လန်ဒန်က ထိန်းချုပ်ခံ အမျိုးသမီး ၃ ဦးကို ကယ်ခဲ့

ပို့စ်တင်ချိန် - 11/22/2013 10:22:00 AM


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တောင်ပိုင်းက အိမ်တအိမ်မှာ နှစ်ပေါင်း ၃၀ နီးပါး ကျေးကျွန်သဘွယ် ထိန်းချုပ် ခံနေခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၃ ဦးကို ရဲတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒီလို သူတို့ကို ထိန်းချုပ်ထားခဲ့တာနဲ့ ပတ်သက်ပြီး အသက် ၆၇ နှစ် အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို ရဲ့တွေက ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

သူတို့ဟာ ဗြိတိသျှလူမျိုးမဟုတ်ဘူးလို့ ရဲကပြောပါတယ်။

အိမ်မှာ ထိန်းသိမ်းခံနေရတဲ့ အဲဒီအမျိုးသမီးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ကယ်ဆယ်ခဲ့တာပါ။

သူတို့ကတော့ အသက် ၆၉ နှစ်အရွယ် မလေးရှားအမျိုးသမီးတဦး၊ အသက် ၅၇ နှစ်အရွယ် အိုင်ရစ်ခ်ျ အမျိုးသမီးတဦးနဲ့ အသက် ၃၀ အရွယ် ဗြိတိသျှ အမျိုးသမီးတို့ ဖြစ်ကြပြီး၊ သူတို့ ၃ဦးစလုံး စိတ်ဒဏ်ရာ တွေ ရနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ ၃ဦး တဦးနဲ့တဦး ဆွေမျိုးတော်စပ်မှုမရှိ ကြဘူးလို့ ရဲတွေက ပြောခဲ့သလို ဖမ်းဆီထားသူ ၂ ဦးနဲ့ လည်း သွေးသားတော်စပ် ပုံ မရှိဘူးလို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် အမျိုးသမီးဟာ သူ့ဘ၀တလျှောက်လုံး အဲဒီအိမ်ထဲမှာ ကြီးပြင်းလာခဲ့ရပြီး အဲဒီအိမ်မှာ မွေးဖွားခဲ့ဟုတ်မဟုတ် သိရအောင် ရဲတွေက စုံစမ်းနေပါတယ်။

သူတို့အားလုံးကို အိမ်ထဲမှာ တချိန်လုံးနီးပါး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပေမယ့် အိမ်ထဲမှာ လွတ်လပ်ခွင့် တခိျု့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခံရတဲ့ အထောက်အထားမတွေ့ရဘူးလို့ ရဲ့က ပြောပါတယ်။

ဒီအမျိုးသမီးတွေဟာ ပထမဆုံး Freedom Charity ဆိုတဲ့ ပရဟိတအဖွဲ့ကို ဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။

ရုပ်မြင်သံကြား မှတ်တမ်းတင် အစီအစဉ်တခုမှာ မိမိသဘောမပါဘဲ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရတဲ့ အမျိုးသမီးတွေကို အဲဒီပရဟိတအဖွဲ့က ကူညီပေးတာကို တွေ့မြင်ခဲ့ရလို့ အိုင်းရစ်ခ်ျ အမျိုးသမီးက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာက ရဲတွေက အခုလို ကယ်တင်နိုင်ခဲ့တာပါ။

Freedom Charity အဖွဲ့က အဲဒီအမျိုးသမီးတွေကို လှိျု့ဝှက်ပြန်ဆက်သွယ်ခဲ့ပြီး အန္တာရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာနိုင်အောင် ကြိုစီစဉ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ဗြိတိန်နိုင်ငံမှာ ခေတ်သစ် ကျေးကျွန်ပြုမှုရှိနေတယ်ဆိုတာ ဒီဖြစ်ရပ်ဟာ ပြနေပြီး ဒါမျိုးကို နိဂုံးချုပ်အောင် လုပ်ရမယ်လို့ ခေတ်သစ် ကျေးကျွန်ပြုမှု ဆိုင်ရာ ဥပဒေကြမ်း သုံးသပ်ရေးကော်မီတီဥက္ကဌ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဒုဥက္ကဌ လွှတ်တော်အမတ် Frank Field က ပြောပါတယ်။

လန်ဒန်လို မြို့ကြီးက လူစည်ကားရာ ရပ်ကွက် ထဲက သာမန်အိမ်တအိမ်မှာ အခုလို အမျိုးသမီး ၃ ဦး အနှစ် ၃၀ လောက် ဘယ်လို လုပ် ထိန်းသိမ်းခံနေခဲ့ရသလဲဆိုတာ ကြားရသူတိုင်း အံသြတုန်လှုပ်ခဲ့ကြပါတယ်။

သူတို့ ဘာကြောင့် အရင်က ထွက်ပြေးဖို့ မကြိုးစားခဲ့တာလဲ၊ အိမ်နီးချင်းတွေ ရဲတွေ လူမှုဝန်ထမ်းတွေကကော မသင်္ကာ မဖြစ်ခဲ့ကြဘူးလား၊ မေးစရာမေးခွန်းတွေကလဲ အများကြီးရှိနေပါတယ်။

အခုတော့ ဒီအမျိုးသမီးတွေဟာ အန္တာရာယ်ကင်းတဲ့နေရာမှာ နေကြပါပြီ။

ရဲ့နဲ့ Freedom Charity အဖွဲ့က သူတို့ကို ဘယ်လို ဘယ်ပုံ အိမ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကို စုံစမ်းနေကြဆဲ ဖြစ်ပါတယ်။

BBC Burmese