Pregnancy at Teenage အသက်ငယ်ငယ် ကိုယ်ဝန်လွယ် - အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ

ပို့စ်တင်ချိန် - 11/02/2013 11:55:00 AM


January 4, 2012 2:29 PM
သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်းထဲ ထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါတယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်းပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။

သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက်တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ ရနိုင်မလဲရှင့်။ အသက်အရွယ်နဲ့ သားအိမ်ဆိုင်ပါသလားရှင့်။ အခုအရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာအခက်ခဲတွေ ဖြစ်နိုင်ပါသလဲရှင့်။

ဆီးစစ်လို့ အပေါင်းပြရာကနေ သွေးဆင်းတာဟာ ကိုယ်ဝန်ပျက်တာ သေခြာတယ်။ Complete abortion ကိုယ်ဝန် အပြည့်အစုံ ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Incomplete abortion တဝက်တပျက် ပျက်တာဖြစ်တယ်။ အဲလိုသာဆို D and C သားအိမ်ခြစ်ရတယ်။ တချို့မှာ Septic abortion ကိုယ်ဝန်ပျက်ရင်း ပိုးဝင်တတ်တယ်။ ကိုယ်ဝန်ပျက်ပြီးနောက် တားတာလဲ မလုပ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် ချက်ချင်းဆိုသလို နောက်ကိုယ်ဝန် ဆက်ရနိုင်တယ်။ ဘယ်လောက်ကြာမယ်က တယောက်နဲ့ တယောက် မတူတတ်ပါ။ သီအိုရီအရပြောရရင် ပျက်သွားတဲ့သွေးကို ရာသီလာသလိုဘဲ အောက်မေ့နိုင်ပြီး၊ နောက် ၁၄ ရက်မှာ မျိုးဥထွက်လို့၊ ကျား-သုက်ပိုးနဲ့ ထိတွေ့-ပေါင်းစပ်မယ်ဆိုရင် တခါတည်း နောက်ကိုယ်ဝန် ရလိမ့်မယ်။

အသက် ၁၈ နှစ်အောက်နဲ့ ၃၅ နှစ်အထက်တွေ သားဦး ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။ Teenage pregnancy ဆိုတာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လို့ ပြောတာ မမှန်ဘူး။ အသက် ၂ဝ အောက်မှာ ကိုယ်ဝန် ရတာကိုသာ ဆေးပညာက ဆိုတယ်။ (မီဒီယာ) မှာတော့ မိန်းကလေးငယ်ငယ် မရည်ရွယ်ဘဲ၊ ယာက်ျားလဲ မယူဘဲ၊ အမှန်မထင် ကိုယ်ဝန် ရတာကိုမှသာ ဒီဝေါဟာရကို သုံးကြတယ်။

မိန်ကလေးတိုင်း အပျိုဖြစ်တာနဲ့ ၁၂-၁၃ နှစ်ကစပြီး ယောက်ျားနဲ့ ဖေါက်ပြားမိရင် ကိုယ်ဝန်ရနိုင်ကြတယ်။ မိန်းကလေးငယ် ကိုယ်ဝန်ဆောင်နှုန်း နေရာမတူရင် မတူဘူး။ တောင်-ကိုရီးယားမှာ ကိုယ်ဝန် ၁ဝဝဝ မယ် ၃ ယောက်မပြည့်ဘူး။ ဆာဟာရ-အောက်ပိုင်းမှာတော့ ၁၄၃ ယောက်အထိရှိတယ်။ တကမ္ဘာလုံးမှာ ၁၅-၁၉ ယောက်ရှိတယ်။

၂ဝဝ၁ UNICEF စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ ထဲက ၁ဝ ခုမှာ အသက်ငယ်ငယ်မှာ လိင်ဆက်ဆံမှုရှိသူပေါင်း ၃ ပုံ ၂ ပုံရှိနေတာ တွေ့ရတယ်။ အမေရိကားနဲ့ ဥရောပါမှာဆို ၈ဝ% ကျော်တယ်။ သြစတြေးလျ၊ ယူကေ၊ အမေရိကားမှာ ၁၅ နှစ်သမီးလေးတွေရဲ့ ၂၅%၊ ၁၇ နှစ်သမီးတွေရဲ့ ၅ဝ% လိင်ဆက်ဆံမှုပြုကြတယ်။ အနောက်နိုင်ငံတွေမှာ သတိထားကြတာက လိင်ကတဆင့် ကူးစက်ရောဂါ အတွက်သာ ဖြစ်ပါတယ်။

Save the Children ရဲ့တွေ့ရှိချက်အရ ကမ္ဘာမှာ အသက် ၂ဝ အောက် မိခင်တွေကနေ မွေးလာတဲ့ကလေးပေါင်း ၁၃ သန်းရှိတယ်။ ၉ဝ% ဟာ မချမ်းသာတဲ့ နိုင်ငံတွေက ဖြစ်တယ်။ မွေးလာကြတဲ့ ကလေးတွေရော သူတို့မိခင်ငယ်လေးတွေမှာရော ကျန်းမာရေး နောက်ဆက်တွဲတွေ ဖြစ်ကြရလို့ သေဆုံးရတာတွေ များတယ်။ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် ပုံမှန် ကိုယ်ဝန်ဆောင်တိုင်းမှာ သတိထားစရာတွေထက် ပိုပြီးသတိထားစရာတွေ ရှိပါတယ်။ အသက်ငယ်လေ ပိုလေဖြစ်တယ်။

သုတေသနတွေလုပ်တော့ Low birth weight ကိုယ်အလေးချိန် မပြည့်တဲ့ ကလေး မွေးတာနဲ့ Premature labor လမစေ့ဘဲ မွေးတာ ဆက်စပ်နေတာ သိရတယ်။ Anemia သွေးအားနည်းရောဂါလဲ ပိုများတယ်။ Prenatal care ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လုပ်တာ နည်းကြတယ်။ သူတို့ကနေ မွေးတဲ့ကလေးတွေမှာ ဆေးရုံတက်ရတာ ပိုများတယ်။ Inadequate nutrition အာဟာရ မပြည့်စုံတာမှာ မတတ်နိုင်လို့ မစားရသူတွေအပြင် တတ်နိုင်ပေမဲ့ အာဟာရမကောင်းလှတဲ့ Fast food တွေစားလို့လဲ ဖြစ်စေတယ်။ HIV အဖြစ်လဲများတာ သိရတယ်။

Obstructed labour ကလေးကို မွေးလမ်းကနေ ရိုးရိုး မမွေးနိုင်တာလဲပါတယ်။ Caesarean section ခွဲမွေးရတာ ပိုများစေတယ်။ PET/Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်တာ၊ Obstetric fistula မွေးလမ်းကြောင်း ပြွန်ပေါက်ဖြစ်တာ၊ Infant mortality မွေးလာတဲ့ ကလေး ၁ နှစ်အတွင်း သေဆုံးရတာ၊ Maternal death ကလေးမီးဖွါးရင်း သေဆုံးရတာတွေ ပိုများတယ်။ Psychosocial စိတ်ပိုင်း သက်ရောက်မှုတွေလဲ ရှိတယ်။

WHO ခန့်မှန်းချက်အရ ၁၅-၁၉ နှစ်ကိုယ်ဝန်ဆောင်သူတွေဟာ ၂ဝ-၂၄ နှစ်မိခင်လောင်းတွေထက် Pregnancy related death ကိုယ်ဝန်နဲ့ ဆက်စပ်ပြီး သေဆုံးရနှုန်း ၂ ဆ ပိုတယ်။ ၁ဝ-၁၄ နှစ်သမီးတွေ ကိုယ်ဝန်ဆောင်ရင် ၂ဝ နှစ်ရှိသူတွေထက် Maternal mortality မီးတွင်းသေဆုံးမှုနှုန်းက ၅ ဆမြင်တက်တယ်။ Illegal abortion တရားမဝင် ကိုယ်ဝန်ဖျက်မှုကြောင့် ဖြစ်ရတာတွေလဲ မနည်းဘူး။

မချမ်းသာတဲ့ နိုင်ငံတွေမှာ တခြားစဉ်းစားစရာ Social issues လူမှုရေးတွေက များတယ်။ ပညာနည်းတာ၊ ဆင်းရဲတာတွေလဲ ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လက်မထပ်ဘဲ ကိုယ်ဝန်ရတာက များတယ်။ တတ်နိုင်သူတွေက High-quality medical care အထူး ဂရုစိုက်ကြရင် ပုံမှန် ကိုယ်ဝန်တွေလို ဖြစ်နိုင်ပါတယ်။
Dr. Tint Swe