ဒေါ်လာဈေးကြောင့် အရှိန်ကျလာသည့် ဗုဒ္ဓဂယာခရီးစဉ် ဗုံးကွဲခြင်းကြောင့် ပိုဆိုးလာမည်ကို လုပ်ငန်းရှင်များစိုးရိမ်

ပို့စ်တင်ချိန် - 7/08/2013 09:36:00 AM


ဒေါ်လာဈေးထိုးတက်ခြင်းကြောင့် အရှိန်ကျဖွယ် ရှိနေသည့် ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းများသည် ဗုံးကွဲမှု ဖြစ်စဉ်ကြောင့် ခရီးသည် အရေအတွက် သိသာစွာ ကျဆင်းမည်ကို စိုးရိမ်နေရကြောင်း ခရီးသွားလုပ်ငန်းများက မဇ္စျိမသို့ပြောကြားသည်။

ယခုနှစ်တွင် အိန္ဒိယ-မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းသည် အပြန်အလှန် မြင့်တက်လာနေရာမှ ဇွန်လကုန်ပိုင်းတွင်ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုကြောင့် ခရီးစဉ်စီစဉ်မှုများ အရှိန်နှေးသွားခဲ့ရာ ယခုဇူလိုင်လ ၇ ရက် မနက်ပိုင်းတွင် ဗုဒ္ဓဂယာဒေသ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းသည် ဘုရားဖူးခရီးသည်များအတွက် စိုးရိမ်ဖွယ်ဖြစ်စေခြင်းကြောင့် ခရီးစဉ်များ ကျဆင်းသွားနိုင်ကြောင်း ယင်းတို့က ပြောသည်။

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၊ ဘဏ္ဍာရေးမှူး ဒေါ်နှင်းမိုးဝေ (တဒင်္ဂ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးသွားလုပ်ငန်း) က “ပြီးခဲ့တဲ့ ခရီးသွား ရာသီထက်စာရင် လာမယ့် ခရီးသွားတဲ့အချိန်မှာ ခရီးသွားတွေ များမယ်လို့ ခန့်မှန်းထားရာကနေ ဒေါ်လာဈေးတွေ တက်သွားလို့ ဘုရားဖူးကုမ္ပဏီ တော်တော်များများက ကြော်ငြာတာက အစ ချင့်ချိန်ပြီး လုပ်နေရတယ်။ အဲလိုဖြစ် နေလို့ ခရီးသွားကျမယ်လို့ ပြန်မှန်းထားတဲ့ အချိန်မှာ အခုလိုမျိုးဖြစ်သွားတော့ ဘုရားဖူးရာသီအစမှာတော့ ခရီးသွားတွေ အနေနဲ့ တန့်သွားကြမယ်လို့တော့ ထင်တယ်” ဟု မဇ္စျိမ သို့ ပြောကြားသည်။

ယမန်နှစ်ကလည်း  ဗုဒ္ဓဂယာဒေသ၌ ဗုံးပေါက်ခွဲမှု ကဲ့သို့သော လုပ်ရပ်များဖြစ်ပွားမည်ဟု သတင်းများထွက်ခဲ့ခြင်းကြောင့် ဘုရားဖူး ခရီးသွားများ၏ ခရီးစဉ်များ ပျက်ပြယ်သွားခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့ဖူးရာ ယခုကဲ့သို့ ဖြစ်ပွားလာခဲ့သည့်အတွက် ဘုရားဖူး ခရီးသွားများ လျော့သွားနိုင်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးအဖွဲ့၊ ဥက္ကဌ ဦးမောင်မောင်အေး (မဟာတိုး ဗုဒ္ဓ ဂယာဘုရားဖူးခရီးသွား လုပ်ငန်း) က “အခုကစပြီး စက်တင်ဘာလောက်ထိ လုံခြုံရေး ဘယ်လောက်တိုးတက်လာလဲ ဆိုတာတော့ ကြည့်ရမှာပေါ့၊ အခုကတည်းက အစီအစဉ် လုပ်ပြီးကြပြီဆိုတော့ လုံခြုံရေး အခြေအနေ ကောင်းလာတယ်ဆိုရင်တော့ သွားတဲ့သူက သွားမှာပါ်” ဟု မဇ္စျိမသို့ ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော လူမျိုးရေး အခြေပြု ပဋိပက္ခများသည်လည်း ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းရှင်ဖြစ်သူ ဦးအေးကျော် (Ruby Land Tourism Service CoLtd မန်နေဂျင်း ဒါရိုက်တာ) က “လက်ရှိအချိန်က ရှုပ်ထွေးနေတဲ့ အချိန်ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေကို အဓိကထား တိုက်ခိုက်ချင်တယ်ဆိုရင် ဗုဒ္ဓဂယာ ခရီးစဉ်က ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တယ်၊ အထူးသဖြင့် မော်တော်ကားတွေမှာ အတက်အဆင်း လုပ်တာကအစ သတိရှိရတော့မယ်” ဟု မဇ္စျိမသို့ ပြောကြားသည်။

၂၀၁၃ မေလထိ မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ အိန္ဒိယနိုင်ငံသား ၈၀ဝ၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကာ
မြန်မာဘက်မှ (အထူးသဖြင့် ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်နှင့် ဆေးကုသခြင်း) သွားရောက်မှုများလည်း မြင့်တက် လာကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေး ဝန်ဆောင်မှု ပေးသည့် လုပ်ငန်း ၈၀ ကျော် ရှိသည်။

mizzimaburmese