့ပြောတာက ဒီကောင်တွေကို နှစ်နည်းနည်း ချလိုက်ရင် ပြန်ဖမ်းနေရတာပဲ။ နှစ်ကြီးကြီး ချလိုက်မှ အေးမယ်ဆိုတဲ့ စကားကို ကြားလိုက်တော့ လူကစိုးရိမ်လာတယ်။ စာရွက်တစ်ရွက်ကို မိရင်တောင် သူတို့က ၂၈ နှစ်လောက် ဖြစ်အောင်လုပ်လို့ရတာဆိုတော့ ငါ့ဘဝကို ထောင်ထဲမှာ ၂၈ နှစ်တောင် အကုန်မခံနိုင်ဘူးဆိုပြီး လက်ထိပ်ခတ်တဲ့ခုံကို ကိုက်ဖြတ်ပြီး ပြေးမယ်လုပ်တာ။ ပြတ်ဖို့ လက်သုံးလုံးလောက် လိုတော့တဲ့ အချိန်မှာမိသွားတယ်။ သူတို့ကဘာလို့ ကိုက်တာလဲ မေးတော့ ကျွန်တော်က ကြာသပတေးသားမို့ ငယ်ငယ်တည်းက စိတ်လှုပ်ရှားရင် ပေတံတွေ၊ ခဲတံတွေ ကိုက်လေ့ရှိတယ်။ အခုအဖမ်းခံရတဲ့ အချိန်မှာ စိတ်လှုပ်ရှားနေလို့ စိတ်ငြိမ်အောင် ဒီခုံကို ကိုက်လိုက်တာလို့ ပြောလိုက်တယ်။ သူတို့က အေးစိတ်ငြိမ်အောင် ကိုက်စရာကြီးကြီး ပေးမယ်ဆိုပြီး ထိပ်တုံးကြီးနဲ့ ခတ်ထားလိုက်တယ်” ဟု သူကပြောပြသည်။

နောက်တစ်နေ့ မနက်တွင် ထောက်လှမ်းရေး ၂၆ မှ အောင်သပြေ စစ်ကြောရေးစခန်းသို့ သူ့ကို ပို့ဆောင်ခဲ့သည်။ အာဏာပိုင်များက သူ့ကိုရေလုံးဝ မတိုက်တော့သလို ထမင်းလည်း လုံးဝမကျွေးတော့ဘဲ တစ်ချိန်လုံး မတ်တတ်ရပ်ခိုင်းခဲ့သည်။ စိတ်ချောက်ချားအောင်၊ စိတ်ထိခိုက် နာကျင်စေမည့် စကားများ လာရောက်ပြောဆိုခြင်း၊ တံခါးကို တဂျိမ်းဂျိမ်းလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သူကပြောပြသည်။

ထိုမှတစ်ဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော သူအပါအဝင် အမှုတွဲ ကိုးယောက်ကို အမိန့်ချမှတ်ခဲ့ရာ သူထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန် သီးသန့်ထောင်တွင် သူ နှစ်လကြာ နေထိုင်ခဲ့ရသည်။ ကိုယ့်ရဲဘော်ရဲဘက်များနှင့်အတူ ပြစ်ဒဏ် ကျခံခဲ့ရသည့်အတွက် ထိုကာလများတွင် စိတ်ထဲမှာ သိပ်မခံစားရဘဲ နောက်နောက်ပြောင်ပြောင် နေခဲ့ကြသည်ဟု သူကပြောပြသည်။ ထိုစဉ်က အင်းစိန် သီးသန့်ထောင်တွင် သူနှင့်အတူ ပြစ်ဒဏ်ခံနေရသော ကဗျာဆရာ အောင်ပွင့်နှင့် ငြိမ်းသစ်တို့က အကျဉ်းကျခံ နေရသည့် စိတ်ဖိစီးမှု သက်သာအောင် သူတို့ကိုယ်တိုင်ရေး ကဗျာများကို ရွတ်ဆိုပြသလို အခြားသူများက ကဗျာရွတ်ချင်စိတ် ပေါက်လာအောင်၊ ကဗျာရေးလာအောင် အားပေးလှုံ့ဆော်ခဲ့သည့်အတွက် အပြင်မှာ နေထိုင်စဉ်ကတည်းက ကဗျာဝါသနာပါသောသူက ကဗျာများရေးရင်း ထိုကာလများကို ဖြတ်သန်းခဲ့သည်။

တောင်ငူထောင်မှာ
အင်းစိန်ထောင်မှနေ၍ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တောင်ငူထောင်သို့ ပြောင်းခဲ့ရသည်။ နှစ်အကြီးဆုံး ၁၄ နှစ်မှသည် ရှစ်နှစ်၊ ငါးနှစ်စသည်ဖြင့် တောင်ငူထောင်တွင် ကာလရှည် နေထိုင်နေကြသူများကို တွေ့လာရသောအခါ သူကိုယ်တိုင်လည်း လွယ်လွယ်နှင့် မလွတ်နိုင်သည်ကို တွေးမိလာပြီး သူကျခံရ ည့် ၃၆ နှစ်ဆိုသော ပြစ်ဒဏ်က သူ့ရဲ့စိတ်ကို Depression ရလာစေခဲ့သည်ဟု သူကပြောပြသည်။ နှစ်ကာလ အကြာကြီး ထောင်ထဲတွင် ဘယ်လိုနေထိုင်ရမည်ကို တွေးတောကြံဆရင်း သူတရားထိုင် ဖြစ်ခဲ့သည်။ ထောင်ထဲသို့ ရှားရှားပါးပါး ရောက်ရှိလာသော စာအုပ်များကို အပြန်ပြန်အလှန်လှန် ဖတ်သလို ကဗျာတွေ ရေးရင်းလည်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။

ထိုစဉ်က တောင်ငူထောင်တိုက် (၂) တွင် ပြစ်ဒဏ်ကျခံနေသော ပန်းချီဆရာ ထွန်းဝင်းငြိမ်းက သူနေထိုင်ရာ တိုက် (၄) ရှိ နေဦးမောင်မောင်ဆိုသော ကလေးကို အခြေခံ ပန်းချီပညာ သင်ကြားပေးခဲ့သည်။ သူကနေဦးမောင်မောင် ထံမှတစ်ဆင့် ပန်းချီဆရာ ထွန်းဝင်းငြိမ်း သင်ကြားပေးခဲ့သော စာအုပ်ကို ပြန်ယူ ကြည့်ပြီး ပန်းချီအခြေခံ သဘောတရားများကို လေ့လာ ခဲ့သည်။ ပန်းချီ အခြေခံပညာကို တတ်မြောက်လာသောအခါ ပန်းချီဆွဲချင်စိတ် ဖြစ်ပေါ်လာသော်လည်း ထောင်ထဲတွင် စက္ကူရရန် ခက်ခဲခဲ့သည်ဟု သူကပြောပြသည်။

တောင်ငူထောင်တွင် ထောင်ပိုင် အပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ယခင်ကကဲ့သို့ ထောင်ဝင်စာ လာတွေ့သော မိသားစုဝင်များနှင့် လွတ်လပ်စွာ တွေ့ခွင့်မရတော့သလို အစားအသောက်မှာလည်း ညံ့ဖျင်းလာခဲ့သည်။ အနေအထိုင် ကျပ်တည်းလာ၍ လူတိုင်းမှာ စိတ်မွန်းကျပ်လာပြီး ရန်ပွဲများ ဖြစ်လာကြသည်။ ထို့အတွက် အာဏာပိုင်များက တိုက်လေးတိုက်စလုံးကို တိုက်ပိတ်လိုက်သည်။ တောင်ငူထောင်တွင် တိုက်သုံးတိုက်မှာ နေ့အခါ နေရောင် သိပ်မခံရသော်လည်း သူနေထိုင်ရာ တိုက်လေးမှာ တစ်နေ့လုံး နေရောင်ထိုးနေသည့်အတွက် တိုက်ပိတ်ခံရသူများမှာ ကျန်းမာရေး ချို့ယွင်းလာပြီး သတိမေ့လဲကျခြင်းတို့ ဖြစ်ပေါ်လာသည့်အတွက် အာဏာပိုင်များကို တိုက်ပြန်ဖွင့်ပေးရန်၊ မဖွင့်ပေးနိုင်ပါက အရိပ်ရအောင် လုပ်ပေးရန် တိုက်ဝင်းကို ချဲ့ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ထောင်တာဝန်ရှိသူများ ဘက်က အရေးယူ ဆောင်ရွက်ပေးမှု မရှိသည့်အတွက် သူတို့အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ သုံးရက်မြောက်နေ့တွင် တာဝန်ရှိသူများက ဆန္ဒပြမှု ရပ်ဆိုင်းရန် လာရောက် ပြောဆိုခဲ့ကြသော်လည်း ဆန္ဒပြမှု မရပ်သည့်အတွက် လေးရက်မြောက်နေ့တွင် သူတို့ကို ရေဖြတ်လိုက်သည်။ ဆန္ဒပြမှု ငါးရက်မြောက်နေ့တွင် တာဝန်ရှိသူများ ရောက်လာပြီး ညတွင်းချင်းပင် တိုက်ဝင်းကို တိုးချဲ့ပေးမည်ဟု ပြောကြားလာပြီး လက်ရှိလည်း ဖောင်ဒေးရှင်းများကို ပြုပြင် နေပါသည်ဟု ပြောသည့်အတွက် အားလုံးကိုယ်စား သူကိုယ်တိုင် လိုက်ကြည့်ပြီးမှ ယုံနိုင်မည်ဟု ပြန်ပြောခဲ့ပြီး လိုက်လံကြည့်ရှုသောအခါ တကယ်ပြုပြင်နေကြောင်း သိရှိရသည့်အတွက် ဆန္ဒပြမှုကို သူတို့ ရပ်ဆိုင်းခဲ့သည်။

ဆန္ဒပြမှု ဖြစ်ပွားပြီး တစ်လကြာသောအခါ သူနှင့်အခြား အကျဉ်းသားတစ်ဦးကို တောင်ကြီးထောင်သို့ ရွှေ့ပြောင်းခဲ့စေသည်။

ထောင်ထဲမှာ နေပျော်ဖို့ ပန်းချီဆွဲခဲ့တယ်
တောင်ငူထောင်မှ ထောင်မှူးက ဆန္ဒပြမှု ခေါင်းဆောင်အဖြစ် မှတ်ချက်တွင် ရေးပေးလိုက်သည့် အတွက် တောင်ကြီးထောင်သို့ ရောက်သောအခါ နှိပ်စက်ခံခဲ့ရသည်ဟု သူကဆိုသည်။ “တောင်ငူထောင်မှာ တုန်းက ထောင်တိုက်ဝင်းကို ချဲ့ဖို့အတွက် ထောင်ပိုင်တွေကို ပြောဆိုခဲ့တာတွေ၊ သူတို့ ထောင်တိုက်ဝင်းကို တကယ်ချဲ့ မချဲ့ လိုက်ကြည့်ခဲ့တာတွေကို ကြည့်ပြီး ကျွန်တော့်ကို ခေါင်းဆောင်လို သတ်မှတ်သလားမသိပါဘူး။ တောင်ကြီးထောင် ရောက်ရောက်ချင်းပဲ မင်းကအစာငတ်ခံ ဆန္ဒပြတဲ့ ခေါင်းဆောင်လားဆိုပြီး ကျွန်တော့်ကိုရော၊ နောက်တစ်ဦးကိုပါ ဆိုးဆိုးဝါးဝါး နှိပ်ကွပ်ခဲ့တယ်။ နှစ်လကျော်ကျော် ခြေချင်းမဖြုတ်ဘဲ ထားခဲ့တယ်” ဟု သူက ပြောပြသည်။

တောင်ကြီးထောင်တွင် အနေကြာလာသောအခါ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေဖို့၊ ထောင်ထဲတွင် နေပျော် ဖို့အတွက် ကိုယ်စိတ်ဝင်စားစရာ အလုပ်တစ်ခုခုဖြင့် အချိန်ကုန်ဆုံးနိုင်ဖို့ စဉ်းစားသောအခါ ပန်းချီဆွဲဖို့ စိတ်ကူးရခဲ့သည်ဟု သူကဆိုသည်။ ပန်းချီဆွဲဖို့အိမ်က ပုံဆွဲစက္ကူများနှင့် ဆေးများ ပို့ပေးခဲ့သော်လည်း သူမရခဲ့ပေ။ ထို့အတွက် ပန်းချီဆွဲဖို့ပစ္စည်း ရှာသောအခါ ထောင်ထဲတွင် ဖတ်ခဲ့ရသော သတင်းတစ်ပုဒ်တွင် ပန်းချီထိန်လင်းက စွန့်ပစ်ပစ္စည်းများကို သုံးပြီး Recycle Art Show ဆိုပြီး ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့တာကို သူဖတ်ခဲ့ရသလို၊ စားပြီးသား မုန့်ထုပ်ခွံများပေါ်က အရောင်များကိုတွေ့ပြီး စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဖန်တီးရန် စိတ်ကူးမိခဲ့ကြောင်းကို အောက်ပါအတိုင်း ပြောပြသည်။

“ကိုထိန်လင်းကတော့ သုံးပြီးသားစက္ကူတွေကို ပျော့ဖတ်ဆယ်တယ်။ Canvas လုပ်တယ်။ အဲဒီအပေါ် မှာ ပန်းချီဆွဲတယ်ဆိုတာကို ဖတ်ခဲ့ရတယ်။ ကျွန်တော့် အတွက်ကတော့ ထောင်ထဲမှာ တောင်ယာခုတ်တဲ့အခါ ကော်ဖီမစ်ခွံတွေရဲ့ဆိုးကျိုးကို တွေ့နေရတယ်။ ဒီအခွံတွေက ပေါက်တူးနဲ့ ပေါက်ရင်တောင် ပေါက်ရခက်တယ်။ အရမ်းနုတဲ့ ရေသောက်မြစ်တွေဆို သူတို့ကို မတိုးနိုင်တော့ ကျွန်တော်တို့ စိုက်တဲ့ မုန်လာဥတွေဆို ပုပ်ကုန်တယ်။ ဒီဟာတွေနဲ့ Recycle Art လုပ်ရင်ကောင်းမှာပဲ ဆိုပြီး အရောင်တွေ ကပ်ဖြစ်တယ်။ စပြီးကပ်တာကတော့ A4 စက္ကူလေး တစ်ရွက်ပေါ်မှာပေါ့။ ထောင်ထဲမှာက ပုံတူဆွဲ အရမ်းတော်တဲ့ ကိုကျော်အောင်က ဗိုလ်ချုပ်အောင်ဆန်း ပုံတူကို အောက်လိုင်း ဆွဲပေးတယ်။ ကျွန်တော်က အရောင်တွေကပ်တယ်။ နောက်ပိုင်းမှာ ဒေါင်းရုပ်တွေ၊ ပန်းပွင့်ပုံတွေ၊ တောင်ပုံတွေ၊ ရိုးရာအိမ်ပုံတွေကို ကိုယ်တိုင်ဆွဲပြီး အရောင်တွေ ကပ်ခဲ့တယ်။ တောင်ကြီးထောင်မှာ ပန်းချီကား တစ်ရာကျော်လောက် ဆွဲဖြစ်ခဲ့တယ်”


အင်းစိန်ထောင်၊ တောင်ငူထောင်နှင့် တောင်ကြီးထောင် စုစုပေါင်း ထောင်သုံးခုတွင် ၁၂ နှစ် ခြောက်လတိတိ သူပြစ်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် သူပါဝင်ခဲ့သည်။

အနာဂတ်ကို ပန်းချီနဲ့ ပုံဖော်မယ်
ထောင်မှထွက်လာသောအခါ မိဘများနှင့် ညီအစ်ကိုမောင်နှမများက ဂရုတစိုက် ရှိခဲ့ကြသလို သူ့အိတ် ထဲတွင် ပိုက်ဆံမပြတ် ထည့်ပေးခဲ့ကြသည့်အတွက် အဆင်ပြေခဲ့သော်လည်း လေးလလောက် ကြာသောအခါ ၎င်းတို့ကိုယ်တိုင်က မေ့မေ့လျော့လျော့ ဖြစ်လာသည့်အတွက် တစ်ယောက်တည်း ဖြစ်နေသလို ခံစားရပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများ ရှိခဲ့သည်ဟု သူကဆိုသည်။

သူထောင်ထဲတွင် ဆွဲလာခဲ့သော ပန်းချီကားများထဲမှ အချို့ကို လောကနတ် ပန်းချီခန်းမတွင် ပြပွဲတင်ဖို့ စီစဉ်ရာမှတစ်ဆင့် ပန်းချီလောကသားများနှင့် ရင်းနှီးခင်မင်လာပြီး သူတို့၏ အားပေးကူညီမှုများကြောင့် ပန်းချီကားများ ဆက်ဆွဲဖြစ်ခဲ့ကြောင်း သူကဆိုသည်။ ပန်းဆိုးတန်း ပန်းချီပြခန်းတွင် ဒုတိယအကြိမ် ပန်းချီပြပွဲ ပြုလုပ်သောအခါ ပြပွဲသို့ လာရောက်ကြည့်ရှုသော International School တစ်ခုမှ ဆရာများက သူတို့ကျောင်းတွင် ကလေးများကို ပန်းချီသင်ပေးရန် ကမ်းလှမ်းသည့်အတွက် သွားသင်ပေးဖြစ်နေသည်ဟု သူက ဆိုသည်။

ဘဝရပ်တည်မှုအတွက် ထိုကျောင်းတွင် အခကြေးငွေယူ၍ ပန်းချီပညာ သင်ကြားပေးနေသလို သုခ ရိပ်မြုံတွင် မိဘမဲ့ကလေးများကို ပန်းချီပညာ အခမဲ့ သင်ကြားပေးလျက် ရှိသည်ဟု သူကပြောပြသည်။

ဆက်လက်ရှင်သန်ရမည့် သူဘဝ၏ အချိန်များကို ပန်းချီနှင့် ပုံဖော်မည်ဟု သူကဆိုသည်။ “ပန်းချီကားတွေ ဆက်ဆွဲမယ်။ Recycle Art Gallery တစ်ခုဖြစ်လာအောင် ကြိုးစားမယ်” ဟု သူ၏အနာဂတ် စိတ်ကူးကို ဖွင့်ဟသည်။

ကိုယ်စားမပြုနိုင်ပါ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခွင့် ရရှိခဲ့သော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ သူ့အကြောင်းကို ဒါရိုက်တာ ရည်နန်းသိုက် ရိုက်ကူးသည့် ‘အကျဉ်းစံ’ မှတ်တမ်း ရုပ်ရှင်ဇာတ်ကားက ဒေါ်အောင်ဆန်းစုကြည်ဆုကို ရရှိခဲ့သည်။ ထိုကဲ့သို့ ဆုရရှိခဲ့သူအပေါ် သူ၏ခံစားမှုကို အောက်ပါအတိုင်း ဖွင့်ဟသည်။

“ကျွန်တော့်အကြောင်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်က ဆုရလို့ ပျော်တာတစ်ပိုင်း၊ စိတ်ထဲမှာ အားမလို အားမရ ဖြစ်တာကတစ်ပိုင်း ခံစားရတယ်။ ဒီရုပ်ရှင်ထဲမှာ ပြခဲ့တဲ့ ပြကွက်တွေက ကျွန်တော့်ထက် ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့သူတွေကို ကိုယ်စားမပြုနိုင်ဘူး။ ကျွန်တော်ခံခဲ့ရသလောက်ကိုတောင်မှ ပီပီပြင်ပြင် မဖော်ပြနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြသခွင့် မရမှာစိုးလို့။ အဲဒီတော့ ကျွန်တော့်ထက် ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့သူတွေကို ဒီမှတ်တမ်းရုပ်ရှင်က ကိုယ်စားမပြုပေးနိုင်တဲ့အတွက် အားမရဘူး”။

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ


ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အပျက်အစီးများကို ရဲများက စစ်ဆေးနေစဉ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲသည့် ဗုံးများသည် အားမပြင်းသောကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် ဗောဓိညောင်ပင်တို့ ပျက်စီးခဲ့ခြင်း မရှိကြောင်း အိန္ဒိယရဲများက သတင်းထုတ်ပြန်ခဲ့သည်။
“ဗောဓိညောင်ပင်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာရတဲ့ လူတွေတော့ ရှိပါတယ်” ဟု ဘီဟာပြည်နယ် ရဲချုပ်အဘရာနန်က အေအက်ပီသို့ ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ရှစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
နံနက် ၅ နာရီခွဲခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှုများသည် နှစ်မိနစ်ခန့်ခြားကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အချိန်တွင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဘုရားဖူး ၂၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်ပြုရန် အချိန်စောသေးကြောင်း အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ခရိုင်ရဲ အရာရှိက ပြောကြားခဲ့ပြီး NDTV ရုပ်သံဌာနကလည်း မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
ဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်၏ မြို့တော်ပတ္တနား တောင်ဘက် ၆၈ မိုင် အကွာတွင်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။
ဗုဒ္ဓဂါယာတွင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် ဗောဓိညောင်ပင်၊ မဟာဗောဓိ ရုပ်ပွားတော်နှင့် မြတ်စွာဘုရား သီတင်းသုံးခဲ့သော ကျောင်းတော်နေရာများ ရှိသည်။
Ref:AFP
From: EMG

အင်ဒိုမှာ ကျားလိုက်လို့ သစ်ပင်ပေါ် တက်နေရ


၀၇.၀၇.၂၀၁၃ (တနင်္ဂနွေနေ့)

အင်ဒိုနီးရှား နိုင်ငံ ဆူမားထရားကျွန်း တောတခု မှာ သစ်မွှေး ရှာသူတွေကို ကျားတွေ လိုက်လို့ အဲဒီသူတွေဟာ သစ်ပင်ပေါ် တက်နေ ခဲ့ကြ ရ ပါတယ်။

အဲဒီ ထဲက ၅ ဦး ဟာ သစ်ပင်ပေါ်မှာ နေနေ ရတာ ၃ ရက်ကြာ သွားပြီ ဖြစ်ပြီး တခြား တဦး ကတော့ ကျားကိုက်လို့ သေဆုံး သွားခဲ့ ပါတယ်။

အဲဒီ သစ်မွှေး ရှာသူတွေဟာ ကျားပေါက်လေး တကောင်ကို မတော် တဆ သတ်မိ သွားရ ကနေ တခြား ကျားကြီးတွေက သူတို့ကို လိုက်ပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါ တယ်။

အနီး အနားက ရွာသား တွေဟာ ဒီလူတွေကို ကယ်ဆယ်ဖို့ မဖြစ် နိုင်တဲ့ အတွက် ရဲကို ခေါ်ထားတယ်လို့ သိရပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်း ၂၀၁၃ အတွက် အသုံးပြုမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း


ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ၂၀၁၃ အတွက် အသုံးပြုမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအား ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ပရိသတ် ၃ သောင်း ဝင်ရောက်ကြည့်နိုင်မည့် ထိုအားကစားကွင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။

Mizzima

ရွှေဈေးနှုန်း ကျဆင်းမှုကြောင့် ရွှေတင်သွင်းမှု မြင့်တက်


ဒူဘိုင်း    ဇူလိုင်    ၇
ရွှေဈေးနှုန်းသည် ဇူလိုင်လမှ စတင်၍ ဆက်တိုက် ကျဆင်းခဲ့သော်လည်း တရုတ်၊ အိန္ဒိယနှင့်  ဗဟိုဘဏ်များမှ ရွှေဝယ်ယူ တင်သွင်းမှုများ မြင့်တက်လာခဲ့ကြောင်း Emirates NBD ဘဏ်မှ အကြီးအကဲ
ဂျရတ်ဒ်စကူ ဘတ်က ပြောကြားခဲ့သည်။

ရွှေဈေးနှုန်းသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ  ၁၂၂၃ ဒသမ ၈ဝ အထိကျဆင်းခဲ့ရာ လွန်ခဲ့သည့်နှစ်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၄၃ဝ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း စကူဘတ်၏ ကမ္ဘာ ရွှေဈေးနှုန်း လေ့လာချက်အရ သိရသည်။

တရုတ်နိုင်ငံမှ ရွှေတင်သွင်းသူများသည် ယခုအခါ ရွှေတင်သွင်းခြင်းများကို ပိုမို ပြုလုပ်လာပြီး အိန္ဒိယမှ ရွှေဝယ်ယူ သူများကလည်း အများအပြားဝယ်ယူ လျက်ရှိကြောင်း သိရသည်။

မှတ်တိုင်တွင် ကားစောင့် နေသူတစ်ဦး လုယက်ခံရ

ဇော်ဇော်ထွေး | တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၅၃ မိနစ်

ကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးအား လုယက်ခဲ့မှုတစ်ခု ဇူလိုင် ၆ရက် ည ၇ နာရီ အချိန်က အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

လုယက်ခံရသူသည် အသက် ၃၇ နှစ်အရွယ် မအောင်ရွှေဆိုသူဖြစ်ပြီး သူမသည် နေအိမ်အနီးရှိ အောက်မင်္ဂလာဒုံလမ်းမပေါ်မှ ပြည်တော်သာ ကားမှတ်တိုင်တွင် ရန်ကုန်မြို့တွင်းဘက်သို့ သွားရန် တစ်ဦးတည်း ကားရပ်စောင့်နေစဉ် လုယက်ခံရခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုအချိန်တွင် အသက် ၄၀ခန့် လူတစ်ဦးက အနားသို့ရောက်လာပြီး လည်ပင်းမှ ဆွဲကြိုးနှင့် ဆွဲသီးကို ရုတ်တရက် ဆွဲဖြုတ်ပြီး
ထွက်ပြေးခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

မအောင်ရွှေက အော်ဟစ်အကူအညီ တောင်းသဖြင့် လူသုံးဦးခန့် ထိုသူနောက်လိုက် ရှာသော်လည်း မတွေ့ခဲ့ပေ။ လုယက်သူ၏
အမည်ကို မသိသော်လည်း အရပ်အမောင်းနှင့် သွင်ပြင်ကို ရဲစခန်း၌ ကာယကံရှင်က ထွက်ဆို ထားသည်။ လုယက်ခံရသည့် ဆွဲကြိုး
သည် တစ်ကျပ်သား ကျော်ပြီး၊ ဆွဲသီးမှာလည်း စိန်ပွင့်  များပါသည်ဟုဆိုထားပြီး ပစ္စည်း နှစ်ခုပေါင်း၏ တန်ဖိုးမှာ စုစုပေါင်း ကျပ် ၁၃
သိန်းခန့်ရှိသည်ဟု ရဲကဆိုသည်။

ယခုကိစ္စကို အင်းစိန်ရဲစခန်း၌ အမှု အမှတ် (ပ)၇၃၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျှက်ရှိသည်။

Mizzima

ရဟန်းသံဃာ များအား အစ္စလာမ် ဘာသာဝင်များမှ နေ့ဆွမ်း ဆက်ကပ်

တောင်ငူ  ဇူလိုင်   ၇
ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ရှိ ကြာနီကန် စာသင်တိုက်၊  လေးဂိုဏ်း ထောက် စာသင်တိုက်၊  ငွေလှံကျောင်း၊ အိုးကုန်းကျောင်းနှင့် မန္တလေးကျောင်း
ငါးကျောင်းရှိ သံဃာတော် အပါး ၁၅ဝ ကျော်တို့အား ယမန်နေ့ နံနက်က ကြာနီကန် စာသင်တိုက်၌  တောင်ငူဒေသ အတွင်းရှိ အစ္စလာမ် ဘာသာဝင်များ မှ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။

အဆိုပါ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲသို့  စာသင်တိုက်ကြီး ငါးခုမှ ကျောင်းထိုင် ဆရာတော်ကြီးများ၊ မြို့မိ မြို့ဖများ၊ ဌာန ဆိုင်ရာများနှင့် ဖိတ်ကြား ထားသည့်  ဧည့်သည်များ တက်ရောက်ကြပြီး တောင်ငူမြို့ ကြာနီကန် စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသူရိယ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော်မှ   သြဝါဒကထာ ချီးမြှင့် ဟောကြားတော် မူပြီး အလှူရှင်များက ရေစက်သွန်းချ  အမျှ ပေးဝေခဲ့ကြောင်း သိရသည်။

MWD News

အနှစ် ၂၀၀ သက်တမ်း ရှိ Rockfish နှစ် ချို့  ငါးကြီး ကို အလက်စကား မှာ ဖမ်းဆီး ရ မိ


ငါးဖမ်း ရတာ ၀ါသနာမ ပါ တဲ့ ဆီအာတဲလ် မြို့  က အိမ်ခြံမြေ အကျိုးဆောင် Henry Liebman က အလက်စကား ပြည်နယ် မှာ ငါးဖမ်း နေ စဉ် နှစ် ၂၀၀ သက်တမ်းရှိ RockFilsh ငါး တစ် ကောင် ကို ဖမ်းဆီး ရမိတယ် လို့  ABC သတင်း မှာ ဖော် ပြထား ပါတယ်။

ပေါင် ၄၀ အလေး ချိန် ရှိ တဲ့ ဒီ ငါး ကြီး ကို ခက်ခက် ခဲ ခဲ ဖမ်းဆီး ရတာ ဖြစ်ပေမယ့် သူ ပျော် တယ် လို့  ABC ရုပ်သံ ကို ပြောပါတယ်။

ရေအောက် ကျောက် ဆောင် တွေ ကြား မှာ ရှင်သန့် လေ့ ရှိ ပြီး တစ်ခါ တစ်လေ ကျောက် ဆောင် တွေ နဲ့  တူ လို့  Rock Fish ငါး လို့  ခေါ် တာ ဖြစ် ပါတယ်။

Rock Fish ငါး တွေ ရဲ့  ဇီဝ ဖြစ် ထွန်း မှု မှာ တခြား သတ္တ ၀ါ တွေ ထက် ထူး ခြား ချက် တစ်ခု က တော့ အခြား သတ္တ ၀ါ တွေ ဟာ အရွယ် ရောက် တဲ့ အခါ ၎င်း တို့  ခန္တာ ကိုယ် ကြီးထွား နှုန်း ရပ် သွား ပေမယ့် Rock Fish
ကတော့ အသက် နဲ့  အမျှ ကြီး ထွား နေဆဲ ဖြစ် ပါတယ်။

သိပ္ပံ ပညာရှင် တွေ က သူ့  ရဲ့  သက်တမ်း ဘယ်လောက် ရှိ ပြီ လဲ ဆိုတာ
မကြာခင် စစ်ဆေး ကြ မှာ ဖြစ် ပါတယ်။

James Poulson/Daily Sitka Sentinel/AP Photo

Freedom News Group

(ဇူလိုင်လ ၈ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာမျက်နှာဖုံးနှင့် Editorial)


ဗုဒ္ဓဂယာနှင့် သတိတရား

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂယာတွင် ယနေ့ နံနက် စောစောပိုင်းက ဗုံးများ ဆက်တိုက် ပေါက်ကွဲသည့် သတင်းကြောင့် ဗုဒ္ဓဘာသာဝင်များ အပါအဝင် မြန်မာပြည်သူအများ အံ့သြတုန်လှုပ် ခဲ့ကြရသည်။

ထိုသို့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာ တစ်ခုတွင် ဗုံးဖောက်ခွဲခြင်းသည် မည်သည့် စံနှုန်းနှင့်ပင် ကြည့်သည်ဖြစ်စေ၊ မည်သူက မည်သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ် ဖြစ်သည့်အတွက် The Voice က ပြင်းထန်စွာ ရှုတ်ချပါသည်။

အထက်ပါ အကြမ်းဖက် လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင်များ အပါအဝင် မြန်မာ ပြည်သူများ အမျက် ဒေါသထွက်၊ စိတ်မကောင်း ဖြစ်ကြ သလို အပြင်မီးကို အတွင်းသို့ မသွင်းရာ ဆိုသည့်အတိုင်း နဂိုကတည်းက တအုံနွေးနွေး ဖြစ်နေသည့် မြန်မာနိုင်ငံတွင်းသို့ မီး မကူးစက်အောင်မူ သတိပြုရန် လိုပါသည်။

ကမ္ဘာ အရပ်ရပ်တွင် အကြမ်းဖက်သမားတို့ ထားရှိလေ့ရှိသော ရည်ရွယ်ချက် မှာ သူတို့၏ အကြမ်းဖက် လုပ်ရပ်များကို လူအများ အာရုံစိုက်စေရေး၊ သူတို့၏ တို့မီး ရှို့မီး လုပ်ရပ်ကြောင့် တစ်ဖက်နှင့် တစ်ဖက် အမုန်းပွားပြီး သာမန်လူ အများအပြား ပါဝင်လာကာ လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခများ ကြီးထွား ကျယ်ပြန့်စေရေး၊ လူအများ မသွားရဲ မလာရဲ တကြောင့်ကြကြဖြစ်ကာ အကြောက်တရား ကြီးစိုးရေး ဖြစ်သည့်အတွက် အကြမ်းဖက်သမားတို့ ပန်းတိုင်ရောက် မအောင်မြင်စေရန် ပြည်သူအများ၏ သတိ လိုအပ်ကြောင်း The Voice က တင်ပြလိုက်ပါသည်။

အယ်ဒီတာ (၇.၇.၂၀၁၃)

နိုဝင်ဘာ၌ အပြီးတည်ဆောက်ရန် မှန်းထားသည့် ရွှေဂုံတိုင် ခုံးကျော်တံတား လက်ရှိလုပ်ငန်း ရာခိုင်နှုန်း ၄၀ သာ ပြီးစီး


ရွှေဂုံတိုင် ခုံးကျော်တံတားအား လာမည့်နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်ရန် မှန်းထားသည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ သိရသည်။ သို့သော် လက်ရှိတံတား တည်ဆောက်ရေး လုပ်ငန်းမှာ ရာခိုင်နှုန်း ၄၀ ခန့်သာ ပြီးစီးသေးကြောင်း Capital Development Co.Ltd မှ သိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပန္နက်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက တံတားအား ၁၁ လအတွင်း အပြီးတည်ဆောက် သွားမည်ဟု တံတားစီမံကိန်း ဒါရိုက်တာ ဦးအေးသော်က တရားဝင် ပြောကြားခဲ့သည်။

သို့သော် လက်ရှိတံတား ဆောက်လုပ်မှုမှာ အချိန်ခုနစ်လခန့် ရှိနေပြီ ဖြစ်သော်လည်း လုပ်ငန်းပြီးစီးမှုမှာ ရာခိုင်နှုန်း ၄၀ ခန့်သာ ရှိနေပြီး နိုဝင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဟု ခန့်မှန်းထားသောကြောင့် ဆောက်လုပ်ချိန် လေးလကျော်သာ ကျန်ရှိတော့ကာ ယင်းအချိန်ကာလနှင့် ပြီးစီးရန် မလွယ်ကူကြောင်း သုံးသပ်သူများလည်း ရှိသည်။

ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးခုအနက် မပြီးစီးသေးသည့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများအား သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် တွန်းအားပေးလျက် ရှိသော်လည်း ရွှေဂုံတိုင်ခုံး ကျော်တံတားမှာ အရှိန်အဟုန် နှေးနေကြောင်း၊ အဆိုပါ တံတားအား လာမည့်ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန် ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ရွှေဂုံတိုင် လမ်းဆုံသည် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုလာကြောင်း ရွှေဂုံတိုင်မီးပွိုင့်မှ နေ့စဉ်ဖြတ်သန်း သွားလာနေသူများက ဆိုသည်။

"နိုဝင်ဘာလတွင်းမှာ တံတားပြီးစီးဖို့က မလွယ်ကူပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုတောင်မှ တံတားတည်ဆောက်ရေး လုပ်ငန်းမှာ ဘာမှမပြီးသေး လို့ပါဘဲ။ ပြီးတော့ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှာလည်း အင်တိုက်အားတိုက် သိပ်လုပ်တာ မတွေ့ရဘူး။

လုပ်သားအင်အားကလည်း ကျိုးတိုးကျဲတဲပဲ တွေ့နေရတယ်။ ဒါကြောင့် ပြီးစီးဖို့ မလွယ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ ရွှေဂုံတိုင်မီးပွိုင့်မှာ ကားကျပ်တာ ဆိုးနေတယ်။
တတ်နိုင်သမျှ ရွှေဂုံတိုင်မီးပွိုင့်ကို ရှောင်ပြီးမောင်းနေရတယ်" ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းနှင်သူတစ်ဦးက ဆိုသည်။

Eleven Media Group

လော်စစ်ဟန် ကွယ်လွန်


ရှမ်းပြည်နယ် အရှေ့ပိုင်း မှာ မြန်မာ အစိုးရကို ခုခံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ ကြား အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ပေးခဲ့တဲ့ ကိုးကန့် ဘိန်းရာဇာ လော်စစ်ဟန် စနေနေ့က ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမည်မဖော်တဲ့ မိသားစုဝင်တဦးက သူသေဆုံးတဲ့ သတင်းကို အတည်ပြုခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြ ထားပါတယ်။

လော်စစ်ဟန်ဟာ ဘယ်လိုလူမျိုးလဲ။ သူ့တသက်တာ ဆောင်ရွက်ချက် တွေဟာ ဗမာပြည်သူ ပြည်သားတွေ အပေါ်မှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိခဲ့သလဲ ဆိုတာ ကို သတင်းစာ ဆရာ ဘာတေးလ် လစ်တနာကို ဆက်သွယ် မေးမြန်း ကြည့်ထားပါတယ်။

သူဟာ ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်းမှာ ကိုယ်ပိုင်တပ်ဖွဲ့ရဲ့ တပ်မှူး တယောက်ပါ။ သူ့ကို ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် မြန်မာ စစ်တပ်က အသိအမှတ်ပြု ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဘိန်းကုန်ကူးခွင့် ရခဲ့သူပါ။ ဘာ့ကြောင့် အဲသလို ခွင့်ပြုသလဲ ဆိုတော့ ဗမာပြည် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လော်စစ်ဟန်ကို အစိုးရက အသုံးချလို့ ရနေလို့ပါ။ သူ့တပ်ဖွဲ့ တွေဟာ အစိုးရ စစ်တပ် တွေနဲ့ ပူးပေါင်းပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ခိုက် ခဲ့ပါတယ်။

တကယ်တော့ လော်စစ်ဟန် ဟာ အဲဒီဘဝ မရောက်ခင် မူလက ကိုးကန့် စော်ဘွားရဲ့ သမီး အောလစ်ဗ် ယန်း ရဲ့ စစ်တပ်က အရာရှိ တယောက်ပါ။ နောက်ပိုင်း အရှေ့မြောက်ပိုင်း ဒေသကို ဗမာ ပြည်ကွန်မြူနစ် ပါတီ ရောက်လာပြီး ကိုးကန့် စော်ဘွားတွေကို မောင်းထုတ် လိုက်တဲ့အခါ လော်စစ်ဟန် အတွက် ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် အဖြစ် ရှေ့တန်း ရောက်ဖို့ အခွင့်အရေး ရလာပါတယ်။ ၁၉၇၀ ကျော် အစပိုင်း ကာလတွေ အထိ သူဟာ အစိုးရ စစ်တပ်နဲ့ လက်တွဲပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ပူးပေါင်း တိုက်ခိုက် ခဲ့သလို ဘိန်းကုန်ကူးပြီး ချမ်းသာ ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖျက်သိမ်း လိုက်တဲ့နောက်ပိုင်း မှာတော့ သူ့တပ်ဖွဲ့ဟာ တရားမဝင် မြေအောက် တပ်ဖွဲ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဘိန်းရာဇာ အဖြစ် ထိုင်း စစ်တပ်က သူ့ကို ဖမ်းပြီး မြန်မာ အစိုးရ လက်အပ် လိုက်ပါတယ်။

နာမည်ကြီး ဘိန်းသမား လည်း ဖြစ်ပြီးနိုင်ငံတကာ ကလည်း လိုလားနေတဲ့ ဘိန်းရာဇာ ဖြစ်တဲ့ အတွက် မြန်မာ အစိုးရက သူ့ကို သေဒဏ် အပြစ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို ဘိန်းမှုနဲ့ အပြစ် ပေးခဲ့တာ မဟုတ်ပါဘူး။

သူ့ကို အစိုးရက ဘိန်းကုန်ကူးခွင့် ပေးထားတာ ဖြစ်တဲ့ အတွက် သူ့ကို တရားစွဲ တဲ့အခါ သူပုန်မှု နဲ့သာ တရားစွဲ ခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီ သေဒဏ် ကိုလည်း ဘယ်တော့မှ လက်တွေ့ အကောင်အထည် မဖော်ပါဘူး။

အဲဒီနောက် ၁၉၈ဝ ပြည့်နှစ် ကျတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေး လိုက်ပါတယ်။ အဲသလို လွှတ်ပေး လိုက်ပြီးတဲ့ နောက်မှာ သူဟာ လားရှိုး ပြန်သွား ပါတယ်။ လားရှိုးမှာ အရင်က ကာကွယ်ရေး တပ်ထက် ပိုပြီး အင်အား ကြီးမားတဲ့ ပြည်သူ့ စစ်ကို ထူထောင် ပါတယ်။ ရွှေတြိဂံ နယ်မှာ သူ့သြဇာ ကြီးထွား လာခဲ့ ပါတယ်။

ဒါပေမဲ့ တကယ်တမ်း သူ့သြဇာ ပိုကြီးလာတာက ၁၉၈၉ ခုနှစ် ကွန်မြူနစ် ပါတီ အတွင်းမှာ တိုင်းရင်းသား တွေရဲ့ ပုန်ကန်မှု ဖြစ်လာတဲ့ အချိန်မှာ သူဟာ အစိုးရ အတွက် အလွန် အရေးပါတဲ့ လူတယောက် ဖြစ်လာ ပါတယ်။ အဲဒီ အချိန်မှာ ဗမာ ပြည်မှာ အလွန် အရေးကြီးတဲ့ ရှစ်လေးလုံး အရေးအခင်း ကြီး ဖြစ်ခဲ့ ပါတယ်။ ထောင်သောင်း ချီတဲ့ ကျောင်းသား တွေ တောခို ခဲ့ကြ ပါတယ်။ အဲဒီ အချိန်က ကျောင်းသား တွေကို လက်နက် ခွဲဝေ တပ်ဆင် ပေးနိုင်စွမ်း ရှိတဲ့ တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ ဟာ ဗမာပြည် ကွန်မြူနစ် ပါတီပါ။ ကျောင်းသား တွေကို ကွန်မြူနစ်ပါတီက လက်နက် တပ်ဆင် ပေးနိုင်ခဲ့ရင် အခြေအနေတွေဟာ တမျိုးတဖုံ ဖြစ်သွား နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာ ပါဘူး။

ဗမာပြည် ကွန်မြူနစ် ပါတီကို တိုင်းရင်းသား တွေက ပုန်ကန် လိုက်တဲ့အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်က တိုင်းရင်းသား တွေနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ ပြန်ပြီး မပေါင်းစည်းနိုင်ဖို့ စေ့စပ်တဲ့ အဖွဲ့ တဖွဲ့ စေလွှတ် လိုက်ပါတယ်။ အဲဒီအဖွဲ့က အောလစ်ဗ် ယန်း၊ လော်စစ်ဟန်နဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ခေါင်းဆောင်တဲ့ အဖွဲ့ပါပဲ။ ကျောင်းသားတွေကို လက်နက် မထောက်ပံ့ဖို့နဲ့ အစိုးရနဲ့ စစ်ရပ်စဲရင် ရမယ့် စီးပွားရေး လုပ်ပိုင်ခွင့် တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေကို မြန်မာ စစ်အစိုးရက စည်းရုံး ခဲ့ပါတယ်။

အဲဒီနောက် သူ့သြဇာ အာဏာ အကြီးဆုံး ကာလကို ရောက်သွား ပါတယ်။ သူဟာ ၁၉၉၂ ခုနှစ်မှာ အေးရှားဝါးလ် ကုမ္ပဏီ ထူထောင်ခွင့် ရခဲ့တယ်။ အရေးကြီးတဲ့ ပြည်တွင်းက ဆောက်လုပ်ရေးနဲ့ ကုန်သွယ်ရေးတွေ တရုတ် ပိုက်လိုင်း စီမံကိန်းတွေ ရေနက် ဆိပ်ကမ်းတွေ အမြောက်အများ လုပ်ကိုင်ခွင့် ရခဲ့ပြီး ဗမာပြည်မှာ သူ့ရဲ့ စီးပွားရေး အင်ပိုင်ယာကြီးကို ထူထောင်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။

Observer သတင်းစာ ရေးသားချက် အရ ၂ဝဝ၆ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မင်္ဂလာပွဲကို ကြီးမှူး ကျင်းပ ရာမှာ လော်စစ်ဟန် မိသားစု ပါဝင်တယ်လို့ သိရပါတယ်။

လောစစ်ဟန်ကို ဘိန်းဖြူ လုပ်ငန်းရဲ့ ဂေါ့ဖားသား ဆိုပြီး အမေရိကန် အစိုးရက ၂ဝဝ၈ ခုနှစ်က သူတို့ မိသားစု လုပ်ငန်း တွေကို ဒဏ်ခတ် ပိတ်ဆို့မှု တွေ ချမှတ် ခဲ့ပါတယ်။

Shwemyanmar media group

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ


အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

“ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”

ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

“ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”

တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအ၀င် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ၀မ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာပြောဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။

VOA (မြန်မာဌာန)

မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုကို လူ (၅၀)ခန့်  ၀ိုင်းဝန်ဆန့် ကျင်


ရန်ကုန်၊ ဇူလိုင် ၈

ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က ရန်ကုန်တိုင်း သာကေတမြို့ နယ် ၊ အနော်မာ(၁)ရက်ကွက်မှာ မူးယစ်ပြစ်ချက်ဟောင်း ရှိသူတွေကို ရဲတပ်ဖွဲ့ က ၀င်ရောက်ဖမ်းဆီးရာမှာ ရပ်ကွက်နေ ပြည်သူ (၅၀)ခန့် က တရားခံများအား ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါသည်။

သာကေတမြို့မ ရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက် ဟောင်းရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်းသူ၏ နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ ကနေ လူစုလူဝေးနဲ့  တာဝန်ဝတ္တရားဆောင်ရွက် မရအောင် တားဆီးခံရတာ ဖြစ်တယ်လို့ ဆိုပါသည်။

တရားခံ မြ၀င်းဇော် နေအိမ်တွင် ကျော်လင်း(၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊
သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါ အတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများ ရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များ ထည့်ထားသည့် ပလပ်စတစ် အနီရောင်ပုံး အတွင်းမှ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်လျက် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် အလေးချိန် (၆၄.၁၉) ဂရမ် ( ၃ကျပ် ၁၃ပဲ) အား ရှာဖွေတွေ့ရှိခဲ့ပါသည်။

သက်သေခံ ပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့် ကျော်လင်းတို့အား အနော်မာ အုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင် ရောက်ရှိစဉ် အဆိုပါ တရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့်မှ
အော်ဟစ် တောင်းဆို ကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အနော်မာ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိ ရှင်းလင်းခဲ့ရာ (၂၃၁၅)အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

မူးယစ်ဆေးဝါးဖြင့် တွေ့ရှိသော မြ၀င်းဇော်နှင့် ကျော်လင်းတို့အား သာကေတမြို့မ ရဲစခန်း မယ(ပ)၁၀/၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အရေးယူဆောင်ရွက် ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့် အတူ မူးယစ်ဆေးဝါး ဖမ်းဆီးမှုအား ဥပဒေနှင့်အညီ ဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ(၅၀)ဦးခန့်မှ မသမာသောနည်းဖြင့် တရားခံများအား ရပ်ကွက်ရုံးမှ ပြန်ထုတ်ပေးရေး အော်ဟစ် တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရား ဆောင်ရွက် မရအောင်တားဆီး နှောင့်ယှက်သဖြင့် အရေးယူဆောင်ရွက် နိုင်ရန် ခေါင်းဆောင်များအား စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများကြောင့် ဝမ်းနည်း စိတ်ထိခိုက်နေသည့် သီရိလင်္ကာ သမ္မတ ရာဇပက်ကသျှ ”


သီရိလင်္ကာ သမ္မတ မဟိန္ဒ ရာဇပက်ကသျှသည် အပြည်ပြည်ဆိုင်ရာတွင်လည်း ကျော်ကြားပြီး ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဘာသာရေးအရ ထူးမြတ်သည့် နေရာ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ကျောင်းတွင် တနင်္ဂနွေနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှု သတင်းကြောင့် စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရသည်။

“ဒီသတင်းကြောင့် သမ္မတကြီး ရာဇပက်ကသျှ စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရပါတယ်”ဟု သမ္မတ၏ မီဒီယာ ညှိနိုင်းဆောင်ရွက်ရေးမှုး ဝိဇယနန္ဒ ဟယ်ရာက ပြောကြားသည်။

သမ္မတကြီးက မဟာဗောဓိ ဘုရားကျောင်း အကြီးအကဲနှင့် စကားပြောခဲ့ကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဒေလီမြို့တော်ရှိ သီရိလင်္ကာ သံရုံးတို့ကို စုံစမ်းစစ်ဆေးပြီး ၄င်းထံ တင်ပြရန် ပြောကြားခဲ့ကြောင်း အရာရှိက ဆိုသည်။

မဟာဗောဓိ ရင်ပြင်တော်ပေါ်ရှိ လူလေးဦး အပါအဝင် ရဟန်းတော် နှစ်ပါးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် တနင်္ဂနွေနေ့က ဗုံးရှစ်လုံး အတွဲလိုက် ပေါက်ကွဲခဲ့မှုသည် ဗီဟာပြည်နယ်ရှိ ဘုရားကျောင်း မြို့ ဗုဒ္ဓဂါယာကို တုန်လှုပ်သွားစေခဲ့သည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ လူထောင်ပေါင်းများစွာသည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးအဖြစ် သွားရောက်ကြသည်။ ၄င်းနေရာသည် ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ နေရာ တနည်းအားဖြင့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ရာ နေရာဟု ဆိုကြသည်။

ယခုနှစ်အစောပိုင်းကလည်း ချနိုင်း အခြေစိုက် ဗုဒ္ဓဂါယာ အသင်းနှင့် တွဲဖက် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် မဟာဗောဓိရုံးများသည်လည်း သံသယရှိနေသည့် တမီးလ် အုပ်စုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

credit to ဘုန်းဉာဏ် (Bone Nyan)

India Today သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက် လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး


Monday, 08 July 2013

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင် သီရိမိုးဦးမှာ အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက် ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်းသို့တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက် ခဲ့ရာပြစ်မှု ကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊ သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ ရန်ကုန်မြို့ သို့ လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ ၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့ နယ်၊ အောင်မင်္ဂလာလမ်းဘက်သို့ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန် တိုင်ပင် ခဲ့ကြကြောင်း၊အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိ ကွမ်းယာဆိုင်၌စောင့်နေခဲ့ကြကြောင်း ၊ငွေများခြိမ်းခြောက်တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုး သမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်ပြစ်မှုကျူး လွန်းစဉ် အတူပါဝင်သူများအားတာမွေမြို့နယ်ရဲတပ်ဖွဲ့မှစုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ

ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ) ဦးစိန်လှ ၊ ညောင်တုန်းရပ်ကွက်၊ ဇင်မောင်မောင်(ခ)အသေး ၊(ဘ)ဦးတင်ဝင်း၊ ရာဇသင်္ကြန်ရပ်ကွက် ၊ ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ရေကြည်မြို့ ရွှေဆိုင်မှာ ကျပ်သိန်းတစ်ကျော်ဖိုး ရွှေထည်ပစ္စည်း ခိုးယူသူ ဖမ်းမိ


ဇူလိုင်လ(၅)ရက်နေ့ နံနက် (၆း၃၀) အချိန်မှာ ဧရာဝတီတိုင်း ဒေသကြီး ၊ ရေကြည်မြို့ နယ် ၊ အောင်ဆန်းရပ်ကွက် (၁)လမ်းနေ ဦးမောင်ကျော့ ရွှေဆိုင်မှာ ကျပ်သိန်းတစ်ရာကျော်ဖိုး ရွှေထည်ပစ္စည်း တွေ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ရေကြည်ဈေး အတွင်းရှိ ဦးမောင်ကျော့ ရွှေဆိုင်၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ရောက်လာကာ ၊ ၎င်း၏ သမီးအတွက် နားကွင်းတရံ ၀ယ်လိုကြောင်း ပြောဆို၍ ဦးမောင်ကျော့မှ လေးသောင်းကျပ်တန်ခန့် နားကွင်းအား ထုတ်ပြရာ ထိုအမျိုးသမီးမှ ၀ယ်ယူ၍ ၎င်းသမီးအား နားကွင်းဝတ်ဆင်ပေးရန် ပြောသဖြင့် ဦးမောင်ကျော့မှ ကလေးမလေးဘက်လှည့်၍ နားကွင်း ၀တ်ဆင်ပေးနေခဲ့ပါသည်။

ခဏအကြာ ၄င်းအမျိုးသမီး သားအမိမှ ငွေပေးချေပြီး ပြန်ထွက်သွားစဉ် ဦးမောင်ကျော့ မှ ရိုးကစ် အံဆွဲအတွင်း အပေါင်ခံ ပစ္စည်းများ ထည့်ထားသောအိတ်အား ကြည့်ရာ မတွေ့ရှိတော့သဖြင့် ထိုအမျိုးသမီးသား အမိအား အနီး ပတ်ဝန်း ကျင်ဈေးအတွင်း လိုက်လံရှာဖွေနေခဲ့ပြီး နံနက်(၁၁း၀၀) ကျော်ခန့်တွင် ရေကြည်ရဲစခန်းသို့ သွားရောက်တိုင်တန်ခဲ့ပါသည်။

ရေကြည်ရဲစခန်းမှ အမှူတိုင်တန်းချက် ရလျှင်ရခြင်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးသန်းအေးမှ အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး စခန်းမှူး ရဲအုပ်- ဇော်မျိုးမောင်မှ ဦးစီး၍ နယ်ထိန်းအဖွဲ့များ ရဲတပ်ဖွဲ့ အမာခံသတင်း ပေးများဖြင့် ပူးပေါင်းပြီး တရားခံအား လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၄င်းအမျိုးသမီးတရားခံသားအမိမှာ ကံကလေးလမ်းဆုံသို့ ဆိုင်ကယ် ကယ်ရီဖြင့်သွားရောက်ခဲ့ပြီ ကံကလေးလမ်းဆုံမှ ရန်ကုန်မြို့ဘက်သို့ ခရီးသည်တင်မှန်လုံယာဉ်ဖြင့် လိုက်ပါသွားကြောင်း စုံစမ်းသိရှိရ၍ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဇော်မင်းသိဏ်းနှင့် ဒု-ရဲအုပ် ၀င်းနိုင်ဦးတို့ ဦးစီးအဖွဲ့ များမှ လိုက်လံသတင်းရယူ စုံစမ်းကာ တရားခံများ လိုက်ပါ စီးနှင်းသွားသော မော်တော်ယာဉ်နှင့် အဆက်အသွယ်ရရှိပြီး တရားခံအမျိုးသမီးအား ခိုးယူလာသော သက်သေခံ ပစ္စည်းများနှင့်အတူ ညောင်တုန်းမြို့ ရေနံမြေလမ်းဆုံတွင် နေ့လည်(၁)နာရီခန့် အချိန်တွင် ဖမ်းဆီးရမိခဲ့ ပါသည်။

အမှူအား စခန်းမှူးရဲအုပ်- ဇော်မျိုးမောင်မှ စစ်ဆေးပြီး တရားခံအမျိုးသမီးမှာ မသီတာ(ခ) မအေးမြ (၃၁)နှစ် အဘ ဦးစိုးပိုင် ဈေးရောင်း ဟိန္ဒူ၊ ဗုဒ္ဓ၊ ရေလဲကျေးရွာ ၊ မအူပင်မြို့နေသူဖြစ်ပြီး ၎င်းခိုးယူသွားခဲ့သည့် ရွှေထည်ပစ္စည်းများ၏ အလေးချိန်မှာ (၁၉ )ကျပ်သားခန့် ၊ ကာလတန်ဖိုး (၁၁၉) သိန်းကျော်ဖိုး ရှိသည်ဟု သိရပါသည်။

ပေးပို့သူ - ရေကြည်သား

Myanmar News Now

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်


ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအား နိုင်ငံပိုင် မီဒီယာဖြစ်သော မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဇူလိုင်လ ၇ ရက်ည ၈ နာရီက ဖော်ပြခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း အတွင်းရှိ မဟာဗောဓိ ညောင်ပင်အောက်တွင် ဗုံးနှစ်လုံး၊ ရတနာဃရသတ္တာဟတွင် ဗုံးတစ်လုံး၊ အနိမိသသတ္တာဟတွင် ဗုံးတစ်လုံး၊ ဂျပန်ဘုရားကြီး ကာမာကူရ ဆင်းတုတော် အနီးတွင် ဗုံးတစ်လုံး၊ တိဘက်ဘုန်းတော်ကြီးကျောင်း ၀င်းအတွင်း ဗုံးနှစ်လုံး စုစုပေါင်း ဗုံးခုနစ်လုံး ပေါက်ကွဲခဲ့သည့်အပြင် ကာမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသော အခြားဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာမှ ဇူလိုင် ၇ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် မဟာဗောဓိ ညောင်ပင်အောက်တွင် ပဋ္ဌာန်းရွတ်ဆို ပူဇော်နေပြီး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသော အိန္ဒိယနိုင်ငံရောက် မြန်မာစာသင်သား ရဟန်းတော် တစ်ပါးဖြစ်သည့် ဦးဝိလသဂ္ဂါလင်္ကာရ (သက်တော် ၂၇ ၊၀ါတော် ၇ ၀ါ) မှာ ယာလက်မောင်းနှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ခဲ့ပြီး ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

လက်ရှိတွင် ဗုဒ္ဓဂယာ ဆေးရုံမှ အက်ပိုးဆေးရုံသို့ ဒဏ်ရာရရှိ သူများအား ရွှေ့ပြောင်းကုသပေးနေကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာအဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကိုးလ်ကတ္တားမြို့တွင်လည်း သံဃာတော်များက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အိန္ဒိယသမ္မတ ပရာနက်မူခါဂျီက ယခုကဲ့သို့ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုသည် အပြစ်မဲ့ ဘုရားဖူးများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် အသိဥာဏ် ကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြောကြားလိုက်သည်။


အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာ အဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်နေစဉ်

Eleven Media Group

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား


ဇူလိုင် ၇ ရက်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ ဘုရားကျောင်းတွင် ဗုံး(၅)လုံး ပေါက်ကွဲရာ လူနှစ်ဦး ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ ပထမဆုံးဗုံးမှာ နံနက် ၅ နာရီ ၁၅ မိနစ် ပေါက်ကွဲပြီး ကျန် (၄)လုံး ဆက်တိုက် ပေါက်ကွဲ ခဲ့ပါသည်။ ဒဏ်ရာ ရရှိသူ နည်းပါးခြင်းမှာ မနက်ပိုင်း စောစော ဖြစ်ပြီး ဘုရားဝန်း အတွင်း လူများ နည်းပါးသော အချိန် ဖြစ်သောကြောင့် ဖြစ်ပါသည်။

တရုတ်ဈေးနှိမ်၍ သီဟိုဠ်စေ့ ဈေးကောင်းမရ


ပုသိမ်၊ ဇူလိုင် ၃

ပြည်ပပို့ကုန် သီဟိုဠ်စေ့မှာအမေရိကန်ဒေါ်လာဈေး မြင့်တက်နေသော် လည်း အဓိကဝယ်လက် တရုတ်ဈေးနှိမ်သဖြင့် သီဟိုဠ်စိုက် တောင်သူများနှင့် ပွဲရုံများ ဈေးကောင်းမရဘဲ အခွံခွာပြီး သီဟိုဠ်စေ့ တစ်ပိဿာလျှင် ယခင်အတိုင်း ကျပ်တစ်သောင်းဝန်းကျင်သာ ရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့သာ အဓိကတင်ပို့ပြီး ထိုင်းနှင့် ထိုင်ဝမ်တို့သို့လည်း အနည်းငယ် တင်ပို့ကြောင်း၊ ပြည်တွင်းဈေးကွက် နည်းကာ တရုတ်နှစ်သစ်ကူး ကာလများတွင်သာ ပြည်တွင်း ဝယ်လိုအား မြင့်တက်လေ့ ရှိကြောင်း ပုသိမ်မြို့မှ သရဖူသီဟိုဠ်စေ့ ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးအံ့ကျော်က ပြောကြားသည်။

ဖေဖောဝါရီလဆန်းပိုင်း သီဟိုဠ်သီးများ ရင့်မှည့်ချိန်တွင် အစေ့ခြွေ၍ နှစ်ရက်ခန့် နေလှန်းကာ အခွံပါ သီဟိုဠ်စေ့များကို တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၁၇၀၀ ခန့်ဖြင့် ပုသိမ်မြို့သို့ တင်ပို့ရောင်းချကြောင်း ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာအုပ်စု သရက်ပင်မောင်နှမ သီဟိုဠ်ခြံ လုပ်ငန်းရှင် ဦးလှခင်က ပြောဆိုသည်။

သီဟိုဠ်ပင်သည် စတင်စိုက်ပျိုးချိန်မှ ၂ နှစ်သက်တမ်းခန့် ကြာမြင့်ချိန်တွင် အသီး စသီးသော်လည်း စီးပွားဖြစ် မထွက်ရှိဘဲ ခုနစ်နှစ်အရွယ်မှသာစံတင် စီးပွားဖြစ် ထုတ်ယူနိုင်ပြီးယင်းမှ အပင်သက် နှစ် ၅၀ ခန့်အထိ စီးပွားဖြစ် သီဟိုဠ်စေ့ ထုတ်ယူရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများထံမှ သိရသည်။
သာပေါင်းမြို့မှ ထွက်ရှိသော သီဟိုဠ်စေ့မှာ အရွယ်အစားကောင်းပြီး ဈေးကောင်း ရရှိကာ ချောင်းသာ၊ ငွေဆောင်ဘက်မှ သီဟိုဠ်စေ့မှာ ဈေးကောင်းမရကြောင်း ဦးအံ့ကျော်က ပြောကြားသည်။

သီဟိုဠ်စေ့များကို မိုးမမိစေဘဲ လေးရက်ခန့် နေလှန်းထားပြီးမှ မီးဖြင့်ပြုတ်၍ အခွံခွာရကြောင်း၊ သီဟိုဠ်စေ့အခွံကို လောင်စာအဖြစ် အသုံးပြုရန် တစ်တင်းခွဲ တစ်အိတ်လျှင် ၇၀၀ ကျပ်ခန့်ဖြင့် ရောင်းချ၍ရကြောင်း သီဟိုဠ်စံ ထုတ်လုပ်သည့် လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ပြောင်းပေါ်စချိန်တွင် ယခင်နှစ်ထက် ဈေးသုံးပုံတစ်ပုံကျ


တောင်ငူ ၊ ဇူလိုင် ၃

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရှမ်းဝါးတီးကျေးရွာမှ ထွက်ရှိသော ယခုနှစ် ပြောင်းပေါ်စချိန် ပေါက်ဈေးသည် ယခင်နှစ်ထက် ပေါ်ဦးပေါ်ဖျား ပြောင်းဈေးရရှိမှု၏ သုံးပုံတစ်ပုံနီးပါး လျော့နည်းခဲ့ကြောင်း တောင်ငူမြို့ ပြောင်းအဝယ်ဒိုင်များနှင့် ပြောင်းစိုက်တောင်သူများက တညီတညွတ်တည်း ပြောကြားသည်။

၂၀၁၂ ခုနှစ် ပြောင်းပေါ်ချိန်တွင် ပြောင်းဖူးအဝါနှင့် အဖြူတစ်ဖူးလျှင် ကျပ် ၉၀ ပေါက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ပြောင်းအဖြူတစ်ဖူးလျှင် ၃၅ ကျပ်၊ ပြောင်းဖူးဝါ တစ်ဖူးလျှင် ကျပ် ၆၀ သာရ ရှိကြောင်း တောင်ငူမြို့ စစ်တောင်းတံတားဆိပ်ကမ်း ဒေါ်မြအေး ပြောင်းပွဲရုံပိုင်ရှင်က The Voice သို့ ပြောကြားသည်။

အုတ်တွင်းမြို့နယ် စစ်တောင်းမြစ်ကမ်းပါး ကျေးရွာများ ဖြစ်သော ရှမ်းဝါးတီး၊ ခေါင်ရမ်း၊ ဒိုးသောင်ကျေးရွာတို့မှ ထွက်ရှိသော ပြောင်းများ ဇူလိုင်လဆန်းတွင် စတင်ထွက်ရှိပြီး သြဂုတ်လတွင် ဖြိုင်ဖြိုင်ထွက်ကြောင်း၊ အဆိုပါ ပြောင်းများကို တောင်ငူမြို့ ပြောင်းပွဲရုံများမှ တစ်ဆင့်ပဲခူး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့တို့သို့ တင်ပို့ရောင်း ချကြောင်း တောင်ငူမြို့ ပြောင်းပွဲရုံ ပိုင်ရှင်များက ပြောကြားသည်။

ဒေသတွင်း ပြောင်းစိုက်တောင်သူများသည် အဖြူမျိုး(ရွှေဝါ)နှင့်အဝါမျိုး (ပန်ဂိုး) ကို အများဆုံး စိုက်ပျိုးပြီးမျိုးစေ့ တစ်ဘူးလျှင် ၁၃,၀၀၀ ကျပ် ခန့်ပေးရပြီး တစ်ဧကကုန်ကျစရိတ် ကျပ်နှစ်သိန်းခန့်ရှိပြီး တစ်ဧကဖူးရေ ၁၀,၀၀၀ ကျော် ထွက်ရှိမှသာ အမြတ်ကျန်နိုင်မည် ဖြစ်ကြောင်း အုတ်တွင်းမြို့နယ် ရှမ်းဝါးတီးကျေးရွာမှ ပြောင်းစိုက်တောင်သူတစ်ဦး ဦးအိုက်ဦးက ဆိုသည်။

အုတ်တွင်းမြို့နယ်ရှိ ကျေးရွာများမှ ထွက်ရှိသောပြောင်းကို စက်လှေဖြင့်
စစ်တောင်းမြစ်ကြောင်းမှတစ်ဆင့် သယ်ဆောင်ကာ တောင်ငူမြို့ ပြောင်း ပွဲရုံများသို့ တင်ပို့ရာတွင် စက်လှေတစ်စီးလျှင် ပြောင်းဖူးရေ ၈၀၀၀ ခန့် တင်နိုင်ပြီး ခရီးစရိတ် ငါးသောင်းခန့် ကုန်ကျသည့်အတွက် လက်ရှိပြောင်းဈေးရရှိမှု အနေအထားနှင့်ဆိုလျှင် တောင်သူများ အရှုံးပေါ်နေကြောင်း ပြောင်းစိုက်တောင်သူများက ပြောကြားသည်။

ဒေသထွက်ပြောင်းကို တောင်ငူမြို့ ပြောင်းပွဲရုံများမှ တစ်ဆင့်အောက် မြန်မာပြည် မြို့ကြီးများသို့ ဆယ်ဘီးယာဉ် တစ်စီးလျှင် ပြောင်းဖူးရေ လေးသောင်းခန့် တင်ဆောင်ကာ တစ်ရက်လျှင် သုံးစီးမှ ငါးစီးခန့် တင်ပို့လျက်ရှိပြီး ဇူလိုင်လလယ်တွင် ဆယ်စီးခန့် တင်ပို့ရကြောင်း တောင်ငူမြို့ ပြောင်းပွဲရုံ ပိုင်ရှင်များက The Voice သို့ ပြောကြားသည်။
The Voice Weekly

မြန်မာနိုင်ငံတွင် 4G စနစ် တပ်ဆင်မည်ဟု Ooredoo ဆို


ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု စတင်ပေးပါက 4G စနစ် တစ်ပါတည်း တပ်ဆင်ရန် စီစဉ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ကာတာ ကုမ္ပဏီ အော်ရီဒူး (Ooredoo) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Ross Carmack က The Voice သို့ ပြောကြားသည်။

“4G စနစ် ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အစိုးရနဲ့ အသေးစိတ် အချက်အလက် တွေ အပြီးသတ် ညှိနှိုင်းရပါဦးမယ်” ဟု ၎င်းက ဆိုသည်။

လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်မှုများ အပြီးသတ်ပါက 3G စနစ်ဖြင့် စတင် သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး တပ်ဆင် သုံးစွဲမည့် စက်ပစ္စည်းများ၏ နည်းပညာရပ်ပိုင်း မြင့်မားသောကြောင့် 4G စနစ်လည်း တွဲဖက် အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရဘက်က 4G ကြိမ်နှုန်း ရောင်းမယ်ဆိုတာမျိုး ပြောတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ ပစ္စည်းတွေက 4G ပါ သုံးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကယ်၍ မြန်မာနိုင်ငံတွင် 4G စနစ် စတင် သုံးစွဲပါက အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အတွင်း ငါးနိုင်ငံမြောက် 4G စနစ် သုံးစွဲသောနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပစ္စည်း သွင်းမည့် ကုမ္ပဏီ (Vendor) ကိုလည်း မရွေးချယ်ရသေးဘဲ Erisson၊ Huawei ၊ ZTE နှင့် Nokia တို့ထဲမှ တစ်ခုခုဖြစ်မည်ဟု Ooredoo ထံမှ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင်ထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။

The Voice Weekly

တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ


တောင်ငူ၊ ဇူလိုင် ၅

တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲစခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

အရေပြားထိခိုက်နိုင်သောကြောင့် Kanebo ထုတ်ကုန်အချို့ ပြန်သိမ်းမည်


ရန်ကုန်၊ ဇူလိုင် ၎

ဂျပန်အလှကုန် Kanebo က အာရှဈေးကွက် အတွင်းရှိ ၎င်းတို့၏ အလှကုန်အချို့သည် အရေပြား ထိခိုက်မှု ရှိသောကြောင့် ဟုဆိုကာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာသည်။

ယင်းအလှကုန်များ ထုတ်လုပ်သည့် Kanebo Cosmetics Inc.၊ Lissage Ltd. နှင့် E’quipe, Ltd. ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း အချို့တွင် အရေပြားကို ထိခိုက်စေသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Rhododenol 4-(4-hydroxyphenyl)-2-butanol ဝင်နေခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြန့်ချိထားသော အလှကုန်များကို ပြန်လည် သိမ်းယူသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူမည့် ကုန်ပစ္စည်းများတွင် Kanebo BLANCHIR SUPERIOR၊ Suisai၊ TWANY၊ IMPRESS၊ AQUALEAF၊ LISSAGE၊ E’quipe နှင့် SUQQU အမှတ်တံဆိပ် အသားဖြူကရင်မ်များ၊ ကိုယ်ခန္ဓာလိမ်း အလှဆီများ အပါအဝင် ထုတ်ကုန် ၅၄ မျိုးကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။

အသုံးပြုသူ အချို့က အဆိုပါ အလှကုန်များ သုံးစွဲပြီးနောက် အရေပြားပေါ်တွင် အဖြူကွက်များ၊ အရောင်ပြောင်းမှုများ ဖြစ်ပေါ် လာကြောင်း အကြောင်း ကြားလာသောကြောင့် ပြန်လည် စုံစမ်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြေညာခဲ့သည်။

ဂျပန်ဈေးကွက် တစ်ခုတည်းတွင်ပင် ဆိုင်ခွဲပေါင်း ၁၅,၀၀၀ မှ ကုန်ပစ္စည်း လေးသိန်းခွဲခန့် ပြန်လည် သိမ်းယူရမည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် Kanebo ထုတ်ကုန်များ ဖြန့်ချိနေသော Ever Seiko ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

“Kanebo တော့သုံးတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ ဒီအတိုင်းဆိုရင် ပြောင်းသုံးရမယ်နဲ့ တူတယ်” ဟု လက်ရှိ Kanebo ကုမ္ပဏီထုတ် KATE အလှကုန် ပစ္စည်းများ သုံးစွဲနေသူ ဒေါ်လွင်လွင်အောင်က ဆိုသည်။

Rhododenol 4-(4-hydroxyphenyl)-2-butanol ဓာတုဗေဒ ပစ္စည်းသည် အသားဖြူစေရန် အလှကုန်များတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အရေပြား အရောင်ဖြစ်စေသော မယ်လနင်ဆဲလ်များကို အရောင်မပြောင်းလဲအောင် ကာကွယ်ပေးကာ နေပူထဲသို့ ထွက်ပါက အသားမည်းခြင်းကို ကာကွယ်ပေးကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကြာရှည်သုံးစွဲပါက အရေပြားကို ထိခိုက်စေသော ယင်းဓာတုဗေဒပစ္စည်းကို Kanebo ကုမ္ပဏီက အသားဖြူစေရန် အဓိကထား ထုတ်လုပ်သော အလှကုန်များတွင် ၂၀၀၈ ခုနှစ်မှ စတင်သုံးစွဲခဲ့သည်။

The Voice Weekly

ရန်ကုန် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အန္တရာယ်ရှိ အဆင့်ရောက်


ရန်ကုန် ၊ ဇူလိုင် ၅

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် လူဦးရေ ခြောက် သန်းကျော် နေထိုင်သော ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် လေထု အရည်အသွေးကို မြို့နယ်အချို့၌ တိုင်းတာရာတွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ ပမာဏ များပြားနေခြင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းက The Voice သို့ ပြောကြားသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတမြို့နယ်တွင် particular matter PM 10 မှာ 120 µg/m3 ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် particular matter PM10 မှာ 102 µg/m3 ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“လေထုအတွင်း အမှုန်အမွှား ပါဝင်မှု များနေလို့ အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက သတိပေး ပြောကြားသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသည့် စံနှုန်းမှာ လေထု အတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ particular matter (PM10 ) သည် 50 µg/m3) အတွင်းသာ ရှိရမည် ဖြစ်သည်။

သုတေသနပြု စစ်ဆေးချက်များအရ ခြောက်သွေ့ ရာသီများတွင် လေထု ညစ်ညမ်းမှု ပိုမို များပြားသည်ကို တွေ့ရှိရခြင်းကြောင့် ရာသီဥတုပေါ် မူတည်၍လည်း လေထု ညစ်ညမ်းမှုနှုန်း မြင့် မားခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာမြင့်သိန်းက ရှင်းပြ ပြောဆိုသည်။

အဆိုပါ သုတေသနကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ နေပြည်တော်တို့ကိုလည်း အလှည့်ကျ တိုင်းတာနေခြင်းဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရှိရသည်။

The Voice Weekly

ပုံစံပြောင်းလာတဲ့ လယ်ယာ စိုက်ပျိုးရေး ..