နိုဝင်ဘာ၌ အပြီးတည်ဆောက်ရန် မှန်းထားသည့် ရွှေဂုံတိုင် ခုံးကျော်တံတား လက်ရှိလုပ်ငန်း ရာခိုင်နှုန်း ၄၀ သာ ပြီးစီး

ပို့စ်တင်ချိန် - 7/08/2013 11:11:00 AM


ရွှေဂုံတိုင် ခုံးကျော်တံတားအား လာမည့်နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်ရန် မှန်းထားသည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ သိရသည်။ သို့သော် လက်ရှိတံတား တည်ဆောက်ရေး လုပ်ငန်းမှာ ရာခိုင်နှုန်း ၄၀ ခန့်သာ ပြီးစီးသေးကြောင်း Capital Development Co.Ltd မှ သိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပန္နက်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက တံတားအား ၁၁ လအတွင်း အပြီးတည်ဆောက် သွားမည်ဟု တံတားစီမံကိန်း ဒါရိုက်တာ ဦးအေးသော်က တရားဝင် ပြောကြားခဲ့သည်။

သို့သော် လက်ရှိတံတား ဆောက်လုပ်မှုမှာ အချိန်ခုနစ်လခန့် ရှိနေပြီ ဖြစ်သော်လည်း လုပ်ငန်းပြီးစီးမှုမှာ ရာခိုင်နှုန်း ၄၀ ခန့်သာ ရှိနေပြီး နိုဝင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဟု ခန့်မှန်းထားသောကြောင့် ဆောက်လုပ်ချိန် လေးလကျော်သာ ကျန်ရှိတော့ကာ ယင်းအချိန်ကာလနှင့် ပြီးစီးရန် မလွယ်ကူကြောင်း သုံးသပ်သူများလည်း ရှိသည်။

ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးခုအနက် မပြီးစီးသေးသည့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများအား သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် တွန်းအားပေးလျက် ရှိသော်လည်း ရွှေဂုံတိုင်ခုံး ကျော်တံတားမှာ အရှိန်အဟုန် နှေးနေကြောင်း၊ အဆိုပါ တံတားအား လာမည့်ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန် ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ရွှေဂုံတိုင် လမ်းဆုံသည် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုလာကြောင်း ရွှေဂုံတိုင်မီးပွိုင့်မှ နေ့စဉ်ဖြတ်သန်း သွားလာနေသူများက ဆိုသည်။

"နိုဝင်ဘာလတွင်းမှာ တံတားပြီးစီးဖို့က မလွယ်ကူပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုတောင်မှ တံတားတည်ဆောက်ရေး လုပ်ငန်းမှာ ဘာမှမပြီးသေး လို့ပါဘဲ။ ပြီးတော့ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှာလည်း အင်တိုက်အားတိုက် သိပ်လုပ်တာ မတွေ့ရဘူး။

လုပ်သားအင်အားကလည်း ကျိုးတိုးကျဲတဲပဲ တွေ့နေရတယ်။ ဒါကြောင့် ပြီးစီးဖို့ မလွယ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ ရွှေဂုံတိုင်မီးပွိုင့်မှာ ကားကျပ်တာ ဆိုးနေတယ်။
တတ်နိုင်သမျှ ရွှေဂုံတိုင်မီးပွိုင့်ကို ရှောင်ပြီးမောင်းနေရတယ်" ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းနှင်သူတစ်ဦးက ဆိုသည်။

Eleven Media Group