ကုန်သည်ကြီးများဟိုတယ် တိုးချဲ့အဆောက်အအုံ

ပို့စ်တင်ချိန် - 4/25/2014 05:22:00 PM


ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ဘေးမှာ တိုးချဲ့အဆောက်အအုံ ဆောက်နေတာ အောက်ခြေအဆင့် အတော်လေး ခရီးပေါက်နေဟန်ရှိပါတယ်။



အပေါ်ပုံကတော့ နေ့ခင်း ၁၂းဝဝ ထိုးခါနီး မြင်ကွင်းပါ။

တည်ဆောက်လက်စ တခုခုကို ဖြိုချနေခြင်းပါ။

စက်အားလူအားသုံးပြီး တဒုန်းဒုန်း တဝုန်းဝုန်း ဆော်နေတာ အခု နေ့ခင်း ၂းဝဝ နာရီကျော်လည်း မပြီးသေး။



ဒါက နေ့ခင်း ၂းဝဝ ကျော်မှာ တွေ့ရတဲ့ မြင်ကွင်း။ ၀န်ထမ်းတယောက်က ခပ်လှမ်းလှမ်းကနေ ရေဖြန်းပေးနေရ။

(ရန်ကုန်အနေအထား) မိုးမျှော်အဆောက်အုံ ဆိုတော့ ကောင်းကောင်း လုပ်ထားပုံရတယ်။ တိုင်ပုလေးကို အနားကလူတွေ စိတ်ညစ်ရလောက်အောင် တဒုန်းဒုန်း ဖြိုနေတာ ၂ နာရီကျော်ပေမယ့် ပြားပြားမ၀ပ်သေးဘူး။

တိုက်မြင့်မြင့်တွေ ပေါ်လာခြင်းရဲ့ ဆိုးကျိုးက ဒီတိုက်မြင့်မြင့်နားကလူတွေ ခံရပါမယ်။ တိုက်ကြီးပြီးသွားရင် အနား လမ်းကြားထဲက ဒေသခံတွေ လေ ကောင်းကောင်း မရှူရတာမျိုးနဲ့ ကြုံရမှာပါ။ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က တဒုန်းဒုန်းအသံတွေ ကြုံနေရပါပြီ။

တိုက်မြင့်မြင့်တွေ ပေါ်လာခြင်းက တိုးတက်ဖွံ့ဖြိုးခြင်းလို့ သတ်မှတ်ရင် အင်း… တိုးတက်တိုင်း မကောင်းဘူးလို့ ဆိုရမယ်။

တိုက်ပွဲဖြစ်သလို ဆူညံနေအောင် ဖြိုဖျက်နေတာက ဘာကြီးမှန်း မသိပါဘူး။ ဒေါက်တိုင်တခု ဖြစ်လာမယ့်ဟာလား။

အမှားအယွင်းရှိလို့ ဖြိုနေတာလား။
တချိန်က အသုံးကျပေမယ့် အခု အသုံးမ၀င်တော့လို့လား။
လိုအပ်ချက်အရ လုပ်ရတဲ့ အဆင့်တခုလား ဆိုတာတော့ သူတို့ ပိုသိပါမယ်။
အနားကလူတွေ သိတာကတော့ နားညည်းလွန်းလှတယ် ဆိုတာပါပဲ။



ဒါက လွန်ခဲ့တဲ့ ရက် ၂၀ ကျော်တုန်းကပုံပါ။ အဲဒီ အုတ်ခုံကြီးပေါ် အုန်းပွဲငှက်ပျောပွဲ တင်ပါတယ်။
လုပ်ငန်းကိုင်ငန်း အဆင်ချောရေးအတွက် တင်ရတဲ့ ထုံးစံတခု ဖြစ်ပါလိမ့်မယ်။

အန္တရာယ်ကင်းကင်းနဲ့ မြန်မြန် ပြီးသွားပါစေ။

လောလောဆယ်တော့ အနီးတ၀ိုက် နေထိုင်သူတွေအားလုံး နားဒုက္ခကိုပန်ဆင်ကြရမှာဖြစ်ပါတယ်။

Irrawaddy