မြန်မာနိုင်ငံဖွား ဟုတ်/ မဟုတ် စစ်ဆေးခံနေရသည့် လွှတ်တော်အမတ်များ

ပို့စ်တင်ချိန် - 7/08/2013 09:27:00 AM


မြန်မာနိုင်ငံသား ဟုတ်/မဟုတ် စစ်ဆေးပေးရန် တိုင်ကြားခံထားရသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား   မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။


ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်(အမတ်)များအား မြန်မာနိုင်ငံဖွားများ မဟုတ်ဟု တိုင်ကြားစာများ ရရှိထားသည့်အပေါ်တွင် စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံဖွား ဟုတ်/မဟုတ် စစ်ဆေးရန် ပါဝင်သူများစာရင်း၌ ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ- (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း  (ခ)  ဇော်ကီးအာမတ် မောင်တောမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း(ခ)ဇာယာဒ်ရော်မန် မောင်တောမြို့နယ်နှင့်  ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ်တို့လည်း ပါဝင်သည်ဟု အင်တာနက် သတင်းများအရ သိရ သည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် မှားယွင်းပြီးတော့ စွပ်စွဲမိမှာလည်း စိုးရိမ် ပါတယ်။ နိုင်ငံသားဖြစ်ရေး စစ်ဆေးတဲ့ကိစ္စတွေက နောက်ကြောင်းစစ်ဆေးရတာလည်း တော်တော်လည်း ကြာ ပါတယ်။ ဒါကြောင့်အခုထိတော့ အဖြေမထွက်သေးပါဘူး၊ စီစစ်ဆဲပါ”ဟု  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

ဇွန်လ(၂၉)ရက်က နေပြည်တော် စက်မှုဝန်ကြီးဋ္ဌာနတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တွေ့ဆုံပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့် တင်ပြနိုင်သည့်  မှတ်တမ်းမှတ်ရာများအား စစ်ဆေးသွားမည်ဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအား ပြင်ဆင်သွားမည် မဟုတ်ဟု ၀န်ကြီးက ဆက်ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်၌ ၆ ခွဲနှစ်ကြာ အချိန် ယူပြီးတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများနှင့် တွေ့ဆုံကာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိ ရသည်။

“အစိုးသစ်လက်ထက်ကိုရောက်တော့လည်း ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေ ဖျက်သိမ်းရေးနဲ့ ပတ်သတ် ပြီးတော့ အဆိုတစ်ရပ်တင်သွင်းပြီး လွှတ်တော်အမတ် (၈)ဦးလောက် အကြေအလည် ဆွေးနွေး ပြီးတော့ ဒီဥပဒေသည် အချိန်ယူပြီးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အကျိုးပြုတဲ့ ဥပဒေဖြစ်တယ်။ ထို့ကြောင့် ဒီဥပဒေကို လက်ရှိအတိုင်းပဲ အသုံးပြုမယ် မှတ်တမ်းတင်ထားပါတယ်။ ပြင်စရာ မရှိပါဘူး။ ပြင်ဖို့လည်း တစ်ကြိမ်တစ်ခါမှ ပြောဆိုခဲ့တာလည်း မရှိပါဘူး”ဟု ဦခင်ရီက ဆိုသည်။

မြန်မာနိုင်ငံဖွား ဟုတ်မဟုတ် စစ်ဆေးရာတွင် တိုင်ကြားခံရသည့် လွှတ်တော်အမတ်အချို့အား လူကိုယ်တိုင်   ခေါ်ယူစစ်ဆေးခြင်းမျိုး ပြုလုပ်မည်မဟုတ်ဘဲ၊ ၄င်းတို့၏ မွေးဖွားရာဇာတိ၊ အဖိုး၊ အဖွား၊ မိဘနှစ်ပါးနှင့် မျိုးဆက်များအလိုက် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ (၆၀.၉၈)သန်းရှိပြီး ဘင်္ဂါလီ လူဦးရေမှာ တစ်နိုင်ငံလုံးတွင် (၁.၃၃) သန်း ရှိကာ ရခိုင်ပြည်နယ်တစ်ခုတည်း၌ (၁.၀၈)သန်း ရှိကြောင်း နောက်ဆုံးစစ်တမ်းကောက်ချက်အရ သိရှိရသည်။

 ဘင်္ဂါလီ လူဦးရေစာရင်း အတိအကျကိုမူ  ၂၀၁၄ သန်းခေါင်စာရင်းကောက်ပြီးမှသာ သိရှိနိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

မြစ်မခ