မိုးကောင်းဆရာတော်မွေးနေ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တက်ရောက်

ပို့စ်တင်ချိန် - 7/08/2013 01:27:00 PM


ဟင်္သာတ၊ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ မိုးကောင်းဆရာတော်၏ သက်တော် ၇၈ နှစ်ပြည့်မွေးနေ့ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုးကောင်းကျောင်းတိုက်တွင် ကျင်းပရာ ပထမဆုံး အကြိမ်အဖြစ် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ သြဝါဒါစရိယ တိပိဋကသြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါဠိပါရဂူ ပိဋကတ္တယ ပါရဂူ ဟင်္သာတမြို့ မိုးကောင်းဆရာတော်၏ ယင်းမွေးနေ့အလှူတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံမှ တက်ရောက်သူဦးရေ သုံးထောင်ဝန်းကျင်ကို စတုဒီသာကျွေးမွေး လှူဒါန်းရာ၌ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ပြီး အချိုရည် တိုက်ကျွေး လှူဒါန်းခဲ့ကြောင်း အဆိုပါ အလှူရှင်များက ပြောကြားသည်။

တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များကို ဆရာတော်က ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောတရားများ ဟောကြားခဲ့ကြောင်း ယင်းအလှူပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

မိုးကောင်းဆရာတော်သည် ဟင်္သာတမြို့နယ်အတွင်း သြဇာတိက္ကမ ကြီးမားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ယင်းကျောင်းတိုက်တွင် သံဃာအပါး ၆၀၀ ကျော် သီတင်းသုံး နေထိုင်သည်။

The Voice Weekly