၈၈ မျိုးဆက်ကျောင်းသား ဦးမြအေး ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ် မရှိဟုဆို

ပို့စ်တင်ချိန် - 5/05/2014 12:20:00 PM


ရန်ကုန်၊ မေ ၎

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဝင် ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေး၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ် မရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။

ဦးမြအေးသည် နှလုံးသွေးကြော ပိတ်ခြင်းကြောင့် မေလ ၃ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ပန်းလှိုင်ဆေးရုံသို့ အရေးပေါ် တက်ရောက် ကုသခဲ့သော်လည်း ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်မှုကြောင့် ဆေးရုံမှ ဆင်းပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီနေ့ မနက်ပဲ ပြန်ဆင်းတာပါ။ သွေးကြော သုံးကြော ပိတ်သွားပေမယ့် ဘေးက သွေးကြောတွေ ဖြာထွက်လာလို့ နှလုံးသွေး ကောင်းကောင်း လည်ပတ်လို့ ရပါတယ်။ ဆေးလိပ်သောက်တာကို လျှော့ရမှာပေါ့” ဟု ၎င်းကဆိုသည်။

နှလုံးသွေးကြော ပိတ်ခြင်းကြောင့် နေအိမ်တွင် အနားယူရန် လိုအပ်ပြီး ဆေးသောက်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် တက်ကြွစွာ ဆောင်ရွက်နေပြီး ပါတီအတွင်း နိုင်ငံရေး လုပ်ဆောင်မည် မဟုတ်သောကြောင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

The Voice Weekly