အယ်လ်ကေဒါအဖွဲ့၏ ဗုံးပြုလုပ်မှုအဖွဲ့ အကြီးအကဲကို ယီမင်မှာ အမေရိကန်တွေ သတ်နိုင်ခဲ့သလား….?

ပို့စ်တင်ချိန် - 4/25/2014 06:19:00 PM


ဧပြီ ၂၄။

အကြမ်းဖက်သူများကို တိုက်ခိုက်မှုမှာ မကြုံစဖူး ကြီးမားသော တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများမှ အမေရိကန်နှင့် ယီမင် ပူးပေါင်းဆောင်ရွက်သည့် အကြမ်းဖက်မှု စစ်ဆင်ရေးကို ရည်ညွှန်းပြောဆိုခဲ့သည်။

၎င်းတိုက်ခိုက်မှုတွင် အကြမ်းဖက်သမားဟု သံသယရှိသူများ အနည်းဆုံး ၆၅ ဦးခန့်သေဆုံးခဲ့ကြသည်။ တိုက်ခိုက်မှုကို မြေပြင်နှင့် ဝေဟင်နှစ်ခုစလုံးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ လျှို့ဝှက် အထူးတပ်သားများ ပူးပေါင်းပါဝင်သည့် ယီမင် ကွန်မင်ဒို တပ်ဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည့် အာရေဗျ ကျွန်းဆွယ် အခြေစိုက် အယ်လ်ကေဒါ အဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းစီးနင်းတိုက်ခိုက်မှု၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ အမေရိကန်နှင့် ယီမင်တို့၏ အဓိက ပစ်မှတ်ဖြစ်သူ အကြမ်းဖက်အဖွဲ့၏ ဗုံးပြုလုပ်မှုဆိုင်ရာ အကြီးအကဲ အယ်ဘရာဟင်အယ်အာစရီကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစစ်ဆင်ရေးသည် အယ်လ်အာစရီအား အဓိကထား တိုက်ခိုက်ခြင်း မဟုတ်ဟု အမေရိကန် အရာရှိများမှ ပြောဆိုခဲ့သော်လည်း ၎င်းတနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုတွင် အယ်လ်အာစရီမှာ သေဆုံးသွားခဲ့ကြောင်း ယီမင်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးတစ်ဦးမှ CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

အနည်းဆုံး ကိုယ်ခန္ဓာတစ်ခုကို DNA စမ်းသပ်မှု ပြုလုပ်ရန် ဆော်ဒီအာရေးဗီးယားသို့ အာဏာပိုင်များမှ သယ်ဆောင်ခဲ့ကြောင်း ဆော်ဒီအစိုးရ၏ အရာရှိနှစ်ဦးထံမှ သတင်းအချက်အလက်များအရ သိရှိရသည်။ အာရေဗျကျွန်းဆွယ်ရှိ အယ်လ်ကေဒါ အဖွဲ့ဝင်၊ ဆော်ဒီနိုင်ငံဖွား စစ်သွေးကြွတစ်ဦး ဖြစ်သည်ဟု အာဏာပိုင်များမှ ပြောဆိုခဲ့သော်လည်း အယ်လ်အာစရီဟု ယုံကြည်ရကြောင်း ပြောဆိုရန်အတွက် ငြင်းပယ်ခဲ့သည်။ DNA စစ်ဆေးမှု အချက်အလက်များကို ရက်အနည်းငယ်အတွင်း သိရှိရဦးမည် မဟုတ်သေးပေ။

အယ်လ်အာစရီသည် အယ်လ်ကေဒါအဖွဲ့၏ တီထွင်ဖန်တီးမှုရှိပြီး အနှောက်အယှက်ဖြစ်စေသော ပေါက်ကွဲစေနိုင်သည့် ပစ္စည်းကိရိယာ များကို ပြုလုပ်မှုတွင် အဓိက တာဝန်ရှိသူဖြစ်ကြောင်း စွပ်စွဲထားခံရသူ ဖြစ်သည်။ ၎င်းကို စွပ်စွဲမှုများတွင် ၂၀၀၉ ခုနှစ်က အမေရိကန်၏ ခရီးသည်တင်လေယာဉ်တွင် အသေခံဗုံးခွဲသမား တက်ရောက်မှုနှင့် ၂၀၁၀ ခုနှစ် အမေရိကန် ကုန်တင်လေယာဉ်တွင် ပရင်တာဗုံးများ ထည့်သွင်းစေလွှတ်မှုများ ပါဝင်သည်။ ၎င်းလုပ်ဆောင်မှုများမှာ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဆော်ဒီအာရေဗီးယား၏ အကြမ်းဖက်မှု တန်ပြန်ထိန်းချုပ်ရေးအဖွဲ့၏ အကြီးအကဲ ဖြစ်သူအား လုပ်ကြံရန် မအောင်မြင်ခဲ့သော အားထုတ်မှု၌ အယ်လ်အာစရီသည် သူ၏ ညီဖြစ်သူကိုပင် စတေးခံကာ အသေခံ ဗုံးခွဲစေခဲ့သည်။

အယ်လ်အာစရီသည် အယ်လ်ကေဒါအဖွဲ့မှ အရင်က ထုတ်လုပ်ခဲ့သည့် ဗုံးများနှင့် မတူဘဲ ကွဲပြားသည့် ဗုံးများကို ပြုလုပ်ခဲ့သည်။အသေခံ ဗုံးခွဲမည့် ပုဂ္ဂိုလ်၏ ဒွါရတွင် ထည့်သွင်းနိုင်ပြီး စစ်ဆေးရှာဖွေရန် ခက်ခဲသော ပေါက်ကွဲစေနိုင်သည့် အဖြူရောင်ယမ်းမှုန့် PETN ၁၀၀ ဂရမ်ခန့်ဖြင့် ပြုလုပ်ထားသည့် ဗုံးများကို ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဆော်ဒီလုပ်ကြံမှုတွင် ယင်းနည်းလမ်းကို အသုံးချခဲ့သော်လည်း သူ၏ ညီဖြစ်သူသာ သေဆုံးခဲ့သည်။

အကြမ်းဖက်သမားများကို စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရခြင်းမှာ အယ်လ်ကေဒါ အဖွဲ့ဝင်ဟု သံသယရှိသူ ဦးရေ ၁၀၀ ခန့်၏ ယီမင်ရှိ လေ့ကျင့်ရေး စခန်းတွင် စုဝေးဆွေးနွေးနေကြသော ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းဗွီဒီယိုအခွေတွင် အယ်လ်ကေဒါအဖွဲ့၏ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် သက်မှတ်ကြသည့် နဆာအယ်လ်ဝူဟာရှီမှ သူ၏ နောက်လိုက်များကို နှုတ်ဆက်နေမှုလည်း ပါဝင်ခဲ့သည်။ အယ်လ်ဝူဟာရှီသည် အယ်လ်ကေဒါအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး ယီမင်အခြေစိုက် အယ်လ်ကေဒါနောက်လိုက်အဖွဲ့ဖြစ်သည့် AQAP ၏ အဓိက ခေါင်းဆောင်ဖြစ်သည်။

အယ်လ်ဝူဟာရီမှ အဖွဲ့အတွင်း မိန့်ခွန်း ပြောကြားမှုတွင် “ ငါတို့ဟာ ကားစင်တွေကို ချေမှုန်းရမယ်။ ဒီကားစင်တွေကို အဓိက သယ်ဆောင်သူကတော့ အမေရိကပဲ ” ဟု ပါဝင်ခဲ့သည်။ အနားယူသွားသည့် အမေရိကန် ဗိုလ်ချုပ် ရစ်ချတ်မိုင်ယာမှ ၎င်းဗွီဒီယို အခွေကြောင့် လေးလေးနက်နက် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ “ ဒါသာ မှန်ကန်ခဲ့ရင် သူတို့အနာက်ကို လိုက်ပြီး ချေမှုန်းသင့်ပါတယ်။ ဒီလိုလုပ်လို့ အယ်လ်ကေဒါအဖွဲ့ကို အဆုံးသတ်နိုင်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမှာတော့ သူတို့ကို လိုက်လံနှိမ်နှင်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ” ဟု ဗိုလ်ချုပ်ဟောင်း မိုင်ယာမှ ပြောဆိုသွားခဲ့သည်။

အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးမှ ပြောကြားမှုတွင် မြေပြင်တိုက်ခိုက်မှုများတွင် အမေရိကန်များ ပါဝင်မှု မရှိသော်လည်း အမေရိကန်တပ်ဖွဲ့များသည် ညကြည့်မှန်ပြောင်းကိရိယာများကို ဝတ်ဆင်ခဲ့ပြီး ယီမင်တပ်ဖွဲ့များကို ယီမင်တောင်ပိုင်းဒေသရှိ တောင်တန်းများသို့ ပျံသန်းစေခဲ့ကြောင်း ပါဝင်သည်။

အမေရိကန် ပိုင်းလော့မောင်းနှင်သည့် ယီမင်ပိုင် ရဟတ်ယာဉ်များသည် ရုရှားမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး စစ်ဆင်ရေးတွင် အမေရိကန်များ ပါဝင်မှုကို အနည်းဆုံး ဖြစ်အောင် လျော့ချရာတွင် အထောက်အကူပြုစေရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အယ်လ်ကေဒါအဖွဲ့၏ တိုက်လေယာဉ်များ၊ လက်နက်တိုက်များနှင့် စစ်ရေးလေ့ကျင့်ရာ နေရာများကို CIA ၏ မောင်းသူမဲ့လေယာဉ်များမှ ပစ်မှတ်ထား ရှာဖွေပေးခဲ့သည်။

စစ်ဆင်ရေးတွင် အမေရိကန်တို့၏ ပါဝင်ပတ်သက်မှု အသေးစိတ်ကို ပြောဆိုရန် ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အဒမ်ဂျွန်ကာဘီမှ ငြင်းပယ်ခဲ့သော်လည်း ယီမင်နှင့် ပူးပေါင်းလုပ်ဆောင်မှုကို အဓိကထား ပြောကြားသွားခဲ့သည်။

“ ယီမင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် ဆောင်ရွက်သွားပြီး ယီမင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်တွေ တိုးတက်လာအောင် နိုင်ငံအတွင်းမှာပဲ အကူအညီပေး လုပ်ဆောင်သွားမှာပါ ” ဟု ကာဘီမှ ပြောဆိုသွားသည်။ နောက်ဆုံးအနေဖြင့် “ ဒီလုပ်ငန်းဟာ ရှေ့ဆက်ပြီးရင် ရှေ့ဆက် လုပ်ဆောင်သွားရမှာပါ ” ဟု ပြောကြားသွားသည်။

Ref: CNN
The Myanma Age