မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုသစ် GSM နှင့် WCDMA ဖုန်းများအားလုံး အသုံးပြုနိုင်မည်

ပို့စ်တင်ချိန် - 11/02/2013 02:06:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်သည့် ဝန်ဆောင်မှု အသစ်လေးမျိုးကို CDMA ဖုန်းများမှအပ GSM နှင့် WCDMA ဖုန်းများအားလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဦးကိုကိုအောင်က ပြောကြားသည်။

အဆိုပါ GSM နှင့် WCDMA ဖုန်းများအတွက် ဝန်ဆောင်မှုအသစ်ကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း CDMA ဖုန်းများတွင် အသုံးပြုနိုင်ရန် ငွေကြေးပိုင်း၊ နည်းပညာပိုင်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“CDMA ဖုန်းတွေကလွဲရင် ဘယ်လောက်တန် ဖုန်းပဲဖြစ်ဖြစ် ဝန်ဆောင်မှု အသစ်ကို အသုံးပြုလို့ ရပါတယ်” ဟု ၎င်းကရှင်းပြသည်။

ဝန်ဆောင်မှုသစ် လေးမျိုးဖြစ်သည့် ဖုန်းပြောစဉ် တခြားဖုန်းတစ်ခု ဝင်လာပါက မိမိကိုယ်စား ပြန်လည် ဖြေကြားပေးခြင်းအတွက် တစ်လ ၅၀၀ ကျပ်၊ မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်းအတွက် တစ်လ ၉၀၀၀ ကျပ်၊ Voice Mail Services အတွက် တစ်လ ၁၀၀၀ ကျပ်နှင့် ဖုန်း စက်ပိတ်ထားစဉ် Miss Call များ လက်ခံပေးခြင်းအတွက် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။
The Voice Weekly