Eleven ဂျာနယ်တွင် ပါရှိသည့် "မြန်မာ- တရုတ် သဘာဝ ဓါတ်ငွေ့ အရန် ပိုက်လိုင်း ဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများ အ တွက် လျော်ကြေး မရသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်" နှင့် ပတ်သက်၍ SEAGP/ SEAOP ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပို့စ်တင်ချိန် - 5/05/2014 04:28:00 PM



(ရန်ကုန် - ဧပြီ ၃၀ )

ဧပြီ ၃၀ ရက်နေ့ နံနက်က ထွက်ရှိခဲ့သော အလဲဗန်း (eleven) သတင်းဂျာနယ်တွင် ပါရှိသည့် "မြန်မာ- တရုတ် သဘာဝ ဓါတ်ငွေ့ အရန် ပိုက်လိုင်း ဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများ အတွက် လျော်ကြေး မရသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်" ဆိုသည့် သတင်းနှင့် ပတ်သက်၍ ယနေ့ညနေ သုံးနာရီခွဲက ရန်ကုန်၊ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

ရှင်းလင်းပွဲတွင် SEAGP/SEAOP ကုမ္ပဏီ မှ Personal Relationship Manager ဖြစ်သူ Mr.Thang မှ လျော်ကြေးငွေ များနှင့် ပတ်သက်၍ ၄င်းတို့ ကုမ္ပဏီ အနေဖြင့် မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်းရှိ ပိုက်လိုင်း ဖြတ်သန်း ခဲ့သော အမြဲတမ်းသိမ်း မြေများအား ပေးအပ်ရသည့် လျော်ကြေးငွေပမာဏ အားလုံး အပြီးတိုင်ပေးချေပြီး ဖြစ်ကြောင်း၊ ယခုဖြတ်သန်း သွားသည့် KP130 မှ KP160 အထိ ပိုက်လိုင်းမှာ အရန်ပိုက်လိုင်း မဟုတ်ဘဲ အမြဲတမ်း သုံး ပင်မပိုက်လိုင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပိုက်လိုင်း တည်ဆောက်ရေးကို တာဝန်ယူသော ကန်ထရိုက် ကုမ္ပဏီမှာ အိန္ဒိယမှ PLL ဟုခေါ်သော ကုမ္ပဏီဟု သိရပြီး ၂၀၁၃ ခုနှစ် နှစ်လယ်တွင် ငဖဲမြို့ရှိ ဂုတ်ကြီးကျေးရွာတွင် လုပ်ငန်းဆောင်ရွက်စဉ် သတ်မှတ်မြေနေရာ ထက် အနည်းငယ် ကျော်လွန်မှုများ ရှိခဲ့သည်ဟု သိရကြောင်း၊ ထိုယာယီ သိမ်းမြေနေရာ အတွက် ကုမ္ပဏီ နှင့် စွမ်းအင်ဝန်ကြီးဌာန တို့သည် မြို့နယ် အစိုးရ နှင့် ဒေသခံများအား ညှိနှိုင်း၍ လျော်ကြေးငွေ ပေးချေ ရန် ဆောင်ရွက် ခဲ့သည်ဟု သိရကြောင်း ဆိုသည်။

သို့ရာတွင် တောင်သူ လယ်သမားများမှ လျော်ကြေးငွေ တောင်းဆိုရာတွင် ယာယီသိမ်းမြေ၏ လျော်ကြေးနှုန်းထား ထက်သာမက အမြဲတမ်း သိမ်းမြေ ၏ လျော်ကြေးနှုန်းထားထက်ပင် ကျော်လွန်ကာ မူလစံနှုန်းထက် ၁၀ ဆ ပင် များပြားနေခြင်းကြောင့် လျော်ကြေးငွေ ကိစ္စမှာ ညှိနှိုင်းဆဲ အဆင့်ပင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ညှိနှိုင်းနေမှုမှာ လျော်ကြေးငွေ အပေါ် ရှောင်ရှားလို၍ မဟုတ်ဘဲ ငွေပမာဏ များ၍သာ ယခုကဲ့သို့ ကြန့်ကြာနေခြင်း ဖြစ်ပြီး မကြာမီ ကာလအတွင်းမှာပင် တောင်သူများ အတွက် လျော်ကြေးငွေများ ပေး အပ်တော့မည် ဖြစ်ကြောင်း ပြန်ကြား ရှင်းလင်းပေးခဲ့သည်။

ထို့အပြင် ကုမ္ပဏီ အနေဖြင့် တောင်သူများ နှင့် ညှိနှိုင်းခဲ့သည့် ယာယီ သိမ်းမြေ အတွက် လျော်ကြေးမှာလည်း သဘောတူညီမှု ရခဲ့သည်မှာ ကာလ အတော်ကြာပြီဟု သိထားကြောင်း၊ မကွေးတိုင်းရှိ အစိုးရဌာနတွင်လည်း အတည်ပြုပြီး ဖြစ်ကြောင်း တောင်သူများအား ငွေသားဖြင့် ပေးလျော်မှု ပြုလုပ်လို၍ သာ အစိုးရ ကုမ္ပဏီများ ညှိနှိုင်း၍ ပေးချေဖို့ ဆောင်ရွက်နေပြီဖြစ်ပြီး မကြာမီ တောင်သူများ လက်ဝယ်သို့ လျော်ကြေးငွေ များ ပေးအပ်တော့မည် ဟု ကြေညာပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း မှာလည်း တောင်သူများ အနေဖြင့် လျော်ကြေးငွေ ကိစ္စနှင့် ပတ်သက်၍ စိတ်အေးစေလိုသောကြောင့်ဟု Mr.Thang က အကျယ်တ၀င့် ရှင်းလင်းပြောကြားသွားခဲ့သည်။

KTZO
Popular Myanmar News Journal