သြစီက မိခင်တစ်ဦး တခြားနိုင်ငံမှာ ပဋိပက္ခတွေဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ဖမ်းဆီး အရေးယူခံရ

ပို့စ်တင်ချိန် - 5/05/2014 11:12:00 AM




သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတဲ့ ကလေး ၄ ယောက် မိခင်တစ်ဦးကို သြစတြေးလျနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအမျိုးသမီးက ဘယ်သူဘယ်ဝါဖြစ်ပြီး ဘယ်နိုင်ငံကို ထွက်ခွာဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကို ရဲတွေက ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ပဲ အကြမ်းဖက်နှိမ်နင်းရေးအတွက် ဖမ်းဆီးတာသာ ဖြစ်ကြောင်း ပြောပါတယ်။

အဆိုပါ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးကို ဆစ်ဒနီမြို့ နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး သူနဲ့အတူ ကလေးငယ် ၄ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးကို တခြားနိုင်ငံမှာ ပဋိပက္ခတွေဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ထောက်ခံအားပေးမှု လုပ်တဲ့စွဲချက်နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ အဲဒါ့အပြင် ဆစ်ဒနီမြို့မှာ ရှိတဲ့ နေအိမ်နှစ်လုံးနဲ့ ဘရစ်စဘိန်းမြို့မှာ ရှိတဲ့ နေအိမ်တစ်လုံးကိုလည်း အဲဒီအမှုနဲ့ ဆက်စပ်ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
အခုလောလောဆယ် အဲဒီအမျိုးသမီးကို တင်းကြပ်မှုများတဲ့ အာမခံနဲ့ လွှတ်ပေးထားပြီး လာမယ့်လအတွင်း ဆစ်ဒနီမြို့ တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာတွေ ဖြစ်လေ့ဖြစ်ထမရှိကြောင်းလည်း သိရပါတယ်။

ABC Radio Australia - မြန်မာပိုင်း