မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်း

ပို့စ်တင်ချိန် - 11/02/2013 04:53:00 PM




ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသော တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် Krosa အမည်ရှိ တိုင်ဖုန်းမုန်တိုင်း သည် နိုဝင်ဘာ ၄ ရက်နေ့ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

တစ်နာရီ မိုင် ၅၀ လေတိုက်နှုန်းရှိသော အဆိုပါမုန်တိုင်း လမ်းကြောင်း ပြောင်းသွားသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းမှ ကင်းလွတ် သွားသောကြောင့် တောင်သူလယ်သမားများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

တိုင်ဖုန်းမုန်တိုင်းသည် ဗီယက်နမ် မြောက်ပိုင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်မည်ဟု ယခင်က ခန့်မှန်းထားပြီး ယခုအခါ ဗီယက်နမ် အလယ်ပိုင်း ကုန်းတွင်းဒေသ၊ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ တောင်ပိုင်း ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်းခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က “ဟိုရက်တွေက ရွာတဲ့မိုး ကြောင့် စပါးပင်တွေ မိုးမိပြီး မြေစိုက်ကုန်လို့ မိုးဆက်ပြီး မရွာအောင် ဆုတောင်းနေရတာ၊ အခုလို မိုးမရွာတော့ဘူးဆိုမှပဲ သက်ပြင်းချနိုင်တော့တယ်” ဟု ဆိုသည်။

မုန်တိုင်း အရှိန်ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့နှင့်အနောက်)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးနှောင်းကာလ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရိတ်သိမ်းခါနီး စပါးခင်းများနှင့် ရိတ်သိမ်းပြီးစ ကောက်လှိုင်းများ ပျက်စီးခဲ့ရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

The Voice Weekly