နိုင်ငံရေး ဆွေးနွေးရန် အာမခံချက်ရှိမှ အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးမည်

ပို့စ်တင်ချိန် - 11/02/2013 12:12:00 PM

နိုဝင်ဘာ ၁ ရက်က ပြုလုပ်သော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် တာဝန်ရှိသူ အချို့တို့ကို တွေ့ရစဉ်
နိုင်ငံရေး ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အစိုးရဘက်က လိုလားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များက လက်မှတ်ထိုးမည်ဟု လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်များက အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးနေသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးကိစ္စကို ဦးစားပေး ဆွေးနွေးလိုသော အဖွဲ့များ၊ အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ပူးတွဲလုပ်ဆောင်လိုသော အဖွဲ့များဟူ၍ ကွဲပြားမှုရှိခဲ့ပြီး အဆုံးသတ်အားဖြင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ခွဲခြား၍မရဟု ဆုံးဖြတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
''အဓိကကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဒါကို ဆွေးနွေးတယ်။ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ အပစ်အခတ် ရပ်စဲရေး ခွဲလို့မရဘူး'' ဟု အပစ်ရပ်ရေးအပေါ် တိုင်းရင်းသားများ၏ ဘုံသဘောထားကို ဦးဆောင် ရေးဆွဲခဲ့သော ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။
''လက်ရှိအခြေအနေအရ အပစ်ရပ်နဲ့ နိုင်ငံရေး ဘယ်ဟာကို ဦးစားပေး ဆွေးနွေးနေသလဲ။ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒီချဉ်းကပ်မှု ထဲမှာတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို အာမခံချက် မရှိဘဲနဲ့လည်း ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်ဘူး။ အဲဒါဒွန်တွဲနေတယ်။ ဆက်စပ်မှု ရှိနေတယ်။ ဒါပေမဲ့ ပထမကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးပဲ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးရာတွင် မပါမဖြစ် ပါရမည့်အချက်မှာ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးပင် ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။
''မပါမဖြစ် ပါရမယ့် အချက်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး နှစ်ပေါင်း ၆၀ ကြွေးကြော်လာတဲ့ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနဲ့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ ပြန်လည် ထူထောင်ရမယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်အားလုံးကို ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ပြည်နယ်တွေ ဖွဲ့စည်းပြီးတော့ ပြည်ထောင်စု ပြန်လည်တည်ထောင် သင့်တယ်ဆိုတာပါပဲ ဖြစ်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။
လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထားကို ဆုံးဖြတ်ချက် ချမည်ဖြစ်ပြီး ထိုသဘောထားကို လက်ခံခြင်း၊ လက်မခံခြင်းမှာ အစိုးရနှင့် သက်ဆိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။
''မြစ်ကြီးနားမှာ အစိုးရကို ရှင်းပြသွားမှာပါ။ ဆွေးနွေးလို့တော့ မရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြောတဲ့ဟာတွေများတော့ သူကလည်း ချက်ချင်းရတယ်၊ မရဘူး တုံ့ပြန်နိုင်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒါတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ရထားတယ်ဗျာဆိုပြီး ရှင်းပြရုံပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ယခုထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရက လက်ခံမည်ဆိုပါက နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ဖြစ်လာရန် ရှိ၊ မရှိ ဆိုသည်မှာလည်း အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
''အစိုးရပေါ် မူတည်တယ်။ ကျွန်တော်တို့ ပေးလိုက်တဲ့ဟာကို အားလုံးကောင်းတယ်၊ လက်ခံတယ်၊ သမ္မတကြီးလည်း လက်မှတ်ထိုးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ ပြဿနာ မရှိဘူးလေ။ ကျွန်တော်တို့ လိုချင်တာ ရေးထားပြီးပြီကိုး။ ပြဿနာက အစိုးရဘက်မှာ ရှိတာပေါ့။ ဒါတို့လည်း တူတယ်ကွာ၊ ဒါမှမဟုတ် လိုတိုး ပိုလျှော့ လုပ်မယ်ဆိုရင်လည်း ဒါသူတို့အပေါ် မူတည်တာပေါ့။ ကျွန်တော်တို့ကတော့ ပစ္စည်း ရောင်းသလိုပေါ့။ ဈေးကို ပြောလိုက်ပြီလေ။ သူတို့ဝယ်နိုင်ရင်ဝယ်။ ၀ယ်နိုင်ရင် အရောင်းအ၀ယ်ဖြစ်ရင် လက်မှတ်ထိုးပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(WGEC) အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သော သမ္မတမိန့်ခွန်းတွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အကောင်းဘက်မှ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခြင်းကို ၀မ်းသာကြောင်း ပြောကြားသည်။
''ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ သူမျှော်လင့်တဲ့အတိုင်း ပြည် သူလူထုအားလုံး မျှော်လင့်တဲ့အတိုင်း ကျွန်တော်တို့ အကောင်းဆုံးရလဒ်ကို ဒီကနေ ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။
သို့သော် ယခုဆွေးနွေးပွဲအပြီး မြစ်ကြီးနားတွင် ပြုလုပ်ရန်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးတက်မည်၊ မတက်မည် ဆိုသည်ကို ဆက်လက် ဆွေးနွေးနေကြောင်း နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
''မြစ်ကြီးနားကို အားလုံးတက်ဖို့ကတော့ အားလုံးသွားပြီး တက်မလား။ စုပေါင်းပြီးတော့ တချို့တစ်ဝက် တက်မလား။ အရေးကြီးတဲ့ ခေါင်းဆောင်လောက်ပဲ တက်မလားဆိုတာ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
Eleven Media Group