ရန်ကုန်မြို့တွင် ၁၅ ထပ်အမြင့်ရှိ အထပ်မြင့် ကားပါကင် ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်

ပို့စ်တင်ချိန် - 11/23/2013 10:06:00 AM



ရန်ကုန်မြို့တော်တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင် ရန်ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များ ဆောက်လုပ်ရန် ရည်မှန်းထားခဲ့ရာ ပထမဆုံး အနေဖြင့် ၁၅ ထပ် အမြင့်ရှိ အထပ်မြင့် ကားပါကင်အား မြို့လယ်ရှိ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အထပ်မြင့် ကားပါကင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀x ပေ ၅၀ ရှိ မြေကွက်တွင် ဆောက်လုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည် ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော် ရပ်နားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ပြီး ယင်းသို့ အထပ်မြင့် ကားပါကင် ဆောက်လုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ လေလာရေးအဖွဲ့များ စေလွှတ်သွားရန် ရှိကြောင်းလည်း သိရသည်။ အထပ်မြင့် ကားပါကင်များကို မည်သည့် ပုံစံဖြင့် ဆောက်လုပ်မည်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူမည် ဆောက်လုပ်မည် (သို့မဟုတ်) လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောက်လုပ်စေမည် စသည်တို့မှာမူ အသေးစိတ် မသိရသေးပေ။

''ဆိပ်ကမ်းသာလမ်းမှာက ပထမဆုံး အထပ်မြင့် ကားပါကင်လုပ်ဖို့ စီစဉ်နေတာပါ။ ဘာပဲပြောပြော စည်ပင်သာယာပိုင်မြေကွက် အနေအထားပေါ်မှာ မူတည်ပြီး နောက်ပိုင်းဆက်လုပ်ဖို့ စီစဉ်သွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာခြင်းနှင့်အတူ ယာဉ်ရပ်နားနိုင်သည့် နေရာမရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊ ထိုသို့ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြောကြားထားသည်။

''ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမျိုးမျိုး ဖြေရှင်းနေပေမယ့် ထိရောက်မှုရှိတာကို မတွေ့ရသေးဘူး။ အခုယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်တော့ ကားတွေက လမ်းမပေါ် မရပ်ရတော့ လမ်းသွယ်တွေ ထဲမှာရပ်ပြီး ကားတွေပိတ်နေတယ်။ အထပ်မြင့် ကားပါကင်တွေ လုပ်မယ်ဆိုလည်း နေရာကျယ်ကျယ် ၀န်းဝန်းယူပြီး ထိရောက်စွာ လုပ်သင့်တယ်'' ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

(ရန်ကုန်မြို့အတွင်း ရပ်နားထားသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်))
Eleven Media Group