အာဘွား ဗီစီဒီအတွက် အရင်အခွေတွေထက် ပိုကောင်းအောင်ကြိုးစားသွားမယ်လို့ ဆိုလိုက်တဲ့ ၀ိုင်းစုခိုင်သိန်း

ပို့စ်တင်ချိန် - 5/04/2014 11:06:00 AM



အနုပညာရှင်တွေထဲမှာမှ အိမ်ထောင်သည် ဘ၀နဲ့ အနုပညာ သရုပ်ဆောင်မှုအပိုင်း အပြင် ဂီတ ဖက်ကို ပါ စွမ်းစွမ်း တမံ ကြိုးစား လုပ်ကိုင်နေတဲ့သူမကတော့ ၀ိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ရှင် မတစ်ယောက်ဖြစ်သွားပေမဲ့လဲ အနုပညာနှစ်ဖက်စလုံးကို မလျော့သော ဇွဲ ၊ လုံ့လနဲ့ ပရိသတ်တွေအတွက် ကြိုးစားနေပေးဆပ်နေသူမို့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့လတ်တလောအနုပညာအကြောင်းအရာများအပြင် သူမရဲ့ အိမ်ထောင်ရေးအကြောင်းမေးမြန်းဖြစ်ခဲ့တာကတော့ ‘ခု ၀ိုင်းစုက သန်ဘက်ခါမှာ မေမြို့တက်ဖို့ရှိတယ်။ ဗီဒီယို ၂ကားသွားရိုက်ရမှာပေါ့။ မြင့်မြတ်နဲ့ပါ။ တစ်ကားက ဖန်စီ၊ တစ်ကားက ဒရာမာဖြစ်မယ် ထင်တယ်။ ဇာတ်ကားနာမည်တွေကတော့ မသိရသေးဘူးပေါ့နော်။ ဟိုရောက်မှ သိရမှာဆိုတော့လေ။ အဲနှစ်ကားတော့ မေမြို့မှာ သွားရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။

သူမရဲ့ ဂီတလှုပ်ရှားမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ၀ိုင်းစုက ‘အာဘွား အခွေကတော့ တစ်ပုဒ်ပဲ ရိုက်ရသေးတယ်။ ဘာလို့လဲဆိုတော့ ဒါရိုက်တာ အားမဲ့ရက်နဲ့ ၀ိုင်းစုအားမဲ့ ရက်က မတိုက်လို့လေ။ ဒီ မေမြို့က ပြန်လာပြီးမှ ပဲကျန်တဲ့အပုဒ်တွေဆက်ရိုက်ရမယ်။ ဒီအာဘွားအမ်တီဗီမှာတော့ ၀ိုင်းစု တော်တော်များများ သရုပ်ဆောင်ဖြစ်မယ်။ ဘာလို့လဲဆိုတော့ မျက်လှည့်အခွေမှာတုန်းက အမ်တီဗီထွက်တော့ ၀ိုင်းစု သရုပ်ဆောင်တာနည်းတယ်လို့ ပရိသတ်တွေက ၀ိုင်းပြောကြတယ်လေ။ ဒီအာဘွား မှာတော့ ၀ိုင်းစုတစ်ဝက်လောက် သရုပ်ဆောင်မယ်။ ပြီးတော့ အရင်ခွေထက်လဲ ပိုပြီး အမ်တီဗီကို အကောင်းဆုံးလုပ်မယ်။ ဘာလို့လဲဆိုတော့ အခုဆိုတော်တော်များများက အမ်တီဗီတွေကို အဓိက ထားပြီး သေချာလေးရိုက်ကူးကြတာဆိုတော့ ၀ိုင်းစုလဲ တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင်ရိုက်ပါမယ်။ ပြီးတော့ ခု ၀ိုင်းစုလုပ်နေတဲ့ Valentine အခွေကိုလဲ အမြန်ဆုံးထွက်နိုင်အောင်လုပ်မယ်။ အဲဒီအခွေက ၀ိုင်းစုထွက်မယ်ထွက်မယ်နဲ့ ၃နှစ်ရှိသွားပြီ။ ကြာနေတာက အဲဒီတော့ ဒီနှစ် ချစ်သူများနေ့အမှီကို ထွက်နိုင်အောင်ကြိုးစားပါမယ်’တဲ့။

Myawady News