လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားသုံး ဖြိုခွင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူ ခြောက်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လချမှတ်

ပို့စ်တင်ချိန် - 11/22/2013 12:00:00 PM


လက်ပံတောင်းတောင် သပိတ်စခန်း ဖွင့်လှစ်မှုအား အင်အားသုံး ဖြိုခွင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ခြောက်ဦးကို ပုဒ်မ ၁၈ ဖြင့် ငွေဒဏ်မပါဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လစီ နိုဝင်ဘာ ၂၁ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောင်ဒဏ်ချမှတ် ခံရသူများမှာ မသန္တာ၊ စိုးမိုးထွန်း၊ မိုးသွေး၊ ဒီငြိမ်းလင်း၊ မြင့်ကျော်ဦး၊ အောင်မျိုးဦး တို့ဖြစ်ပြီး အဆိုပါအမိန့်ကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်နွဲ့နွဲ့ရီက ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လက်ပံတောင်းတောင်အရေး လှုပ်ရှားဆောင်ရွက်တဲ့သူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို အလုပ်ကြမ်း ထောင်ဒဏ်ချမှတ်တယ် ဆိုတာ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပုဒ်မ ၁၈ မှာ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံးလဲ ချမှတ်ပိုင်ခွင့် ရှိပါတယ်။ ဒီလိုနိုင်ငံရေး ဆောင်ရွက်နေတဲ့ လူငယ်တွေကို ထောင်ဒဏ်ချမှတ် တယ်ဆိုတာ နိုင်ငံရေး လှုပ်ရှားနေသူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်သလိုပါပဲ'' ဟု ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက နိုဝင်ဘာ ၂၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ယင်းသို့ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ချမှတ် ခံရသူများမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နှင့် ဒီဇင်ဘာ ၂ ရက်တို့တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်အတူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒပြမှုနှင့် လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောင်ဒဏ်ချမှတ် ခံရမှုနှင့် ပတ်သက်၍ ကိုမိုးသွေး၏ ညီဖြစ်သူ ကိုကြည်ဇင်သာက ''လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွင်းတဲ့ ကိစ္စကိုတော့ အစိုးဘက်က ဘာမှအရေးယူခဲ့ခြင်း မရှိဘဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူကို ထောင်ဒဏ်ချမှတ် ခံရတာ လုံးဝတရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်'' ဟု ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက် (ယနေ့) တွင်လည်း စမ်းချောင်းမြို့နယ် တရားရုံးနှင့် အလုံမြို့နယ် တရားရုံးတို့က ယခု ထောင်ဒဏ် ချမှတ်ခံထားရသည့် ကိုမိုးသွေးအပါ ခြောက်ဦးကို အဆိုပါ ဆန္ဒပြသည့် ကိစ္စနှင့်ပင် ပုဒ်မ ၁၈ ဖြင့် အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group