သမ္မတကြီး ဦးသိန်းစိန်၏ နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆု ဝူရှူးကစားသမား ဝေဖြိုးအောင်ရရှိ

ပို့စ်တင်ချိန် - 5/05/2014 07:45:00 PM



ရန်ကုန်၊ မေ ၎

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ချီးမြှင့်သည့် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆုကို (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ ဝူရှူးအားကစားနည်းဖြင့် ရွှေတံဆိပ်သုံးခု ရယူပေးနိုင်ခဲ့သည့် ဝေဖြိုးအောင် ရရှိခဲ့သည်။

ဝူရှူးအားကစားသမား ဝေဖြိုးအောင်သည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် ထောက်လု အမျိုးအစား အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ၌ ကျော်ဇင်သစ်နှင့်အတူ ရွှေတံဆိပ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပသည့် အမျိုးသားတစ်ဦးချင်း လက်နက်မဲ့ အပြပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် ထောက်လု အမျိုးအစား အမျိုးသား တစ်ဦးချင်း အပြပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို သုံးရက်ဆက်တိုက် ရယူပေးနိုင်ခဲ့သည့် အားကစားသမားလည်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာ ဝူရှူးအားကစားအဖွဲ့က ရွှေတံဆိပ်ငါးခု ရယူပေးခဲ့ရာတွင် ဝေဖြိုးအောင် တစ်ဦးတည်းက ရွှေတံဆပ်သုံးခု ရယူပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆု (အသင်းအဖွဲ့) အတွက်မူ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က ရရှိခဲ့သည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အနေနှင့် ရိုးရာလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခုရရှိခဲ့ပြီး အားကစားနည်း ၃၃ မျိုးအနက် အအောင်မြင်ဆုံး အားကစားအဖွဲ့ ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂုဏ်ထူးဆောင် လက်မှတ် (တစ်ဦးချင်း) ကို စစ်တုရင် ကစားသမား ဝင်းဇော်ထွန်းနှင့် လှေလှော်ကစားသမား ဝင်းထိုက်တို့က ရရှိခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစား အဖွဲ့ချုပ်အဖြစ် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့က ရရှိခဲ့ကြသည်။

၂၀၁၃ ခုနှစ်က ပထမအကြိမ် ချီးမြှင့်သည့် နိုင်ငံဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆုကို မြားပစ် အားကစားမယ် အောင်ငှိမ်းက ရရှိခဲ့သည်။

The Voice Weekly