Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားများမှ တောင်းဆိုချက် လေးချက် ညှိနှိုင်းမရသရွေ့ ဆက်လက် သပိတ်မှောက် သွားမည်ဟုဆို

ပို့စ်တင်ချိန် - 11/02/2013 12:14:00 PM

Myanmar Handsome အထည်ချုပ်စက်ရုံ ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ် စက်ရုံမှ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်မှာ ဒုတိယနေ့အဖြစ် ဆက်လက် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားများဘက်မှ တောင်းဆိုသည့် တောင်းဆိုချက် လေးချက်အား ညှိနှိုင်းမရသရွေ့ ဆက်လက် တောင်းဆို သပိတ်မှောက် သွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်များက The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါ သပိတ်စခန်းကို ယင်းစက်ရုံ ရှေ့တွင် အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ (၁) အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့သည့် ကိုစည်သူမင်းအား အလုပ်ပြန်ခန့်ပေးရေး၊ (၂) ယခင်ချုပ်ဆိုထားသည့် စာချုပ်ပါ အခွင့်အရေးအတိုင်း အပြည့်အ၀ ရရှိရန် (၃) စီစီတီဗွီ ကင်မရာများအား လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် နေရာများတွင်သာ တပ်ဆင်ထားရှိရေးနှင့် ညှိနှိုင်းဆဲ ကာလအတွင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် စသည့် အချက်လေးချက်အား တောင်းဆိုလျက် ရှိကြောင်း သိရသည်။
အလုပ်သမား ခေါင်းဆောင် မနုနုလွင်က ''ကျွန်မတို့ သပိတ်မှောက်တယ် ဆိုတာကကို စည်သူမင်းကို အငြိုးအတေးထားပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ် လိုက်တာကို ပြန်ခန့်ပေးဖို့ရယ် စက်ရုံဝင်းထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ဖို့ အဓိက တောင်းဆိုတာပါ'' ဟု ဆိုသည်။
အခြားသပိတ်မှောက် အလုပ်သမား တစ်ဦးဖြစ်သူ မဖြူစင်ကလည်း ''အလုပ်သမား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုစည်သူမင်းကို အိမ်သာသွားတာ ကြာတယ်ဆိုပြီး အပြစ်မရှိ အပြစ်ရှာတယ်။ နောက် စူပါနဲ့ စကားများပြီး သူ့ကိုလက်မှတ် ထိုးခိုင်းပြီး အလုပ်ထုတ် လိုက်တဲ့အတွက် ပြန်ခန့်ပေးဖို့ အောက်တိုဘာ ၂၈ ရက်ကစပြီး စက်ရုံထမင်းစား ဆောင်ထဲမှာ သုံးရက်ဆန္ဒပြ တောင်းဆိုတာ မရတဲ့အတွက် အပြင်မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာပါ'' ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမားများအား စောင့်ကြည့်ရန် အတွက် စီစီတီဗွီ ကင်မရာများအား မိန်းကလေးအိမ်သာ ကော်ရစ်တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာ မှတ်တမ်းများကို စောင့်ကြည့်ရန် အတွက် တရုတ်အမျိုးသား တစ်ဦးအား ငှားရမ်းတာဝန် ပေးထားကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။

Eleven Media Group